CNI International News

ထိုင်ဝမ်၊ အောက်တိုဘာ ၂

ထိုင်ဝမ်ကျွန်း၏ လူနေထူထပ်သည့် အနောက်တောင်ဘက် ကမ်းရိုးတန်းဒေသသို့ အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ခရာထုံ (Krathon) ချဉ်းကပ်လာသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အောက်တိုဘာ ၁ ရက်တွင် စစ်သား ၄၀,၀၀၀ နီးပါးကို ဖြန့်ကြက်ချထားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်တွင် ပင်လယ်အတွင်းရှိ သင်္ဘောပေါ်မှ သင်္ဘောသား ၁၉ ဦးကို ရဟတ်ယာဉ်များဖြင့် ကယ်တင်ခဲ့သည်။

အဓိကဆိပ်ကမ်းမြို့ဖြစ်သည့် ကောင်းရှောင် (Kaohsiung) မြို့တွင် လေကြောင်းလိုင်းများကို ဖျက်သိမ်းပြီး ရထားခရီးစဉ်များကို ဆိုင်းငံ့ခဲ့သလို ဆိုင်များနှင့် စားသောက်ဆိုင်များကို ပိတ်ထားသဖြင့် လမ်းများပေါ်တွင် လူသူအသွားအလာမရှိဘဲ ခြောက်ကပ်နေသည်။

ထိုင်ဝမ်သည် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုများကို မကြာခဏ ခံစားရလေ့ရှိပြီး မုန်တိုင်းများသည် တောင်တန်းဒေသများကိုသာ တိုက်ခတ်လေ့ရှိသော်လည်း ယခုမုန်တိုင်းသည် ထိုင်ဝမ်၏ အနောက်ဘက် မြေပြန့်ဒေသကို ဝင်ရောက်မည်ဖြစ်သည်။

ထိုင်ဝမ်စစ်သားများကိုတွေ့ရစဉ်

ခရာထုံမုန်တိုင်းသည် အောက်တိုဘာ ၂ ရက်တွင် ကောင်းရှောင်မြို့ကို ဝင်ရောက်မည်ဖြစ်ပြီး ထိုင်ဝမ် အလယ်ပိုင်းကိုဖြတ်၍ အရှေ့မြောက်ပိုင်းကို ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း၊ ထို့နောက် အရှေ့တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိသွားလိမ့်မည်ဟု ထိုင်ဝမ်ဗဟိုမိုးလေဝသ အုပ်ချုပ်ရေးအဖွဲ့ (CWA) က ထုတ်ပြန်ခဲ့သည်။

လူဦးရေ  ၂ ဒသမ ၇ သန်း နေထိုင်သည့် ကောင်းရှောင်မြို့တွင် ခရာထုံမုန်တိုင်း တိုက်ခတ်ချိန်အတွင်း ဒေသခံများကို နေအိမ်အတွင်း၌သာ နေထိုင်ရန် တိုက်တွန်းထားပြီး အစိုးရရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။

အမေရိကန်ရေတပ်၏ တိုင်ဖွန်းမုန်တိုင်း ပူးတွဲသတိပေးချက် ထုတ်ပြန်မှုစင်တာကတော့ ခရာထုံမုန်တိုင်းကို စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

ထိုင်ဝမ်သားများ ရိက္ခာများစုဆောင်းနေစဉ်

ထိုမုန်တိုင်းသည် ထိုင်ဝမ်အနောက်တောင်ဘက် ကမ်းရိုးတန်းသို့ ရောက်ရှိချိန်တွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ (၉၃ မိုင်) နှုန်းဖြင့် တိုက်ခတ်ပြီးနောက် အားလျော့သွားနိုင်ကြောင်း ထိုင်ဝမ်ဗဟိုမိုးလေဝသအုပ်ချုပ်ရေးအဖွဲ့မှ မိုးလေဝသပညာရှင် လီမန်ဆန်း (Li Meng-hsiang) က ပြောကြားခဲ့သည်။

ခရာထုံမုန်တိုင်း၏ ပြင်းအားသည် ကောင်းရှောင်မြို့တွင် လူ ၃၇ ဦး သေဆုံးခဲ့သည့် ၁၉၇၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း သယ်လ်မာ (Typhoon Thelma) မုန်တိုင်းနှင့် ပြင်းအားခြင်းတူညီကြောင်း ကောင်းရှောင်မြို့တော်ဝန် ချန်ချီမိုင် (Chen Chi-mai) က ပြောကြားခဲ့သည်။

Source: ရိုက်တာ