CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကစားသမားတွေအနေနဲ့ တစ်သက်မှာတစ်ကြိမ်သာရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဒီပြိုင်ပွဲက ကလပ်အတွက် အရေးကြီးတယ်ဆိုတာ ကစားသမားတွေသိပါတယ်။ ဗိုလ်လုပွဲကို ရောက်ရှိဖို့ဆိုရင် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ မယုံနိုင်စရာကောင်းတဲ့ အရာတွေကိုပြုလုပ်ရပါမယ်။ ဒီ ဆုဖလားက တစ်သက်မှာတစ်ကြိမ်သာ ကစားခွင့်ရတဲ့ အခွင့်အရေးပါ။ ဒီမှာရှိနေတာကိုက ကျနော်တို့အတွက် မယုံနိုင်စရာဖြစ်ပြီး နောက်တစ်ကြိမ်ပြန်မလာနိုင်ဘူးဆိုတာသိတဲ့အတွက် ဒီဆုဖလားကို အရယူသွားမယ်”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အူရာဝါရက်ဒ်အသင်းနဲ့ ကစားခဲ့တာမှာ ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲအဖြစ် တောင်အမေရိကချန်ပီယံ ဖလူမီနက်စ်အသင်းနဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးအသင်းဟာ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်တဲ့ စတုတ္ထမြောက် အင်္ဂလိပ်ကလပ်အသင်းဖြစ်လာဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာလန်းတို့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးဆိုတာ ဖီဖာထံ အသိပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ သူတို့နှစ်ဦးစလုံးဟာ မန်စီးတီးအသင်းနဲ့ ဆော်ဒီကို လိုက်ပါလာခဲ့ပြီး တံကောက်ကြောဒဏ်ရာကြောင့် ၃ လကြာအနားယူခဲ့ရတဲ့ ဒီဘရိုင်းဟာ အသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာလန်းကတော့ ခြေထောက် ဒဏ်ရာကြောင့် လေ့ကျင့်မှုပြုလုပ်နိုင်ခြင်းမရှိသေးပါဘူး။

ဂွာဒီယိုလာက “ဒီဘရိုင်းဟာ ကျနော်တို့နဲ့ လေ့ကျင့်မှုတွေစတင်ခဲ့ပြီး ၃ လကြာအနားယူအပြီးမှာ သူဟာ ပိုမို ကောင်းမွန်လာပါပြီ။ ဟာလန်းကတော့ လေ့ကျင့်နိုင်ခြင်းမရှိသေးပါဘူး။ ကျနော်တို့ဟာ ဖလူမီနက်စ်အသင်းနဲ့ ဗိုလ်လုပွဲမှာ ပိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဟာလန်းနဲ့ ဒီဘရိုင်းတို့ဟာ ဒီဇင်ဘာ ၂၇ ရက်မှာကစားမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

Source:ESPN