- By CNI
- Category: ရာသီဉတု
- Hits: 151
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၉
ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လေထုအတွင်းရှိ PM2.5 ညစ်ညမ်းပစ္စည်းများကို ပြီးခဲ့သည့် နှစ်ကထက် ပိုမို နည်းပါးစေရန် လုပ်ဆောင်ရေးအတွက် ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လေထုအတွင်းရှိ PM2.5 ညစ်ညမ်း ပစ္စည်းများဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ သွေးကြောများထဲအထိ ဝင်ရောက်နိုင် သည့် အမှုန်အမွှားများဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ပေတုန်တန်သည် ဇန်နဝါရီ ၇ ရက်က အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် အစိုးရအိမ်တော်၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့အနေဖြင့် PM2.5 အမှုန်အမွှားများ ပြဿနာကို အာရုံစိုက် ဖြေရှင်းနေကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများအရ ထိုင်းနိုင်ငံ၏ ပြည်နယ်အချို့တွင် အမှုအမွှားများ ထူထပ်သိပ်သည်းမှု မြင့်တက်နေသည်ကို မြင်တွေ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် စိုက်ခင်းများ မီးရှို့ရှင်းလင်းသည့် ကြံစိုက်တောင်သူများ အနေဖြင့် လေထု သန့်စင်ရေး စီမံချက်များတွင် ပူးပေါင်းပါဝင်ကြရန်လည်း ပေတုန်တန်က တိုက်တွန်းခဲ့သည်။
ဘန်ကောက်စ်မြို့ လေထုအခြေအနေကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က လေထုညစ်ညမ်းမှု၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ခင်းများ မီးရှို့ရှင်းလင်းမှုမှ ထွက်လာသည့် မီးခိုး များကြောင့်ဖြစ်သည်။
ယခုနှစ်တွင်မူ စိုက်ခင်းမီးရှို့မှုများကို လျှော့ချနေသည့် စိုက်ပျိုးရေးဝန်ကြီးဌာနက ဦးဆောင်သော အစီအစဉ်များ တွင် တောင်သူများက ပူးပေါင်းပါဝင်ခဲ့သဖြင့် လေထုညစ်ညမ်းမှုသည် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့် ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ထိန်းချုပ်ရန်လည်း ညွှန်ကြားခံထားရပြီး သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက အိတ်ဇောပိုက်များမှ မီးခိုးများ အများအပြား ထွက်တတ်သည့် မော်တော်ယာဉ် အကြီးစားများကို အနီးကပ် စောင့်ကြည့်ပြီး စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျှော့ချရေးဌာန (DDPM)၊ ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပေတုန်တန်က ညွှန်ကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့တော်တွင် လေထုညစ်ညမ်းမှုအဆင့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးအတွက် အနီရောင်အဆင့် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ရာသီဉတု
- Hits: 3938
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ဘန်ကောက်မြို့တော်သည် ရေကြီးရေလျှံမှုအန္တရာယ်မှ ကင်းလွတ်လိမ့်မည်ဟု ပြည်သူများကို ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် နွန်သာဘူရီပြည်နယ်(Nonthaburi)၊ ပက်ခရတ်ဒေသ(Pak Kret)ရှိ တော်ဝင်ဆည်မြောင်းစနစ် ဌာနသို့ အောက်တိုဘာ ၂ ရက်က သွားရောက်၍ ရေအခြေအနေကို စစ်ဆေးခဲ့သည်။
၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံသည် ယခုနှစ်နှင့် နှိုင်းယှဉ်လျှင် မုန်တိုင်း ၅ ခုကို ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်မူ မုန်တိုင်း ၁ ခုသာ ကြုံတွေ့ခဲ့သည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်တွင် မိုးရေချိန်သည် ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းကျော် ပိုများခဲ့ပြီး ယခုနှစ်တွင် ပျမ်းမျှမိုးရေချိန် အောက် ၂ ရာခိုင်နှုန်းသာ ပိုများသည်ကို မြင်တွေ့ခဲ့ရသည်။
အဓိက ရေကာတာကြီးများသည်လည်း ၂၀၁၁ ခုနှစ်နှင့်မတူဘဲ ယခုနှစ်တွင် ရေများကို ပိုမိုထိန်းထားနိုင်သေးသည်။
ဘန်ကောက်မြို့အလှကို တွေ့ရစဉ်
၂၀၁၁ ခုနှစ်တွင် ရေသိုလှောင်နိုင်စွမ်းထက် ပိုများသောကြောင့် ရေပိုများကို ထုတ်လွှတ်ခဲ့ရသည်ဟုပြောသည်။
" ဘန်ကောက်မှာ ရေကြီးမယ့်အရေး စိုးရိမ်ပူပန်နေသူတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့။ ဘန်ကောက်မှာ ရေကြီးရေလျှံ တာမျိုး မကြုံရပါဘူး" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၂ ရက်က မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများကြောင့် ရေသည် ပင်း(Ping)၊ ဝမ်(Wang)၊ ယွန်(Yom)နှင့် နမ်(Nan) မြစ်များမှ နာခွန်းဆာဝမ်(Nakhon Sawan)ရှိ ကျောက်ဖရား(Chao Phraya)မြစ် အတွင်း သို့ စီးဝင်သွားသည်။
ထို့ကြောင့် ချိုင်းနတ်ရှိ(Chai Nat) ကျောက်ဖရား ရေကာတာ၏ ရေအမှတ်သည် မြင့်တက်ခဲ့ကာ တစ်စက္ကန့်လျှင် ရေ ၁၈၉၉ ကုဗမီတာနှုန်း ထုတ်လွှတ်ခဲ့ရသည်ဟု ဆိုသည်။
ရေအရင်းအမြစ်ဌာနက ရေထုတ်လွှတ်မှုသည် တစ်စက္ကန့်လျှင် ၃၀၀၀ ကုဗမီတာထက် မကျော်လွန်စေရန် စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ဘန်ကောက်နှင့် အနီးအနားရှိ ပြည်နယ်များ အပါအဝင် ကျောက်ဖရားမြစ် အောက်ဘက်ခြမ်းရှိ အာဏာပိုင်များက မြောက်ဘက်မှ စီးဆင်းလာသော ရေများကို စီမံခန့်ခွဲရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သတင်း အရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ရာသီဉတု
- Hits: 4676
CNI International News
တိုင်ပေ၊ အောက်တိုဘာ ၃
ထိုင်ဝမ်တွင် တိုင်ဖွန်းခရာထုံ (Typhoon Krathon) မဝင်ရောက်မီ ရုံးများနှင့်ကျောင်းများကိုပိတ်ကာ ထောင်နှင့် ချီသည့် ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်း၊ လေကြောင်းခရီးစဉ်များနှင့် ကူးတို့သင်္ဘော ပြေးဆွဲမှု များကို ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
တည်ငြိမ်သည့် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၃ ကီလိုမီတာ (၁၀၇ မိုင်) နှင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှု နှုန်း တစ်နာရီလျင် ၂၀၉ ကီလိုမီတာ (မိုင် ၁၃၀) ရှိသည့် ခရာထုံမုန်တိုင်းသည် အောက်တိုဘာ ၃ ရက် နံနက် အစောပိုင်းတွင် နိုင်ငံအနောက်တောင်ဘက် ကောင်ရှောင် (Kaohsiung) ဆိပ်ကိမ်းမြို့ကို ဝင်ရောက်မည်ဖြစ်သည်။
ထိုမုန်တိုင်း မဝင်ခင်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။
အဆိုပါ မုန်တိုင်းသည် အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်က ကောင်ရှောင်မြို့ အနောက်တောင်ဘက် ၁၆၀ ကီလိုမီတာ (၉၉ မိုင်) အကွာသို့ ရောက်ရှိနေကြောင်း ဗဟိုမိုးလေဝသ အုပ်ချုပ်ရေး အဖွဲ့က ပြောကြားခဲ့သည်။
ကောင်ရှောင်မြို့တော်ဝန် ချန်းချီမိုင် (Chen Chi-mai) က မြို့အတွင်းနေထိုင်သည့် မြို့ခံ ၂ ဒသမ ၇ သန်းခန့်ကို နေအိမ်များအတွင်း၌သာ နေထိုင်ရန်၊ မလိုအပ်ဘဲ ရေကြီး၊ မြေပြိုသည့် နေရာများဖြစ်သော မြစ်များ၊ ပင်လယ်များ နှင့် တောင်တန်းများသို့ သွားရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
ကုန်တိုက်မှာ အစားအစာများ ၀ယ်ယူနေစဉ်
တောင်ထူထပ်သည့် ဒေသများတွင် မိုးရေချိန်လက်မ ၃၁ လက်အထိ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထား သည်။
ခရာထုံမုန်တိုင်းသည် လူပေါင်း ၃၇ ဦးသေဆုံးပြီး ၂၉၈ ဦး ဒဏ်ရာရခဲ့သည့် ၁၉၇၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း သယ်လ်မာ (Typhoon Thelma) ထက် အင်အားမပျော့ကြောင်း ချန်က သတိပေးထားသည်။
တိုင်ဖွန်းမုန်တိုင်းများသည် ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားသည့် ထိုင်ဝမ်အရှေ့ဘက် တောင်တန်းဒေသများကိုသာ တိုက်ခတ်လေ့ရှိခဲ့ပြီး လူနေထူထပ်သည့် အနောက်ဘက် ကမ်းရိုးတန်းဒေသများကို ဝင်ရောက်တိုက်ခတ်မှုမှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။
ထိုင်ဝမ်တွင် ဇူလိုင်လအတွင်းက တိုင်ဖွန်း ဂယ်မီ (Typhoon Gaem) ဝင်ရောက် တိုက်ခတ်မှုကြောင့် ရေလွှမ်းမိုး မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနကတော့ မုန်တိုင်းကြောင့် အန္တရာယ်များသည့် ဒေသများတွင် နေထိုင်သော လူပေါင်း ၁၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: ရာသီဉတု
- Hits: 4403
CNI International News
ထိုင်ဝမ်၊ အောက်တိုဘာ ၂
ထိုင်ဝမ်ကျွန်း၏ လူနေထူထပ်သည့် အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသသို့ အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ခရာထုံ (Krathon) ချဉ်းကပ်လာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်တွင် စစ်သား ၄၀,၀၀၀ နီးပါးကို ဖြန့်ကြက်ချထားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်တွင် ပင်လယ်အတွင်းရှိ သင်္ဘောပေါ်မှ သင်္ဘောသား ၁၉ ဦးကို ရဟတ်ယာဉ်များဖြင့် ကယ်တင်ခဲ့သည်။
အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် ကောင်းရှောင် (Kaohsiung) မြို့တွင် လေကြောင်းလိုင်းများကို ဖျက်သိမ်းပြီး ရထားခရီးစဉ်များကို ဆိုင်းငံ့ခဲ့သလို ဆိုင်များနှင့် စားသောက်ဆိုင်များကို ပိတ်ထားသဖြင့် လမ်းများပေါ်တွင် လူသူအသွားအလာမရှိဘဲ ခြောက်ကပ်နေသည်။
ထိုင်ဝမ်သည် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုများကို မကြာခဏ ခံစားရလေ့ရှိပြီး မုန်တိုင်းများသည် တောင်တန်းဒေသများကိုသာ တိုက်ခတ်လေ့ရှိသော်လည်း ယခုမုန်တိုင်းသည် ထိုင်ဝမ်၏ အနောက်ဘက် မြေပြန့်ဒေသကို ဝင်ရောက်မည်ဖြစ်သည်။
ထိုင်ဝမ်စစ်သားများကိုတွေ့ရစဉ်
ခရာထုံမုန်တိုင်းသည် အောက်တိုဘာ ၂ ရက်တွင် ကောင်းရှောင်မြို့ကို ဝင်ရောက်မည်ဖြစ်ပြီး ထိုင်ဝမ် အလယ်ပိုင်းကိုဖြတ်၍ အရှေ့မြောက်ပိုင်းကို ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း၊ ထို့နောက် အရှေ့တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားလိမ့်မည်ဟု ထိုင်ဝမ်ဗဟိုမိုးလေဝသ အုပ်ချုပ်ရေးအဖွဲ့ (CWA) က ထုတ်ပြန်ခဲ့သည်။
