CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၂

ရော်နယ်ဒိုကတော့ ပေါ်တူဂီ လက်ရွေးစင်အသင်းကို နေရာမှန်ရောက်ဖို့အတွက် တိုက်ပွဲဝင်ရမယ်လို့ အရေးကြီးတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်ခင် အသင်းဖော်တွေကို ပြောလိုက်ပါတယ်။

ကာတာမှာ ကျင်းပမယ့် ကမ္ဘ့ာဖလားပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲ ပလေးအောဖ့် အဆင့် ခြေစစ်ပွဲအဖြစ် တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဖီဖာရဲ့ စံချိန်တင် ဂိုးသွင်းရှင် ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲကို လက်ရွေးစင် အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်တော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ လည်း ဖြစ်နိုင်တာပါ။

ရော်နယ်ဒိုက “၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရုံအပြည့် စိုက်ရမှာပါ။ ပေါ်တူဂီကို ကိုယ်စားပြုခွင့် ရတဲ့အတွက် အမြဲ တမ်း ဂုဏ်ယူမိပါတယ်။ ဒီလမ်းကြောင်းက လွယ်မှာ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သိပါတယ်။ ကျနော်တို့နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကို လေးစားမှု ရှိပါတယ်။ သူတို့ကလည်း ကျနော်တို့နဲ့အတူ တူညီတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မျှဝေ နေကြတာပါ။ ဒါပေမယ့် ပေါ်တူဂီကို နေရာမှန်ထားနိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်ရမယ်”လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသား ထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်(Twitter)

ဒါပေမယ့် ပေါ်တူဂီ အသင်းရဲ့ အဓိက ကစားသမားတချို့ဟာ ဒီပွဲတွေကို ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ကန်ဆယ်လိုနဲ့ ရီနာတိုဆန်းချက်စ်တို့ဟာ ပွဲပယ်ကြောင့် ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ရူဘင်ဒီယတ်စ်၊ ဆီမီဒိုနဲ့ ရူဘင်နာဗတ်စ်တို့ကတော့ ဒဏ်ရာတွေကြောင့် ပါဝင်နိုင်မှာ မဟုတ်တော့တာပါ။ ဒါ့အပြင် ပေါ်တူဂီ အသင်းအတွက် နောက်ထပ် သတင်းဆိုးကတော့ ဝါရင့်နောက်ခံလူ ပီပီဟာ ကိုဗစ်ကူးစက်နေတာကြောင့် ဒီပွဲကို လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းဟာ တူရကီအသင်းကို အနိုင်ရပြီး ပလေးအော့ဗ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့မယ်ဆိုရင် အီတလီနဲ့ မြောက်မက် ဆီဒိုးနီးယား တို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲ့ဒါကြောင့် နာမည်ကြီး (၂)သင်းထဲက (၁)သင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခွင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ပလေးအောဖ့် အကြိုဗိုလ်လုပွဲတွေကို မတ်လ ၂၅ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Mirror