CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၄

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ပေတုန်တန် အနေဖြင့် ဝန်ကြီးချုပ်သက်တမ်းကို အပြည့်အဝ တာဝန်ထမ်းဆောင်လိုပါက သတိကြီးစွာ ထားပြီး ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည်လည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည့် ပီချစ် ချူအန်ဘန် (Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူး ခန့်အပ်ခဲ့သဖြင့် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှု ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၎င်းကို ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။

လက်ရှိတွင်လည်း ပေတုန်တန်သည် ဆရီသာကဲ့သို့ အလားတူ ဖြစ်စဉ်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်ဟု အမည်မဖော် လိုသည့် ကျွမ်းကျင်သူတစ်ဦးက The Nation သို့ ပြောကြားခဲ့သည်။

ဆရီသာကို တွေ့ရစဉ်

အစိုးရအဖွဲ့ဝင် ၃၆ ဦးအနက် ၁၁ ဦးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ ထို ၁၁ ဦး အနက် ၃ ဦးမှာ ဖြူးထိုင်းပါတီမှဖြစ်ပြီး ၃ ဦးမှာ Bhumjaithai ပါတီမှဖြစ်ကာ ၂ ဦးမှာ ဒီမိုကရက်ပါတီမှ ဖြစ်သည်။

နောက် ၂ ဦးမှာ အခြားနိုင်ငံရေး အင်အားစုမှဖြစ်ပြီး နောက်ဆုံး ၁ ဦးမှာ Ruam Thai Sang Chart ပါတီမှ ဖြစ် ကြောင်း အဆိုပါကျွမ်းကျင်သူက ပြောကြားခဲ့သည်။

ထိုသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသူများထဲမှ လူအချို့၏ အမည်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။

အထက်ဖော်ပြပါ ၁၁ ဦးအနက် ၅ ဦးသည် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသော်လည်း ထိုအမှုများနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း NACC က ပြောကြားခဲ့သည်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသူများအနက် ဒီမိုကရက်တစ်ဦးဖြစ်သည့် လက်ထောက် ကျန်းမာရေးဝန်ကြီး ဒက်ခိခေါင်ထောင်း (Dech-it Khaothong)၊ စက်မှုရေးရာဝန်ကြီးဖြစ်သည့် Ruam Thai Sang Chart ပါတီမှ အကာနက်ပရွန်ဖန် (Akanat Promphan)၊ လက်ထောက် ပြည်ထဲရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသည့် Bhumjaithai ပါတီမှ ချာဒါ ထိုင်းဆက် (Chada Thaiset) နှင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ချာလမ်ချိုင်း သီရိအွန် (Chalermchai Sri-on) တို့ပါဝင်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

Source: The Nation