လူဦးရေ ၂ ဒသမ ၇ သန်း နေထိုင်သည့် ကောင်းရှောင်မြို့တွင် ခရာထုံမုန်တိုင်း တိုက်ခတ်ချိန်အတွင်း ဒေသခံများကို နေအိမ်အတွင်း၌သာ နေထိုင်ရန် တိုက်တွန်းထားပြီး အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။
အမေရိကန်ရေတပ်၏ တိုင်ဖွန်းမုန်တိုင်း ပူးတွဲသတိပေးချက် ထုတ်ပြန်မှုစင်တာကတော့ ခရာထုံမုန်တိုင်းကို စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။
ထိုင်ဝမ်သားများ ရိက္ခာများစုဆောင်းနေစဉ်
ထိုမုန်တိုင်းသည် ထိုင်ဝမ်အနောက်တောင်ဘက် ကမ်းရိုးတန်းသို့ ရောက်ရှိချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ (၉၃ မိုင်) နှုန်းဖြင့် တိုက်ခတ်ပြီးနောက် အားလျော့သွားနိုင်ကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသအုပ်ချုပ်ရေးအဖွဲ့မှ မိုးလေဝသပညာရှင် လီမန်ဆန်း (Li Meng-hsiang) က ပြောကြားခဲ့သည်။
ခရာထုံမုန်တိုင်း၏ ပြင်းအားသည် ကောင်းရှောင်မြို့တွင် လူ ၃၇ ဦး သေဆုံးခဲ့သည့် ၁၉၇၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း သယ်လ်မာ (Typhoon Thelma) မုန်တိုင်းနှင့် ပြင်းအားခြင်းတူညီကြောင်း ကောင်းရှောင်မြို့တော်ဝန် ချန်ချီမိုင် (Chen Chi-mai) က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 3732
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁
ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) ပြည်နယ်တွင် စက်တင်ဘာလ အစောပိုင်းက ဆယ်စုနှစ် ၃ စုကျော်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ချိန်က တာဝန်ဝတ္တရား ပျက်ကွက်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံထားရသည့် ချင်းရိုင်အုပ်ချုပ်ရေးမှူး ပွတ်တီပွန် သီရိမတ် (Puttipong Sirimat) သည် စုံစမ်းစစ်ဆေးခံနေရကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
ချင်းရိုင်ပြည်နယ်အတွင်းရှိ မယ်ဆိုင် (Mae Sai)၊ မရန်း (Mueang) နှင့် ဝင်ပေါင် (Wiang Pao) ခရိုင်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားချိန်က ပွတ်တီပွန်သည် တာဝန်ဝတ္တရား လစ်ဟင်းခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။
ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးအေဂျင်စီများက ရေဘေးသင့် ပြည်သူများကို ကူညီပေးနေချိန်တွင် ပြည်နယ် အုပ်ချုပ်ရေးမှူး ပွတ်တီပွန်သည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း အနူတင် က ပြောသည်။
ထိုင်းပြည်ထဲရေး၀န်ကြီး ရေဘေးသင့်ဒေသကို စစ်ဆေးနေစဉ်
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ချင်းရိုင် ပြည်နယ်ရှိ ရေဘေးအခြေအနေကို သွားရောက်ကြည့်ရှုချိန်တွင် ပွတ်တီပွန်သည် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ကို ကယ်ဆယ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြခဲ့သည်။
