
- By CNI
- Category: အားကစား
- Hits: 342
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလက်ကို အနားပေးဖို့ တောင်းဆိုခဲ့ပေမယ့် အီဂျစ်အသင်းဟာ ဒီလထဲ ယူအေအီးမှာကျင်းပမယ့် ပြိုင်ပွဲအတွက် သူတို့ရဲ့ အဓိကတိုက်စစ်မှူးကို ရွေးချယ်သွားခဲ့ပါတယ်။
အခုလ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပမယ့် Winsunited Cup ပြိုင်ပွဲမှာ အီဂျစ်အသင်း အပါအဝင် ခရိုအေးရှား၊ တူနီးရှားနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။
ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ပါဝင် ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ ဆာလက်ဟာ ပြီးခဲ့တဲ့ လက ဘရန်ဖို့ဒ် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှ လီဗာပူးလ်အသင်းအတွက် ပြန်လည် ပါဝင်ကစား နိုင်ခဲ့ တာပါ။
ဒါပေမယ့် ဆာလက်ဟာ ဒဏ်ရာရရှိခဲ့ပြီး လီဗာပူးလ်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး ဆာလက်ကို နိုင်ငံအသင်းအတွက် မရွေးချယ်ဘဲ အနားပေးဖို့ တောင်းဆိုခဲ့တာကို အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ခဲ့တာပါ။
ဆာလက်ကို တွေ့ရစဉ်
အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဆာလက်ရဲ့ အခြေအနေကို ဆုံးဖြတ်ဖို့ စောနေသေးပြီး ကစားသမားသာ ကြံ့ခိုင်မှု အပြည့်အဝ မရှိဘူးဆိုရင် ဒီပြိုင်ပွဲမှာ အသုံးပြုသွားဖွယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ဆုဖလား ၄ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် တိုက်စစ်မှူး ဆာလက် နောက်ထပ် ဒဏ်ရာရရှိမှာကို စိုးရိမ်နေတာပါ။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဆာလက်ဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် လီဗာပူးလ် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်မယ်လို့ နည်းပြ ကလော့ပ်က ပြောထားပါတယ်။
အဲဒါကြောင့် ဆာလက်ဟာ ကြားရက်မှာကစားမယ့် စပါတာအသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ပွဲစဉ် ဒါမှမဟုတ် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၂၈ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုးသွင်းယူကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 585
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
လေဗာကူဆင်အသင်းဟာ ကိုလုံးအသင်းနဲ့ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ၁၀ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၄ မိနစ်မှာ ကိုလုံးကစားသမား သီရယ်လ်မန်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လေဗာကူဆင်အသင်းဟာ ကစားသမားတစ်ဦးအသာနဲ့ ကစားခဲ့ရတာဖြစ်ပြီး သွင်းဂိုးတွေကို ဖရင်ပေါင်နဲ့ ဂရီမယ်လ်ဒိုတို့က သွင်းယူခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၂၄ ပွဲကစားအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁၀ မှတ်အထိ အသာရပြီး အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ကိုလုံးအသင်းကို အနိုင်ရခဲ့တဲ့အတွက် ဒီရာသီပြိုင်ပွဲစုံ ၃၄ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတစ်ခုကို ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာပါ။
လေဗာကူဆင်အသင်း ယှဉ်ပြိုင်နေစဉ်
လေဗာကူဆင်အသင်းနည်းပြ ဇာဗီအလွန်ဆိုကတော့ တစ်ရာသီလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ဖို့ထက် တစ်ပွဲပြီး တစ်ပွဲကိုပဲ အာရုံစိုက်သွားမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဇာဗီအလွန်ဆိုက “ဒီပွဲက မလွယ်ကူခဲ့ပေမယ့် ဒီနေရာမှာ အနိုင်ရခဲ့တာက ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့အတွက် ရှေ့ကို ဆက်သွားရမှာပါ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေကို လည်း တစ်ပွဲပြီးတစ်ပွဲကိုပဲ အာရုံစိုက်သွားမယ်”လို့ ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်အသင်း ကွင်းလယ်လူ ရှာကာကတော့ ဘိုင်ယန်မြူးနစ်အသင်း ၁၁ နှစ်ကြာ ဂျာမန်ချန်ပီယံ ဖြစ်ခဲ့တာကို အဆုံးသတ်ချင်ရင် အသင်းအနေနဲ့ ဆက်ပြီးအာရုံစိုက်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ရှာကာက “၁၀ မှတ်ဆိုတာ အများကြီးဆိုပေမယ့် ပြီးဆုံးသေးတာ မဟုတ်ပါဘူး။ ကစားရမယ့်ပွဲတွေ ကျန်ရှိနေ သေးတာကြောင့် ချန်ပီယံဆုကို ဆုံးဖြတ်လို့ မရသေးပါဘူး။ ကျနော်တို့ဟာ ဒီပုံစံအတိုင်း ဆက်ရှိပြီး ကိုယ့်အလုပ် ကိုလုပ်ကာ နောက်ထပ် ရမှတ်အနည်းငယ်ကို ထပ်ပြီး စုဆောင်းရမယ်ဆိုတာ အသင်းအနေနဲ့ သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကွာရာဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: AP

- By CNI
- Category: အားကစား
- Hits: 432
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၄
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီးနောက် အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေပေမယ့် နည်းပြ အဲရစ်တန်ဟတ်က သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ နောက်ထပ် ဗိုလ်လုပွဲကိုသွားပြီး သူတို့နဲ့ပိုပြီးနီးစပ်နိုင်အောင် ကြိုးစားရမှာပါ။ အဆင့် ၅ နေရာက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်မှာကလည်း အားသာချက်ပါပဲ။ အဲဒါကြောင့် ကျနော်တို့ဟာ ပွဲတွေကို အနိုင်ယူပြီး ဒီနေရာအတွက် တိုက်ပွဲဝင်ရမှာပါ။ ဒီနှစ်မှာ ကျနော်တို့ဟာ တိုးတက်မှုရှိနေပါတယ်။ ကျနော်တို့အမှတ်တွေကို ပြန်ယူပြီး အသင်းတိုင်းကို အနိုင်ရအောင်ယှဉ်ပြိုင်ရမယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အဆင့် ၄ နေရာက ဗီလာအသင်း ခြေချော်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပရီးမီးယားလိဂ်က ၅ နေရာရရှိမှသာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်လို့ရမှာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အဆင့် ၅ နေရာက စပါးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၆ မှတ်ကွာဟနေသေးတာ ဖြစ်ပါတယ်။
အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အင်္ဂလန်ကလပ်အသင်းတွေဟာ ဒီရာသီဥရောပပြိုင်ပွဲ ၃ ခုစလုံးမှာ ရလဒ်ကောင်းတွေရယူပြီး UEFA ရဲ့ စွမ်းဆောင် ရည်အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံး ၂ နေရာ ရပ်တည်နိုင်မှသာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာကို ရယူနိုင်မှာပါ။
ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းသာရှိပြီး ဂိုးပေါက်ကန်သွင်းမှုက ၃ ကြိမ်သာရှိခဲ့တဲ့အထိ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲ ၁၁ ပွဲအထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဂိုးကွာခြားချက်က - ၂ ဖြစ်နေခဲ့တာပါ။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ သူတို့ဟာ ပထမပိုင်းမိနစ် ၂၀ မှာ ဂိုးရနိုင်မယ့် အခွင့်အရေး တွေ ပိုပြီးရခဲ့သလို နိုင်ပွဲရဖို့နဲ့ သရေကျဖို့အထိ နီးစပ်ခဲ့သေးတယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၁ မှတ်အကွာအဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 543
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃
အာဂျင်တီးနားအသင်းဟာ အခုလထဲကစားမယ့် ခြေစမ်းပွဲ ၂ ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့တာမှာ ယူနိုက်တက် တောင်ပံကစားသမား ဂါနာချိုဟာ အသင်းခေါင်းဆောင် မက်ဆီတို့နဲ့အတူ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းဟာ အစောပိုင်းက အိုင်ဗရီကို့စ်၊ နိုင်ဂျီးရီးယားအသင်းတို့နဲ့ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပေမယ့် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ဟောင်ကောင်ခြေစမ်းပွဲတွေမှာ ပါဝင် မကစားခဲ့တဲ့ အတွက် တရုတ်နိုင်ငံက ဒီခြေစမ်းပွဲတွေကို ဖျက်သိမ်းခဲ့တာပါ။
အဲဒါကြောင့် အာဂျင်တီးနားအသင်းဟာ အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ ပြောင်းလဲစီစဉ်ခဲ့ရပြီး မတ်လ ၂၂ ရက်မှာ အယ်လ်ဆာဗေးဒိုး၊ ၂၆ ရက်မှာ ကော်စတာရီကာနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲတွေမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက သူ့ကိုခြေစမ်းပွဲ လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။
ဂါနာချိုအနေနဲ့ ဒီပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ရင် လာမယ့် ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက် အာဂျင်တီးနား အသင်း လူစာရင်းမှာ ရွေးချယ်ခံရနိုင်တာ ဖြစ်ပါတယ်။
မက်ဆီကတော့ ဒီခြေစမ်းပွဲတွေမှာ အာဂျင်တီးနားအသင်းအတွက် ပါဝင်မှာဖြစ်လို့ နယူးယော့ခ်ရက်ဘူးလ် အသင်းနဲ့ ကစားမယ့် မေဂျာလိဂ်ပွဲမှာ အင်တာမိုင်ယာမီ အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
အာဂျင်တီးနားအသင်း လူစာရင်းမှာ ဂါနာချိုအပြင် ဆယ်ကျော်သက် ကစားသမားတွေဖြစ်တဲ့ ဘရိုက်တန် အသင်းက ဘာကိုနဲ့ ဖာဂန်ဒို၊ မွန်ဇာအသင်းက ကာဘိုနီတို့လည်း ရွေးချယ်ခံခဲ့ရတာပါ။
အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင် ဇွန်လထဲမှာ အီကွေဒေါ၊ ဂွာတီမာလာအသင်းတို့ နဲ့ အမေရိကန်မှာပဲ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ကိုပါအမေရိက ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ ပီရူး၊ ချီလီ၊ ကွန်ကာကပ်ဖ်ဇုန် ပလေးအော့ဖ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 519
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ချက်စတာဒါဘီ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့်ပွဲမှာ ယူနိုက်တက်အသင်း ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။
ဂွာဒီယိုလာက “ကျနော် ယူနိုက်တက်ဆီကနေ အကောင်းဆုံးတွေကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် ကျနော် အလွန် လေးစားတဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်ပြီး သူတို့ဘာတွေ လုပ်နေလဲဆိုတာ ကျနော်ပြောမှာ မဟုတ်ပါဘူး။ ကျနော့် စကားနဲ့ပတ်သက်ပြီး လူတွေကိုနားလည်မှု မလွဲစေချင်ပါဘူး။ ကျနော်ဟာ သူတို့အကြောင်းကို သိပြီး အသင်းကိုရော နည်းပြကိုရော ကစားသမားတွေကိုပါ လေးစားပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ အပါအဝင် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရလဒ် ရယူထားနိုင်ခဲ့ ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာလည်း မန်စီးတီးအသင်းဟာ ယူနိုက်တက်အသင်းကို ရမှတ် ၁၅ မှတ်အထိ အသာရထားပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မြို့ခံပြိုင်ဘက်အသင်းကို လေးလေး စားစားနဲ့ ယှဉ်ပြိုင်သွားမှာလို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက်တိုက် ရှုံးပွဲမရှိထားသလို ယူနိုက်တက်အသင်း ကလည်း ၂၀၂၄ ခုနှစ်ထဲမှာ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။
ဒီပွဲဟာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ် လက်ထက် ပထမဆုံး မန်ချက်စတာဒါဘီ ပွဲစဉ်ဖြစ်တာပါ။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ကတော့ လာမယ့် ၃ နှစ်အတွင်း မန်စီးတီးအသင်းကို ယူနိုက်တက်အသင်း ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားတယ်လို့ အင်တာဗျူးမှာ ပြောထားပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ရာသီမှာ ချန်ပီယံဆု ၅ ကြိမ် ရယူနိုင်ခဲ့ပြီး ဒီရာသီမှာ ထပ်မံရယူကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံကို ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: besoccer

- By CNI
- Category: အားကစား
- Hits: 618
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂
ဘိုင်ယန်မြူးနစ်အသင်းဟာ ဖရိုင်းဘတ်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ သရေကျသွားခဲ့ပြီးနောက် နည်းပြ တူချယ်လ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှု ပြုလုပ်သွားခဲ့ပါတယ်။
တူချယ်လ်က “ကျနော်တို့ဟာ ပထမနာရီဝက်မှာ ကောင်းမွန်စွာ မကစားခဲ့တာကြောင့် အနောက်ကနေ လိုက်ကစားဖို့ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ ခြားနားတဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ဒီမှာ ကစားချင်ခဲ့ပေမယ့် ဂိုးပေးရပြီးမှသာ ဒါကိုစလုပ်နိုင်ခဲ့တာပါ။ အရင်က မပြောဖူးတဲ့အရာတွေ မလုပ်ဖူးတဲ့အရာတွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ ကျနော်တို့ ဒီမှာအနိုင်ရချင်တယ်ဆိုရင် တစ်ဝက်လောက် ကောင်းရုံနဲ့ မလုံလောက် ဘူး”လို့ ပြောခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ဖရိုင်းဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဖရိုင်းဘတ်အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့တာကို ဘိုင်ယန်မြူးနစ်အသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပွဲပြီးဖို့ မိနစ်အနည်းငယ်အလိုမှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် အမှတ်ခွဲယူခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲသရေကြောင့် အဆင့် ၁ နေရာက လေဗာကူဆင်အသင်းနဲ့ ၇ မှတ်ကွာဟနေပြီး လေဗာကူဆင်အသင်းသာ လာမယ့်ပွဲမှာ အနိုင်ရခဲ့ရင် ၁၀ မှတ်အထိ ကွာဟသွားတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ရလဒ်တွေ ဆိုးရွားနေကာ နည်းပြ တူချယ်လ်ကလည်း ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ကြားရက်မှာကစားမယ့် လာဇီယိုအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရလဒ်မရယူနိုင်ရင် ဆုဖလားလက်မဲ့နဲ့ ဒီရာသီကို အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လာဇီယိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
Source: livescore

- By CNI
- Category: အားကစား
- Hits: 550
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၂
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က မိုနာကိုအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ တိုက်စစ်မှူး ဘတ်ပီကို လူစားလဲခဲ့တာက သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော်တို့ဟာ အနှေးနဲ့အမြန် ဘတ်ပီ မပါဝင်ဘဲ ကစားရမှာဖြစ်တာကြောင့် ကျနော်ဟာ အသင်းအတွက် အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေနေပါတယ်။ တစ်ခါတလေမှာ ကျနော်မှန်သလို တစ်ခါတလေ မှာ ကျနော်မှားနိုင်ပါတယ်။ ဘတ်ပီ မပါဝင်ဘဲ ကစားတာကို ကျနော်တို့ ကျင့်သားရနေဖို့လိုပါတယ်။ ကျနော်ဟာ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာဖြစ်ပြီး အငြင်းပွားမယ့် အရာတွေ မဖန်တီးချင်ပါဘူး။ ဒါက ကျနော့်ရဲ့ ဆုံးဖြတ်ချက်”လို့ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့အပတ်က ရီးနတ်စ်အသင်းနဲ့ သရေကျခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာလည်း ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် နည်းပြလူးဝစ်အင်းနရစ်ဟာ ဘတ်ပီကို ၂ ပွဲဆက်တိုက် ပွဲချိန်ပြည့်အထိ အသုံးပြုခဲ့ခြင်းမရှိတာပါ။
ဘတ်ပီဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး ရီးရယ်လ်အသင်းနဲ့ အပြောင်း အရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီရာသီအကုန်မှာ ဘတ်ပီကို ဆုံးရှုံးရတော့မှာဖြစ်လို့ နည်းပြ လူးဝစ်အင်းနရစ်ဟာ ဘတ်ပီ မပါဝင်တဲ့ အသင်းကို ကြိုပြီးပြင်ဆင်နေတာပါ။
ဘတ်ပီဟာ အသင်းဟောင်း မိုနာကိုအသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းအရန်ခုံ ပေါ်မှာရှိမနေဘဲ ပွဲကြည့်စင်ပေါ်ကို သွားရောက်ကာ မိခင်ဖြစ်သူနဲ့အတူ ပွဲကိုကြည့်ရှုနေခဲ့တာ ဖြစ်ပါတယ်။
ပွဲပြီးဆုံးချိန်မှသာ ဘတ်ပီဟာ အသင်းဖော်တွေနဲ့ ကွင်းထဲမှာ ပြန်လည်ပူးပေါင်းခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဟာ မိုနာကိုအသင်းနဲ့ သရေကျခဲ့ပေမယ့် ဒုတိယနေရာက ဘရက်စ်အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ၁၂ မှတ် အသာ ရကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 438
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် ