
- By CNI
- Category: အားကစား
- Hits: 1091
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂
ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ သူတို့အနေနဲ့ သရေ ၁ မှတ်ထက်ပိုရရင် မျှတမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဂရေဟမ်ပေါ်တာက “ကျနော်တို့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းက ၃ မှတ်ရယူဖို့ မလုံလောက်ခဲ့ပါဘူး။ ပထမ ပိုင်းမှာ ပွဲကိုထိန်းချုပ် နိုင်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ ဒုတိယပိုင်း မှာ ကျနော်တို့ လုံးဝကို မထိန်းချုပ်နိုင်တော့သလို ဖောရက်စ်ကလည်း ပွဲကောင်းတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် အလွန်စိတ်ပျက်မိပြီး ၃ မှတ် ရယူခဲ့မယ်ဆိုရင် မျှတမှာ မဟုတ် ဘူး”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီး အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ စတာလင်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အော်ရီယာက နော်တင်ဟမ်ဖောရက်စ်အတွက် ချေပဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ဘောလုံး ပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးပေါက် ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုအပိုင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းက အသာရခဲ့တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းကိုတွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ဒီရလဒ်ကြောင့် အဆင့် ၄ နေရာက ယူနိုက်တက်အသင်းနဲ့ ၇ မှတ် ကွာဟနေပြီး အဆင့် ၈ နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာက အသင်းဟာ ရမှတ်တွေ ဆုံးရှုံးတာများနေလို့ ရာသီကြို ပစ်မှတ်တွေနဲ့ ဝေးကွာနေပြီလို့ ဝန်ခံခဲ့တာပါ။
အက်စ်ပီလီကွီတာက “ရမှတ်တိုင်းက အရေးကြီးပြီး ဒီပွဲမှာ ၂ မှတ် ဆုံးရှုံးခဲ့ပါတယ်။ ရာသီ အစကတည်းက ကျနော် တို့ဟာ အမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ပြီး အခု ကျနော်တို့ ရောက်ချင်နေတဲ့ နေရာနဲ့ တကယ်ကို ဝေးကွာနေပါပြီ။ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရချင်တယ်ဆိုရင် ဒုတိယရာသီဝက်မှာ အလွန်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်မှာ တိုးတက်မှုရဖို့အတွက် လူတိုင်းက ကြိုးစားအားထုတ်ဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီ ၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail/ Goal

- By CNI
- Category: အားကစား
- Hits: 1131
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂
အက်စတွန်ဗီလာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် စပါးအသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ပြီး ရာသီအဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြဖြစ်သူ ကွန်တီက ပြောလိုက်ပါတယ်။
ကွန်တီက “ကျနော်တို့ဆီမှာ ဖန်တီးမှုတွေ ပြုလုပ်နိုင်တဲ့ ကစားသမားတွေ အများကြီး မရှိပါဘူး။ ဒီပွဲရဲ့ ပထမပိုင်း မှာဆိုရင် ကျနော်တို့ဟာ နေရာလွတ်တွေကို ရှာမဖွေနိုင်ခဲ့ပါဘူး။ ဂိုးသာ မပေးလိုက်ရဘူးဆိုရင် ကျနော်တို့ အနိုင် ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျနော်တို့ ပေးလိုက်ရတဲ့ ဂိုးတွေက ယုံကြည်မှုတွေနဲ့ အခြေအနေ အများ အပြားကို သေဆုံးသွားစေခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
စပါးအသင်းဟာ ဒီပွဲ အပါအဝင် ကမ္ဘာ့ဖလားအပြီး ပြန်ကစားခဲ့တဲ့ ၂ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေပြီး ၇ ပွဲဆက်တိုက် ၂ ဂိုး ဒါမှမဟုတ် ၂ ဂိုးနဲ့အထက် သွင်းဂိုးတွေကို ခွင့်ပြုနေရတာ ဖြစ်ပါတယ်။ စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ယူနိုက် တက်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့တာပါ။
နည်းပြကွန်တီကိုတွေ့ရစဉ်
ဒါ့အပြင် လန်ဒန်ကလပ်ဟာ အဆင့် ၆ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ၂ မှတ်သာ ကွာဟ နေတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
ကွန်တီက “လိဂ်ပြိုင်ပွဲက ကျနော်တို့အတွက် အလွန်ခက်ခဲပါလိမ့်မယ်။ ကျနော်ဟာ ရိုးသားချင်သလို ရှင်းရှင်း လင်းလင်းလည်း ဖြစ်ချင်ပါတယ်။ ကလပ်ကိုလည်း ပြောခဲ့ပြီးဖြစ်သလို ကျနော့်ရဲ့ အမြင်ကိုလည်း ပြောခဲ့ပါတယ်။ ပရိသတ်တွေက အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့ ထိုက်တန်ပေမယ့် အဆင့် ၅ မှာပဲ ဆက်နေတာက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ အဆင့် ၆ ၊ ၇ ၊ ၅ ဒါမှမဟုတ် ၄ ကလည်း အကောင်းဆုံး ဖြစ်နိုင်တယ်”လို့ ပြောခဲ့တာပါ။
ဒီရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ယှဉ်ပြိုင်မှုဟာ ဒီနှစ်အတွင်းမှာ အပြင်းထန်ဆုံး ဖြစ်နိုင်ဖွယ်ရှိနေ ပါတယ်။ နယူးကာဆယ် အသင်းဟာ အကောင်းဆုံး ပုံစံတွေနဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေ တဲ့ လီဗာပူးလ်အသင်းကလည်း လက်ရှိအချိန်မှာ အကောင်းဆုံး ပုံစံတွေ ပြန်လည်ရရှိနေတာပါ။
စပါးအသင်းဟာ ဇန်နဝါရီ ၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး စနေနေ့မှာတော့ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ပို့စ်မောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 592
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ဆန်းတို့စ်အသင်းဟာ အသင်းမှာ ပီလီ ကစားခဲ့ချိန် တလျှောက်လုံး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို အပြီး တိုင် အနားပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဆန်းတို့စ်အသင်းဥက္ကဋ္ဌ ရူအီဒါက “နံပတ် ၁၀ ဂျာစီကို အနားပေးဖို့ ကောင်စီကို အဆိုပြုသွားမှာပါ။ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေအရ ကောင်စီ အစည်းအဝေးနဲ့ အတည်ပြုချက်ကို ရယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့က တော့ ဇန်နဝါရီမှာ ကျောနံပါတ် ၁၀ ကို လုံးဝမဝတ်ဆင်တော့ဖို့ လုပ်ဆောင်နေပြီး ဘုတ်အဖွဲ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ လိုအပ်တော့တာပါ။ ဒါဟာ ကောင်းမွန်တဲ့ ဂုဏ်ပြုမှု တစ်ခုဖြစ်လာမယ်လို့ ထင်ကြောင်း” ပြောခဲ့ တာပါ။
ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဘရာဇီးလ် ဂန္တဝင်ကစားသမား ပီလီဟာ ဆန်းတို့စ်အသင်းမှာ ၁၉၅၆ ကနေ ၁၉၇၄ အထိ ပွဲပေါင်း ၆၅၉ ပွဲ ပါဝင်ကစားပြီး ၆၄၃ ဂိုး သွင်းယူနိုင်ခဲ့ကာ စီးရီးအေဖလား ၅ ကြိမ် အပါအဝင် အောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကျောနံပါတ် ၁၀ ၀တ်ဆင်ပြီး ပီလီ ဘောလုံးကစားခဲ့စဉ်
ဘရာဇီးလ်ကလာတဲ့ သတင်းတွေမှာ ပီလီရဲ့ သမီးတွေဟာ ကျောနံပါတ် ၁၀ ကို အပြီးတိုင် အနားပေးဖို့ ဆန်းတို့စ် အသင်းထံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားတာပါ။
ဆန်းတို့စ်အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်နေတဲ့ ဗင်နီဇွဲလား တိုက်စစ်မှူး ဆိုတယ်လ်ဒိုက “ခင်ဗျားရဲ့ ဂျာစီ ကို ချစ်ခင်လေးစားမှု အပြည့်နဲ့ ဝတ်ဆင်ရတာက တကယ်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီနေ့မှာ ခင်ဗျားက ကျနော်တို့ကို ထားခဲ့ပေမယ့် အမွေအနှစ်တွေနဲ့ အမှတ်တရတွေကတော့ ကျန်ရှိခဲ့ပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ပီလီ”လို့ ရေးသားခဲ့တာပါ။
ဆန်းတို့စ်အသင်းကတော့ ပီလီကွယ်လွန်ပြီးနောက် ဝမ်းနည်းခြင်းကာလကို ၇ ရက်ကြာ ကြေညာခဲ့ပါတယ်။ ပီလီ ဟာ ဘရာဇီးလ်အသင်းအတွက် ၉၂ ပွဲ ကစားပြီး ၇၇ ဂိုး သွင်းယူကာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူနိုင် ခဲ့တာဖြစ်ပြီး အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
Source: Sports Max

- By CNI
- Category: အားကစား
- Hits: 962
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁
အဲဗာတန်အသင်းနည်းပြ လမ်းပတ်က ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့စဉ်အချိန် ဟာလန်းကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးတယ်လို့ ပြောလိုက်ပါတယ်။
လမ်းပတ်က “ဟာလန်းက အံ့သြဖွယ်ကောင်းတဲ့ ကစားသမားဖြစ်ပါတယ်။ ထိပ်တန်းအဆင့် ကစားသမားတွေဟာ ယေဘုယျဆိုရင် ထိပ်တန်းလိဂ်မှာ သူတို့လုပ်ဆောင်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်နိုင်ပါတယ်။ ဆဲလ်ဘတ် မှာ ကစားခဲ့တုန်းက ရာသီကြိုခြေစမ်းပွဲမှာ ပြိုင်ဘက်နည်းပြအဖြစ်နဲ့ သူ့ကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကို ချယ်လ်ဆီး အတွက် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူး အများအပြားကို ခေါ်ယူခဲ့ပေမယ့် သူတို့ဟာ ရုန်းကန်ခဲ့ ရတာကြောင့် ဟာလန်းကို မခေါ်ယူနိုင်ခဲ့တာက အသင်းပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။
ဟာလန်းဟာ နွေရာသီကမှ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပေမယ့် ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အမြန်ဆုံးပြည့်တဲ့ ကစားသမား ဖြစ်လာခဲ့တာပါ။
မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကိုတွေ့ရစဉ်
မန်စီးတီး တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ခြေစွမ်းပြသနေတာဖြစ်ပြီး စံချိန်တွေလည်း အများအပြား ရယူထားတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လမ်းပတ်ကို ထုတ်ပယ်ပြီး နောက်ပိုင်းမှာ လူကာကူ၊ အခု အူဘာမီယန်းတို့ကို အားဖြည့်ခဲ့ ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။
ဒီနောက် ချယ်လ်ဆီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် မှာ ရှုံးပွဲဆက်နေတာကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လမ်းပတ် လက်ရှိ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းကတော့ လက်ရှိအချိန်မှာ ရုန်းကန်နေရပြီး မန်စီးတီးအသင်း နဲ့ ပွဲမကစားခင် အချိန်အထိ ရမှတ် ၁၄ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 809
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က သူတို့အသင်း နိုင်ပွဲရရှိအောင် ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့တဲ့ လက်စတာ နောက်ခံလူ ဝုဒ်ဖေးစ်အတွက် ခံစားရတယ်လို့ ဝန်ခံလိုက်ပါတယ်။
ကလော့ပ်က “ကျနော့်ရဲ့ နည်းပြဘဝမှာ ဒီလိုမျိုးတော့ တစ်ကြိမ် တွေ့ခဲ့ဖူးပါတယ်။ ကျနော်သူ့အတွက် တကယ် ကို ခံစားရတာပါ။ ဘောလုံးမှာ ဒီလိုတွေဖြစ်ဖို့ နေရာလွတ်တွေ ရှိပါတယ်။ သူက ဘယ်လိုလုပ် ပိုပြီး ကံမကောင်း ခဲ့လည်း မသိဘူး။ နောက်ခံလူ တစ်ဦးအနေနဲ့ အရှိန်ပြင်းပြင်းနဲ့ သွားရတဲ့အချိန်မှာ ဘောလုံးက ဂိုးပိုက်ထဲကို ရောက်သွားမယ်လို့တော့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကဖြစ်တက်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ လက်စတာအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄ ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်နဲ့ လီဗာပူးလ်အသင်းသားများကိုတွေ့ရစဉ်
ဒီပွဲမှာ ဘူရီဟောက လက်စတာအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဝုဒ်ဖေးစ်က လီဗာပူးလ်အသင်း နိုင်ပွဲ ရရှိအောင် ချေပဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ ဝုဒ်ဖေးစ်ဟာ ပရီးမီးယားလိဂ် တစ်ပွဲတည်းမှာ ကိုယ့်ဂိုးကိုယ် ၂ ဂိုးသွင်းတဲ့ ၄ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက စပါးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည် နေတာပါ။
ကလော့ပ်က “ရလဒ်ကတော့ ကြီးကြီးမားမား ဖြစ်ပေမယ့် ဒါက ကျနော်တို့ရဲ့ အကောင်းဆုံးပွဲ မဟုတ်ဘူးဆိုတာ အားလုံးက မြင်တွေ့ခဲ့ရပါတယ်။ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေတဲ့ အချိန်မှာ ခက်ခဲခဲ့ပြီး ကျနော်တို့မှာ ပြဿနာတွေ ရှိခဲ့ပါတယ်။ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ၂ ဂိုး ရခဲ့တယ်ဆိုပေမယ့် ဒုတိယဂိုးက ကျနော်တို့ ပြောင်မြောက်စွာ ရရှိခဲ့ပါ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃ ရက်မှာ ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 1034
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ၂၀၂၅ အထိ စာချုပ်ချူပ်ဆိုလိုက်ပြီး ကမ္ဘာ့လုပ်ခ လစာ အများဆုံးရတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ ရရှိမှာ ဖြစ်တဲ့အတွက် ဘောလုံးသမိုင်းမှာ လုပ်ခလစာ အများဆုံးရတဲ့သူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးကတည်းက အယ်လ်နာဆာအသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုအချိန်မှ အပြောင်းအရွှေ့ကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက “မတူညီတဲ့ နိုင်ငံတစ်ခုမှာ ဘောလုံးလိဂ် အသစ်တစ်ခုကို စတင်ခံစားနိုင်ဖို့ စိတ်အားထက်သန် နေပါတယ်။ ဥရောပမှာ အောင်ပွဲခံနိုင်ဖို့ စိတ်ကူးထားတဲ့ အရာအားလုံးကို အောင်နိုင်ခဲ့တာကြောင့် ကျနော် ကံကောင်းခဲ့ပါတယ်။ အာရှမှာ ကျနော့်ရဲ့ အတွေ့အကြုံတွေကို မျှဝေဖို့အတွက် ဒီအချိန်က မှန်ကန်တဲ့အချိန်လို့ ခံစားမိပါတယ်။ အသင်းဖော် အသစ်တွေနဲ့အတူ အသင်းကို အောင်မြင်မှု ရယူနိုင်ဖို့ ကူညီပေးချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆော်ဒီ ပရိုလိဂ် ချန်ပီယံဆုကို ၉ ကြိမ် ရယူထားတဲ့ အယ်လ်နာဆာအသင်းကလည်း ရော်နယ်ဒိုကို ခေါ်ယူမှုဟာ သမိုင်းကို ဖန်တီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်က ရော်နယ်ဒို ကိုတွေ့ရစဉ်
“ကျနော်တို့ နိုင်ငံရဲ့ လိဂ်၊ နိုင်ငံနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို သူတို့ကိုယ်သူတို့ အကောင်းဆုံး ဗားရှင်းဖြစ်ဖို့ အတွက် လှုံ့ဆော်မှုတွေ ပြုလုပ်ပေးနိုင်မှာ ဖြစ်တယ်”လို့ အသင်းရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီကလပ် တစ်သင်းဖြစ်တဲ့ အယ်လ်ဟီလယ်လ်အသင်းက ပေါင် ၃၀၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။
သူဟာ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတာကြောင့် ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းနဲ့ အဆင်မပြေမှုတွေ ရှိလာလို့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာ အသင်းမှာလည်း ကျောနံပတ် ၇ ကိုပဲ ဝတ်ဆင်မယ့် ရော်နယ်ဒိုဟာ အခုရာသီမှာ ယူနိုက်တက် အတွက် ၁၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့်ဟာ ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ် အရွယ်ရှိ ကစားသမားဟာ မူးဝေနေတာကြောင့် ကားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကားဟာ မီးလောင်သွားခဲ့တာလို့ ရဲက ပြောခဲ့ပါတယ်။
အိန္ဒိယကလာတဲ့ သတင်းတွေမှာ ရီရှာပန့်ဟာ ဦးခေါင်း၊ နောက်ကျောနဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ရီရှာပန့်ဟာ မြောက်ပိုင်း အူထရာခန့်ပြည်နယ်ရှိ သူ့ရဲ့ မွေးရပ်ဇာတိ ရော်ကီအနီးရှိ မန်ဂါလာနဲ့ နာဆန်ကြားမှာ ကားတိုက်မှု ဖြစ်ပွားခဲ့တာပါ။
အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့် ကားတိုက်မှုဖြစ်ပွားစဉ်
အိန္ဒိယခရစ်ကတ် ဘုတ်အဖွဲ့ အတွင်းရေးမှူး ဂျေရှာက “ရီရှာဟာ တည်ငြိမ်မှုရှိနေပြီး စကန်စစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။ သူ့မိသားစုတွေနဲ့ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ ကျနော် စကားပြောပြီးပါပြီ။ သူ့ရဲ့တိုးတက်မှုကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်နေတဲ့ အထောက်အပံ့တွေ အားလုံးကို ပေးသွားမှာပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒေလီကတ်ပီတယ်လ် နည်းပြချုပ်နဲ့ သြစတြေးလျအသင်း ခေါင်းဆောင်ဟောင်း ရစ်ကီက ရီရှာပန့် အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆန္ဒပြုကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ရီရှာပန့်ဟာ ဒီဇင်ဘာလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိန္ဒိယအသင်းအတွက် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရီရှာပန့်ဟာ ဇန်နဝါရီ ၃ ရက် သီရိလင်္ကာနဲ့ မွမ်ဘိုင်းမှာ စတင်ကစားမယ့် ပွဲစဉ်အတွက် အိန္ဒိယ အသင်း လူစာရင်းမှာ မပါဝင်ဘူးလို့ ဘီဘီစီသတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 1035
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
မလေးရှားကလပ် ပီနန်အသင်းဟာ မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်း ဇော်မင်းထွန်းကို ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
ဇော်မင်းထွန်းဟာ မကြာသေးခင်ကမှ ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် မလေးရှားကလပ်ထံ ပြောင်းရွှေ့လာခဲ့တာပါ။ထိုင်းကလပ် ချောင်ဘူရီဟာ ဇော်မင်းထွန်းကို ရွေးချယ်ခွင့် ၃ ခု ဖြစ်တဲ့ ထိုင်းလိဂ် ၂ အသင်းထံ အငှားသွားကစားဖို့၊ ချောင်ဘူရီမှာဆက်နေပြီး ပွဲထွက်ခွင့်မသေချာနဲ့ စာချုပ်ဖျက်ဖို့ ရွေးချယ်ခိုင်းခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ဇော်မင်းထွန်းရဲ့ အေးဂျင့်ဖြစ်သူက ကစားသမားကို အသင်းနဲ့ စာချုပ် ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ရယူခဲ့တာပါ။
ဇော်မင်းထွန်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးကတည်းက ထိုင်း ကလပ်တွေဖြစ်တဲ့ ချောင်ဘူရီ၊ ဆူခိုထိုင်း၊ ထရက်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် ရန်ကုန် ယူနိုက်တက်ကစားသမားဟောင်းဟာ မလေးရှားကလပ် ပီနန်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လာမယ့် ရာသီသစ်အတွက် ပြင်ဆင်ရတော့မှာပါ။ပီနန်အသင်းဟာ ဇော်မင်းထွန်း ပထမဆုံးကစားမယ့် မလေးရှား ကလပ် လည်း ဖြစ်ပါတယ်။
ပီနန်အသင်းက “မန္တလေးမှာ မွေးဖွားခဲ့တဲ့ ဇော်မင်းထွန်းဟာ အသင်းမိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပါပြီ။ ကြိုဆိုပါတယ် ဇော်မင်းထွန်းရေ” လို့ အသင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။
ပီနန်အသင်းဟာ ပြီးခဲ့တဲ့ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲမှာ ၂၂ ပွဲကစားပြီး နိုင်ပွဲ ၂ ပွဲ၊ သရေ ၅ ပွဲနဲ့ ရှုံးပွဲက ၁၅ ပွဲ အထိ ရှိကာ အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့တာပါ။ပီနန်အသင်းဟာ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲဖြစ်တဲ့ မလေးရှား စူပါလိဂ်မှာ ချန်ပီယံဆု ၃ ကြိမ်၊ မလေးရှားဆီမီးပရိုဘောလုံးလိဂ်မှာ ချန်ပီယံဆု ၁ ကြိမ်၊ မလေးရှား FAM ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆု ၅ ကြိမ်၊ မလေးရှားဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ်နဲ့ တခြားအောင်မြင်မှုတွေလည်း ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 774
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ဆားဘီးယားတင်းနစ်သမား ဂျိူကိုဗစ်က သြစတြေးလျကနေ ပြည်နှင်ဒဏ် ပေးခံရတာကို ဘယ်တော့မှ မေ့သွား မှာမဟုတ်ဘဲ ဘဝတလျှောက် သူနဲ့အတူ ရှိသွားမှာလို့ ပြောလိုက်ပါတယ်။
ဂျိူကိုဗစ်က “ဒီအဖြစ်အပျက်တွေက မေ့လို့ရမှာ မဟုတ်ပါဘူး။ ဒါက စွဲမြဲနေတဲ့ အရာတစ်ခုဖြစ်ပြီး၊ ကျန်ရှိနေတဲ့ ဘဝတလျှောက်လုံးမှာ အတူရှိနေတော့မယ်လို့ ထင်ပါတယ်။ ဒါဟာ ကျနော်ဘယ်တော့မှ မတွေ့ကြုံခဲ့ဖူးတဲ့ အရာ ဖြစ်ပြီး နောက်လည်း ဘယ်တော့မှ ဒီလို ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါက ကျနော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံဖြစ်ပြီး ဆက်သွားရမှာပါ”လို့ ရေးသားခဲ့တာပါ။
ဂျိူကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်က သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကိုဗစ် ကာကွယ်ဆေး မထိုးတဲ့ အခြေအနေကြောင့် ထိန်းသိမ်းခံခဲ့ရပြီး အိမ်ပြန်စေလွှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆားဘီးယား တင်းနစ်သမားဟာ သြစတြေးလျ ထိန်းသိမ်းရေးစခန်းမှာ ၅ ည နေထိုင်ခဲ့ရတာပါ။ အစတုန်းက သြစတြေးလျဟာ ဂျိုကိုဗစ်ကို ပြိုင်ပွဲဝင်ခွင့် ၃ နှစ် ပိတ်ပင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီပိတ်ပင်မှုကို ပြန်ပယ်ဖျက် ခဲ့တာ ဖြစ်ပါတယ်။
ဂျိူကိုဗစ်ကိုတွေ့ရစဉ်
အဲ့ဒါကြောင့် ၂၀၂၃ မှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဂျိူကိုဗစ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။ ဂျိူကိုဗစ်ဟာ ကစားသမားဘဝမှာ သြစတြေးလျ အိုးပန်းချန်ပီယံဆုကို ၉ ကြိမ် ရယူထားတာကြောင့် ၁၀ ကြိမ် မြောက် ရယူနိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။
ဂျိူကိုဗစ်က “သြစတြေးလျကို ပြန်လာပြီး ကစားခွင့်ရဖို့အတွက် ခွင့်ပြုချက် ရယူနိုင်ဖို့ ကျနော်တကယ်ကို မျှော်လင့်ခဲ့တာပါ။ ဒီနိုင်ငံဟာ ကျနော့်ရဲ့ ကစားသမားဘဝမှာ ထူးထူးခြားခြား အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ နေရာမို့လို့ပါပဲ”လို့ ပြောခဲ့တာပါ။
ဂျိူကိုဗစ်ဟာ သြစတြေးလျ အိုးပန်းပြိုင်ပွဲ မစခင်ကျင်းပမယ့် အဒီလိတ် နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး သြစတြေးလျ အိုးပန်းပြိုင်ပွဲကတော့ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
သြစတြေးလျအိုးပန်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ရာဖေးလ်နာဒယ်လ်ဖြစ်ပြီး ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 896
CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ဂန္ထဝင် ပီလီဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီးဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်ရှိပြီ ဖြစ်ပါတယ်။
ပီလီဟာ မကြာသေးခင်နှစ်တွေမှာ ကျောက်ကပ်နဲ့ ဆီးကျိတ်ဝေဒနာကို ခံစားခဲ့ရပြီး နိုဝင်ဘာလ နှောင်းပိုင်း ကတည်းက ဆော်ပေါ်လိုရှိ အယ်လ်ဘတ်အိုင်းစတိုင်းဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာပါ။ ပီလီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ်ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး သူကွယ်လွန်သွားခဲ့တဲ့အပေါ် ကမ္ဘာကျော်ဘောလုံးသမားအများအပြားက ဝမ်းနည်းကြောင်း ရေးသားခဲ့ကြတာဖြစ်ပါတယ်။
ဘရာဇီးလ်ဂန္ထဝင်ရော်နယ်ဒိုက “တကယ်ကို ပြီးပြည့်စုံတဲ့ အနှိုင်းမဲ့ပါပဲ။သူဟာ ထိပ်ဆုံးနေရာကနေ ဘယ်တော့မှ မထွက်ခွာခဲ့ပေမယ့် ဒီနေ့မှာတော့ ကျနော်တို့ကို ထားသွားခဲ့ပါတယ်။ဘောလုံးလောကရဲ့ ဘုရင်၊ အချိန်တိုင်းရဲ့ အကောင်းဆုံးကစားသမားပါ။သူ့ရဲ့အမွေအနှစ်တွေက မျိုးဆက်တွေကို ကျော်လွန်သွားခဲ့ပါတယ်။ဒီနေ့ရော အမြဲတမ်းပါ ခင်ဗျားကို ဂုဏ်ပြုနေမှာပါ။ကျေးဇူးတင်ပါတယ် ပီလီ၊ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေ” လို့ ရေးသား ခဲ့တာပါ။
ဘရာဇီးလ်ကြယ်ပွင့် နေမာကလည်း “ပီလီမတိုင်ခင် ၁၀ ဆိုတာက နံပတ်တစ်ခုအနေနဲ့ပဲ ရှိတာပါ။ဒါကို ကျနော် ဖတ်ခဲ့ဖူးတာဖြစ်ပြီး စာကြောင်းက လှပေမယ့် မပြီးပြည့်စုံပါဘူး။ကျနော်ပြောချင်တာက ပီလီမတိုင်ခင်မှာ ဘောလုံးဆိုတာ အားကစားတစ်ခုအနေနဲပဲ ရှိခဲ့တာပါ။ပီလီဟာ အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘောလုံး ကို အနုပညာအဖြစ်ရော၊ ဖျော်ဖြေရေးအဖြစ်ပါ ပြောင်းခဲ့တာပါ။သူဟာ ဆင်းရဲတဲ့သူတွေ၊လူမည်းတွေ၊ အများစု ကတော့ ဘရာဇီးလ်ကို မြင်နိုင်စွမ်းရှိအောင် လုပ်ပေးခဲ့ပါတယ်။သူသွားပြီဆိုပေမယ့် သူ့ရဲ့ မှော်ပညာတွေကတော့ ကျန်နေပါသေးတယ်”လို့ ရေးခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ “ဘရာဇီးလ်နိုင်ငံသားတွေအားလုံးနဲ့ ပီလီရဲ့ မိသားစုတွေကို အလေးအနက်ဝမ်းနည်းကြောင်းပြောချင်ပါတယ်။ထာဝရဘုရင်ကို နှုတ်ဆက်ခြင်းသာဖြစ်ပြီး နာကျင်မှုကို ဖော်ပြဖို့ လုံလောက်မှာမဟုတ်ပါဘူး။ကျနော့်အပေါ် သူပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ အပြန်အလှန်သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။သူဟာ ဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။သူ့ရဲ့အမှတ်တရတွေဟာ ဘောလုံးချစ်တဲ့သူ တိုင်းအတွက် ထာဝရရှင်သန်နေမှာပါ” လို့ ရေးခဲ့တာ ဖြစ်ပါတယ်။
မက်ဆီကတော့ “ငြိမ်းချမ်းစွာအနားယူပါလို့” ရေးသားခဲ့ပြီး ဘတ်ပီက “ဘောလုံးဘုရင်က ကျနော်တို့ကို ထားခဲ့ ပေမယ့် သူ့ရဲ့အမွေအနှစ်ကတော့ ဘယ်တော့မှမေ့ပျောက်သွားမှာ မဟုတ်ပါဘူး။ငြိမ်းချမ်းစွာအနားယူပါ ဘုရင်” လို့ ရေးခဲ့တာပါ။
ပီလီဟာ ဘရာဇီးလ်အတွက် ၉၂ ပွဲကစားပြီး ၇၇ ဂိုးသွင်းယူကာ ၂၁ နှစ်ကြာ ကစားသမားဘဝမှာ စံချိန်တင်ဂိုး ပေါင်း ၁၂၈၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ပီလီဟာ ၂၀၀၀ ခုနှစ်က ဖီဖာရဲ့ရာစုနှစ်အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
Source:Eurosport,DailyMail