သို့သော်လည်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် သူသည် ဘန်ကောက်မြို့တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ အရာရှိများ အငြိမ်းစားယူသည့် အခမ်းအနားကို တက်ရောက်ရန် ဘန်ကောက်မြို့တော်သို့ ထွက်ခွာသွားခဲ့သည်ဟု အနူတင်က ပြောသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့် ပြည်နယ်အတွင်းရှိ ရေဘေးဒုက္ခကို တာဝန်ယူဖြေရှင်းရမည် ဖြစ်သော် လည်း ပွတ်တီပွန်သည် တာဝန်ဝတ္တရားများကို လစ်လျူရှုကာ ဘန်ကောက်သို့သွားပြီး ပွဲအခမ်းအနား တက်ရောက် နေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုင်းရေဘေးကို တွေ့ရစဉ်
ထို့ပြင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေချိန်အတွင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး နှစ်ဦးသည်လည်း တာဝန် လစ်ဟင်းခဲ့ပြီး ဘန်ကောက်မြို့ရှိ ကာကွယ်ရေးကောလိပ်တွင် တက်ရောက် ပညာသင်ကြားနေကြောင်း အနူတင်က ပြောကြားခဲ့သည်။
ထိုဒုတိယအုပ်ချုပ်ရေးမှူး ၂ ဦးအ နေဖြင့် ရေဘေးသင့်ပြည်သူများကို ဦးစားပေး ကယ်ဆယ်ပြီးမှ ကောလိပ်ကို တက်သင့်သည်ဟုလည်း အနူတင်က ပြောသည်။
ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ၃ ဦးရှိသည့်အနက် ပရာဆက် ချစ်ပလီချိပ် ( Prasert Chitpleecheep) တစ်ဦး သာ ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု အနူတင်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၁ ရက်မှစပြီး ပြည်ထဲရေးဝန်ကြီးဌာနသည် ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး ထိရောက် ကောင်းမွန်စွာ အရှိန်အဟုန် မြှင့်လုပ်ဆောင်သွားမည်ဟုလည်း အနူတင်က ကတိပြုခဲ့သည်။
Source: Thai PBS World
- By CNI
- Category: ရာသီဉတု
- Hits: 1492
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅
မြန်မာပြည်မှာ မကြာခဏ ကျရောက်လျက် ရှိနေသော သဘာဝဘေးကို မည်ကဲ့သို့ ကာကွယ်ထိန်းသိမ်းကြမလဲ ဆိုသည့်အပေါ် ပြည်တွင်းရှိ တတ်သိနားလည်သူများကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
ယခင်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လျစ်လျူရှုခဲ့သည့် အကျိုးဆက်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အာဏာပိုင်အဖွဲ့အစည်းတွင် သာမကဘဲ ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရေကြီးရေလျှံမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဆေးနေစဉ်
၎င်းက “ဖြစ်သွားတဲ့ဟာတွေမှာလည်း စိတ်မကောင်းစရာတွေပေါ့နော်၊ အခုဆိုလို့ရှိရင် တော်တော်လေးကို မကြား ဖူးတဲ့ ဒေသတွေ မကြားဖူးတဲ့ နေရာတွေမှာ ဖြစ်နေတာ တွေ့ရတယ်ပေါ့နော်၊ ကျနော် Life မှာ ပထမဦးဆုံး ကလောမှာ ရေကြီးတယ်ဆိုတာ ကြားဖူးတာပေါ့နော်၊ အဲဒီလိုမျိုးလေးတွေ သေသွားတဲ့ ပမာနဆိုတာလည်း အတိ အကျ မဟုတ်တာမှ ကလော မြေပြင်က အခြေအနေအရဆိုရင် တော်တော်များများ ရာဂဏန်းဆိုတာများတယ် ပေါ့နော်၊ ဒါတွေသည် တကယ့်ကို စိတ်မကောင်းစရာ ကိစ္စတွေ၊ ဒါတွေ ကျနော်တို့ နှစ်ပေါင်းများစွာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လျစ်လျူရှုခဲ့တဲ့ အကျိုးဆက်တွေကို ကျနော်တို့ ပြန်ခံရတာပေါ့၊ ဒါကို သင်ခန်းစာ ယူပြီးတော့မှ ကျနော်တို့ ပြည်သူတွေ အာဏာပိုင်တွေ အနေနဲ့ မဟုတ်ဘဲနဲ့ ပြည်သူတွေကပါ ပါဝင်ဖို့လိုတယ်၊ ဒါမှသာ နောက် Generation ပေါ့၊ နောက် ၁၅ နှစ်၊ အနှစ် ၂၀၊ အဲဒီမှာ အရွယ်ရောက်လာတဲ့ Generation က ဒီလိုဟာမျိုးတွေ ကျနော်တို့ အခုချိန်ကတည်းက ပြင်ဆင်တာ သူတို့တွေမှာ Effect တွေ မထိမှာပေါ့နော်၊ မဟုတ် လို့ရှိရင်တော့ ဒီထက် ပိုဆိုးတဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ သဘာဝဘေးအန္တရာယ် အများကြီး ထပ်ပြီး ခံစားရဖို့ရှိမှာပေါ့၊ အားလုံး ခုချိန်ကတည်းက ပါဝင်ပြီးတော့ ထိန်းသိမ်းဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု ပြော သည်။
တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုမှ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၃၈၄ ဦး သေဆုံးမှုရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် အမျိုးသားရေး စီမံကိန်းတစ်ခုအနေဖြင့် မဖော်ဆောင်နိုင်ပါက သဘာဝဘေး ကို နှစ်စဉ် ကြုံတွေ့ရမှာဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းစစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်လည်း ခက်ခဲကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ရေဘေးကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ထိရောက်တဲ့ အကာအကွယ်နဲ့ ထိရောက်တဲ့ စည်းစနစ်၊ ထိရောက်တဲ့ စနစ်တစ်ခုကို အမျိုးသားရေး စီမံကိန်းအနေနဲ့ မဖော်ဆောင်နိုင်သမျှ ဒီလို အခက်အခဲတွေက နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ ကြုံနေရမှာ အထူးသဖြင့် အလွန်တရာ အဂတိလိုက်စားတဲ့ စနစ်တွေ ထွန်းကားတဲ့ တိုင်းပြည်တွေမှာ အမျိုးသားအကျိုးစီးပွားဟာ ပြိုလဲပျက်စီးရတဲ့ အခြေအနေ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ လဲ လာတ်ပေးလာတ်ယူ စနစ်တွေနဲ့ လုပ်ချင်သလို လုပ်လို့ရတဲ့ အတိုင်းအတာတွေ သတင်းတွေမှာ အများကြီး ကျနော်တို့ တွေ့ရတယ်၊ အဲဒါကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝသယံဇာတတွေကို ထုတ်ချင်သလို ထုတ်တယ်၊ လုပ်ချင်သလို လုပ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ် အတိုင်းအတာမှာ ဆိုလို့ရှိရင် သစ်ပင်တွေ ကုန်သလောက် နီးပါးဖြစ်နေပြီ။ အတိုင်းအဆမဲ့ ဖြုန်းတီးနေကြတဲ့ ပြိုလဲနေကြတဲ့ဒဏ်ကြောင့် အခုဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် ခံရတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒါကြောင့် ဒီလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း နှစ်တိုနှစ်ရှည် စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်ဖို့အတွက်ကလည်း အခု ပြည်တွင်းစစ်နဲ့ တိုင်းပြည်ပြိုပျက်နေတဲ့ အခါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်ပါတယ်” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလတွင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ကျပ် ၅၂၂ ဘီလျံခန့် ဆုံးရှုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
- By CNI
- Category: ရာသီဉတု
- Hits: 1745
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀
လာအိုနိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်လာသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ဖြတ်သန်းလာပြီး ရေကြီးမြေပြိုမှုများ ဖြစ်နိုင်သေး၍ သတိထားကြရန် မိုးဇ/လက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ မုန်တိုင်းငယ်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အထိ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်တို့တွင် မိုးထစ်ချူန်း ရွာသွန်းနိုင် သည်။
ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေး တိုင်းဒေသကြီးတို့တွင် မိုးထစ်ချူန်းရွာနိုင်ပြီ နေရာကွပ်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇ/လက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ ရေလျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင်သည့်အတွက် သတိထားကြရန် မိုးဇ/လက ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ရာသီဉတု
- Hits: 2777
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
ယာဂီမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများစွာ ရှိနေကြောင်း CNI သတင်းဌာနသို့ ပြောသည်။
ရေကြီးရေလျှံမှုသည် ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် အသက်ကယ် လှေများ ၊ အသက်ကယ် အင်္ကျီများအပြင် လိုအပ်ချက်များစွာရှိကြောင်း တောင်ငူမြို့မေတ္တာရှင်လူမှုကယ်ဆယ် ရေးအသင်းဥက္ကဋ္ဌ ဦးနေမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "တကယ်တမ်း ပြောမယ်ဆိုရင်တော့ လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ ဘာလို့ဆို ကျနော်တို့ ရေဘေးကယ်ဆယ်ရေးမှာ jacket လေးတွေ လိုတယ်ဗျာ။ ဟုတ်တယ်မလား အသက်ကယ်ဘောတွေ လိုမယ်။ ဒါပေမယ့် ကျနော်တို့ဟာက ကိုယ်ရှိတဲ့ဟာလောက်နဲ့ သွားကယ်တဲ့အခါကျတော့ မတော်တဆ လှေမှောက်တဲ့ အခါမျိုးကျတော့ ကျနော်တို့ အဲမှာ ပြဿနာတွေတက်တယ်။ နောက် ဘယ်လိုခေါ်မလဲ နည်းနည်း ဒုက္ခတော့ ရောက်တာပေါ့နော်။ နောက်အခု လက်ရှိအနေအထားမှာ စားဝတ်နေရေးအပိုင်းနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ အခု အကုန်လုံးက ရေဘေးဖြစ်ထားတဲ့ အခါကျတော့ အခု စားဝတ်နေရေးက တော်တော်ခက်ခဲကြတယ်။ အဲတော့ ပြောမယ်ဆိုရင် အကုန်လုံးနီးပါးက ရေကြီးလိုက်တဲ့ အခါမျိုးကျတော့ အဝတ်အစားကအစ မရှိကြတော့ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုဆိုတာမျိုးတွေ ဖြစ်ကုန်ကြတယ်။ လိုအပ်ချက်ကတော့ ပြောမယ်ဆိုရင်တော့ အကုန်လုံးလိုအပ်တာပေါ့" ဟု ပြောသည်။
ရေနစ်မြှုပ်နေမှုကို တွေ့ရစဉ်
ထို့အပြင် ရေစီးသန်ခြင်းနှင့် ရေနစ်မြှုပ်မှုများရှိသည့်အတွက် ချောင်ကျသည့် နေရာများသို့ သွားရောက် ကယ်ဆယ်ရန် အခက်အခဲများရှိကြောင်းလည်း ၎င်းက ပြောသည်။
စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းသို့ သွားရောက်ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် စစ်တောင်းမြစ်အား ဖြတ်၍ သွားလာရမည်ဖြစ်သည့်အတွက် ကျွမ်းကျင်သောသူများနှင့် စက်ပစ္စည်းများ လိုအပ်နေကြောင်း၊ ထို့ကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ရွာများ၌ ပိတ်မိနေသော လူများရှိသေးကြောင်း ပဲခူးမြို့တွံတေးလူမှု ကယ်ဆယ်ရေးမှ ကိုဖြိုးကိုကိုက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်တို့ မြစ်ကြီးကို ဖြတ်ဖို့အတွက်ပေါ့နော် လှေကောင်းကောင်း စက်ကောင်းကောင်းတော့ လိုတာ ပေါ့ဗျာ။ အဲဒါနဲ့ ဖြတ်ပြီးတော့ သွားမယ်ဆိုရင်တော့ ဟိုဖက်ကမ်းကို ရောက်တာပေါ့။ ခုကတော့ ရေစီးကို ကြောက် လို့ တချို့လှေတွေက ဟိုဖက်ကမ်းကို မကူးနိုင်တော့ ဟိုဖက် မြစ်အရှေ့ဘက်အခြမ်းကတော့ ဒုက္ခရောက်ကြတယ် လေ။ မြစ်နောက်ဘက်ခြမ်းကျ မော်တော်ကားရောက်တယ်။ မြို့ထဲသွားတဲ့ လှေလေးတွေနဲ့ သွားတဲ့အခါကျတော့ ဒီဘက်က အခြမ်းကတော့ အလှူရှင်တွေ လှူဒါန်းမှုနဲ့ အဆင်ပြေပါတယ်။ ဟိုဘက် မြစ်တစ်ဖက်ခြမ်းကို သွားဖို့ တွက်ပဲ နည်းနည်းလေး ဒုက္ခရောက်တာပေါ့ဗျာ။ ကျန်တာကတော့ အားလုံးအဆင်ပြေပါတယ်" ဟု ပြောသည်။
ရေဘေးကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်နေစဥ်
ထို့အပြင် အချို့အလှူရှင်များ အနေဖြင့်လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းလိုလျှင် အမှန်တကယ် လိုအပ်သော ဒေသများ သိရန်လိုသောကြောင့် လူမှုကူညီရေး အသင်းများအား ဆက်သွယ်ပြီးမှသာ သွားကြရန် လိုအပ်ကြောင်း ညောင်ရွှေမြို့ နှလုံးလှလူမှုကူညီရေးအသင်းမှ ကိုသက်ပိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "တချို့ကျတော့လည်း ကိုယ်တိုင်လှူချင်တာပေါ့ ကိုယ်တိုင်သွားချင်တယ်။ အဲတော့ သူတို့က တစ်ခါ တစ်လေ ကျရင် ကျနော်တို့ မသိအောင် အဆင်ပြေတဲ့ရွာကို သူတို့က သွားလှူလိုက်တယ်။ အဲလိုကျ ကျနော်တို့ ဘာဖြစ်သွားလဲဆိုတော့ ရောက်တဲ့ရွာက ရောက်တယ်၊ မရောက်တဲ့ရွာက မရောက်ဘူးပေါ့။ သူတို့ကလည်းပေး တယ် ကျနော်တို့ကလည်း သွားပေးတယ်။ တခြားရွာကျ မရောက်တော့ဘူးပေါ့ ဒီပစ္စည်းတွေက။ အဲလိုမျိုး အတွေ့အကြုံတွေကတော့ အများကြီးဖြစ်တာပေါ့ဗျာ အခက်အခဲတွေက အများကြီးပေါ့။ ကျနော်တို့လည်း အလှူ ရှင်တွေကို အမြဲတမ်းပြောပါတယ် ကျနော်တို့ကို ချိတ်ဆတ်ပေးပါ။ အဲဒါမှ ဘယ်နေရာ လိုအပ်တယ်ဆိုတာ ကျနော်တို့ လမ်းညွှန်ပေးလို့ ရမှာပါ။ ဘာလို့လဲဆိုတော့ အလှူရှင်တွေက သူတို့က လှူချင်တာ တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘယ်နေရာကို အဓိကလိုအပ်လဲဆိုတာ သူတို့သိဖို့လိုတယ် အဓိက။ အဲတော့ အဲလိုသိဖို့ information လိုရင် ကျနော်တို့ကို ဆက်သွယ်မှပဲ အဆင်ပြေမှာဗျ" ဟု ပြောသည်။
လက်ရှိတွင် ရေဘေးဒဏ် ခံစားနေရသည့် ဒေသများမှာ တောင်ငူ၊ တာချီလိတ်၊ ကလော၊ ရမည်းသင်း၊ နေပြည်တော်ရှိ တပ်ကုန်း၊ ဘားအံ၊ ညောင်ရွှေ၊ ဇီးကုန်း၊ ထန်းတပင်၊ ပုဂံ-ညောင်ဦး အစရှိသည့် ဒေသများ အပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့နယ်၌ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေး ကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၈၀ ဦးကို ရွှေ့ပြောင်းပေးခဲ့သည်။
ရေနစ်မြှုပ်နေမှုကို တွေ့ရစဉ်
ထို့နောက် ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စက်တင်ဘာ ၁၆ ရက်နေ ညနေ ၄ နာရီထိ ကောက်ယူရရှိသော စာရင်းအရ ပြည်သူ ၂၂၆ ဦးသေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေသည်။
အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှငိ့ ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။