CNI International News

တိုင်ပေ၊ အောက်တိုဘာ ၃

ထိုင်ဝမ်တွင် တိုင်ဖွန်းခရာထုံ (Typhoon Krathon) မဝင်ရောက်မီ ရုံးများနှင့်ကျောင်းများကိုပိတ်ကာ ထောင်နှင့် ချီသည့် ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခြင်း၊ လေကြောင်းခရီးစဉ်များနှင့် ကူးတို့သင်္ဘော ပြေးဆွဲမှု များကို ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

တည်ငြိမ်သည့် လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၃ ကီလိုမီတာ (၁၀၇ မိုင်) နှင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှု နှုန်း တစ်နာရီလျင် ၂၀၉ ကီလိုမီတာ (မိုင် ၁၃၀) ရှိသည့် ခရာထုံမုန်တိုင်းသည် အောက်တိုဘာ ၃ ရက် နံနက် အစောပိုင်းတွင် နိုင်ငံအနောက်တောင်ဘက် ကောင်ရှောင် (Kaohsiung) ဆိပ်ကိမ်းမြို့ကို ဝင်ရောက်မည်ဖြစ်သည်။

ထိုမုန်တိုင်း မဝင်ခင်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။

အဆိုပါ မုန်တိုင်းသည် အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်က ကောင်ရှောင်မြို့ အနောက်တောင်ဘက် ၁၆၀ ကီလိုမီတာ (၉၉ မိုင်) အကွာသို့ ရောက်ရှိနေကြောင်း ဗဟိုမိုးလေဝသ အုပ်ချုပ်ရေး အဖွဲ့က ပြောကြားခဲ့သည်။

ကောင်ရှောင်မြို့တော်ဝန် ချန်းချီမိုင် (Chen Chi-mai) က မြို့အတွင်းနေထိုင်သည့် မြို့ခံ ၂ ဒသမ ၇ သန်းခန့်ကို နေအိမ်များအတွင်း၌သာ နေထိုင်ရန်၊ မလိုအပ်ဘဲ ရေကြီး၊ မြေပြိုသည့် နေရာများဖြစ်သော မြစ်များ၊ ပင်လယ်များ နှင့် တောင်တန်းများသို့ သွားရောက်ခြင်းမပြုရန် တိုက်တွန်းထားသည်။

ကုန်တိုက်မှာ အစားအစာများ ၀ယ်ယူနေစဉ်

တောင်ထူထပ်သည့် ဒေသများတွင် မိုးရေချိန်လက်မ ၃၁ လက်အထိ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထား သည်။

ခရာထုံမုန်တိုင်းသည် လူပေါင်း ၃၇ ဦးသေဆုံးပြီး ၂၉၈ ဦး ဒဏ်ရာရခဲ့သည့် ၁၉၇၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း သယ်လ်မာ (Typhoon Thelma) ထက် အင်အားမပျော့ကြောင်း ချန်က သတိပေးထားသည်။

တိုင်ဖွန်းမုန်တိုင်းများသည် ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူထားသည့် ထိုင်ဝမ်အရှေ့ဘက် တောင်တန်းဒေသများကိုသာ တိုက်ခတ်လေ့ရှိခဲ့ပြီး လူနေထူထပ်သည့် အနောက်ဘက် ကမ်းရိုးတန်းဒေသများကို ဝင်ရောက်တိုက်ခတ်မှုမှာ ရှားပါးဖြစ်စဉ်ဖြစ်သည်။

ထိုင်ဝမ်တွင် ဇူလိုင်လအတွင်းက တိုင်ဖွန်း ဂယ်မီ (Typhoon Gaem) ဝင်ရောက် တိုက်ခတ်မှုကြောင့် ရေလွှမ်းမိုး မှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ကာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ မုန်တိုင်းကြောင့် အန္တရာယ်များသည့် ဒေသများတွင် နေထိုင်သော လူပေါင်း ၁၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ထုတ်ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား