CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

မြန်မာပြည်မှာ မကြာခဏ ကျရောက်လျက် ရှိနေသော သဘာဝဘေးကို မည်ကဲ့သို့ ကာကွယ်ထိန်းသိမ်းကြမလဲ ဆိုသည့်အပေါ် ပြည်တွင်းရှိ တတ်သိနားလည်သူများကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း ယာဂီကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၅၆ မြို့နယ်တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

ယခင်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လျစ်လျူရှုခဲ့သည့် အကျိုးဆက်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် အာဏာပိုင်အဖွဲ့အစည်းတွင် သာမကဘဲ ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ် ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရေကြီးရေလျှံမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဆေးနေစဉ်

၎င်းက “ဖြစ်သွားတဲ့ဟာတွေမှာလည်း စိတ်မကောင်းစရာတွေပေါ့နော်၊ အခုဆိုလို့ရှိရင် တော်တော်လေးကို မကြား ဖူးတဲ့ ဒေသတွေ မကြားဖူးတဲ့ နေရာတွေမှာ ဖြစ်နေတာ တွေ့ရတယ်ပေါ့နော်၊ ကျနော် Life မှာ ပထမဦးဆုံး ကလောမှာ ရေကြီးတယ်ဆိုတာ ကြားဖူးတာပေါ့နော်၊ အဲဒီလိုမျိုးလေးတွေ သေသွားတဲ့ ပမာနဆိုတာလည်း အတိ အကျ မဟုတ်တာမှ ကလော မြေပြင်က အခြေအနေအရဆိုရင် တော်တော်များများ ရာဂဏန်းဆိုတာများတယ် ပေါ့နော်၊ ဒါတွေသည် တကယ့်ကို စိတ်မကောင်းစရာ ကိစ္စတွေ၊ ဒါတွေ ကျနော်တို့ နှစ်ပေါင်းများစွာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လျစ်လျူရှုခဲ့တဲ့ အကျိုးဆက်တွေကို ကျနော်တို့ ပြန်ခံရတာပေါ့၊ ဒါကို သင်ခန်းစာ  ယူပြီးတော့မှ ကျနော်တို့ ပြည်သူတွေ အာဏာပိုင်တွေ အနေနဲ့ မဟုတ်ဘဲနဲ့ ပြည်သူတွေကပါ ပါဝင်ဖို့လိုတယ်၊ ဒါမှသာ နောက် Generation ပေါ့၊ နောက် ၁၅ နှစ်၊ အနှစ် ၂၀၊ အဲဒီမှာ အရွယ်ရောက်လာတဲ့ Generation က ဒီလိုဟာမျိုးတွေ ကျနော်တို့ အခုချိန်ကတည်းက ပြင်ဆင်တာ သူတို့တွေမှာ Effect တွေ မထိမှာပေါ့နော်၊ မဟုတ် လို့ရှိရင်တော့ ဒီထက် ပိုဆိုးတဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ သဘာဝဘေးအန္တရာယ် အများကြီး ထပ်ပြီး ခံစားရဖို့ရှိမှာပေါ့၊ အားလုံး ခုချိန်ကတည်းက ပါဝင်ပြီးတော့ ထိန်းသိမ်းဖို့လိုတယ်လို့ ပြောချင်ပါတယ်” ဟု ပြော သည်။

တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုမှ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၃၈၄ ဦး သေဆုံးမှုရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် အမျိုးသား‌ရေး စီမံကိန်းတစ်ခုအနေဖြင့် မဖော်ဆောင်နိုင်ပါက သဘာဝဘေး ကို နှစ်စဉ် ကြုံတွေ့ရမှာဖြစ်ကြောင်း၊ လက်ရှိ ပြည်တွင်းစစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်လည်း ခက်ခဲကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရေဘေးကယ်ဆယ်ရေးလုပ်နေကြစဉ်

၎င်းက “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ထိရောက်တဲ့ အကာအကွယ်နဲ့ ထိရောက်တဲ့ စည်းစနစ်၊ ထိရောက်တဲ့ စနစ်တစ်ခုကို အမျိုးသားရေး စီမံကိန်းအနေနဲ့ မဖော်ဆောင်နိုင်သမျှ ဒီလို အခက်အခဲတွေက နှစ်တိုင်းနှစ်တိုင်း ကျနော်တို့ ကြုံနေရမှာ အထူးသဖြင့် အလွန်တရာ အဂတိလိုက်စားတဲ့ စနစ်တွေ ထွန်းကားတဲ့ တိုင်းပြည်တွေမှာ အမျိုးသားအကျိုးစီးပွားဟာ ပြိုလဲပျက်စီးရတဲ့ အခြေအနေ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ လဲ လာတ်ပေးလာတ်ယူ စနစ်တွေနဲ့ လုပ်ချင်သလို လုပ်လို့ရတဲ့ အတိုင်းအတာတွေ သတင်းတွေမှာ အများကြီး ကျနော်တို့ တွေ့ရတယ်၊ အဲဒါကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝသယံဇာတတွေကို ထုတ်ချင်သလို ထုတ်တယ်၊ လုပ်ချင်သလို လုပ်တယ်။ ကျနော်တို့ ရခိုင်ပြည်နယ် အတိုင်းအတာမှာ ဆိုလို့ရှိရင် သစ်ပင်တွေ ကုန်သလောက် နီးပါးဖြစ်နေပြီ။ အတိုင်းအဆမဲ့ ဖြုန်းတီးနေကြတဲ့ ပြိုလဲနေကြတဲ့ဒဏ်ကြောင့် အခုဆိုးကျိုးတွေ ပြင်းပြင်းထန်ထန် ခံရတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲဒါကြောင့် ဒီလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း နှစ်တိုနှစ်ရှည် စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်ဖို့အတွက်ကလည်း အခု ပြည်တွင်းစစ်နဲ့ တိုင်းပြည်ပြိုပျက်နေတဲ့ အခါ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်ပါတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလတွင် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် လူ ၁၄၈ ဦး သေဆုံးခဲ့ပြီး ကျပ် ၅၂၂ ဘီလျံခန့် ဆုံးရှုံးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။