CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၁

ထိုင်းနိုင်ငံ၊ ချင်းရိုင် (Chiang Rai) ပြည်နယ်တွင် စက်တင်ဘာလ အစောပိုင်းက ဆယ်စုနှစ် ၃ စုကျော်အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ချိန်က တာဝန်ဝတ္တရား ပျက်ကွက်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံထားရသည့် ချင်းရိုင်အုပ်ချုပ်ရေးမှူး  ပွတ်တီပွန် သီရိမတ် (Puttipong Sirimat) သည် စုံစမ်းစစ်ဆေးခံနေရကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

ချင်းရိုင်ပြည်နယ်အတွင်းရှိ မယ်ဆိုင် (Mae Sai)၊ မရန်း (Mueang) နှင့် ဝင်ပေါင် (Wiang Pao) ခရိုင်များတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားချိန်က ပွတ်တီပွန်သည် တာဝန်ဝတ္တရား လစ်ဟင်းခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ပြောကြားခဲ့သည်။

ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးအေဂျင်စီများက ရေဘေးသင့် ပြည်သူများကို ကူညီပေးနေချိန်တွင် ပြည်နယ် အုပ်ချုပ်ရေးမှူး ပွတ်တီပွန်သည် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း အနူတင် က ပြောသည်။

ထိုင်းပြည်ထဲရေး၀န်ကြီး ရေဘေးသင့်ဒေသကို စစ်ဆေးနေစဉ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ချင်းရိုင် ပြည်နယ်ရှိ ရေဘေးအခြေအနေကို သွားရောက်ကြည့်ရှုချိန်တွင် ပွတ်တီပွန်သည် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့ကို ကယ်ဆယ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြခဲ့သည်။

သို့သော်လည်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် သူသည် ဘန်ကောက်မြို့တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ အရာရှိများ အငြိမ်းစားယူသည့် အခမ်းအနားကို တက်ရောက်ရန် ဘန်ကောက်မြို့တော်သို့ ထွက်ခွာသွားခဲ့သည်ဟု အနူတင်က ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်ဦးအနေဖြင့် ပြည်နယ်အတွင်းရှိ ရေဘေးဒုက္ခကို တာဝန်ယူဖြေရှင်းရမည် ဖြစ်သော် လည်း ပွတ်တီပွန်သည် တာဝန်ဝတ္တရားများကို လစ်လျူရှုကာ ဘန်ကောက်သို့သွားပြီး ပွဲအခမ်းအနား တက်ရောက် နေသဖြင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းရေဘေးကို တွေ့ရစဉ်

ထို့ပြင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေချိန်အတွင်း ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး နှစ်ဦးသည်လည်း တာဝန် လစ်ဟင်းခဲ့ပြီး ဘန်ကောက်မြို့ရှိ ကာကွယ်ရေးကောလိပ်တွင် တက်ရောက် ပညာသင်ကြားနေကြောင်း အနူတင်က ပြောကြားခဲ့သည်။

ထိုဒုတိယအုပ်ချုပ်ရေးမှူး ၂  ဦးအ နေဖြင့် ရေဘေးသင့်ပြည်သူများကို ဦးစားပေး ကယ်ဆယ်ပြီးမှ ကောလိပ်ကို တက်သင့်သည်ဟုလည်း အနူတင်က ပြောသည်။

ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ၃ ဦးရှိသည့်အနက် ပရာဆက် ချစ်ပလီချိပ် ( Prasert Chitpleecheep) တစ်ဦး သာ ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်ခဲ့သည်ဟု အနူတင်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်မှစပြီး ပြည်ထဲရေးဝန်ကြီးဌာနသည် ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး ထိရောက် ကောင်းမွန်စွာ အရှိန်အဟုန် မြှင့်လုပ်ဆောင်သွားမည်ဟုလည်း အနူတင်က ကတိပြုခဲ့သည်။

Source: Thai PBS World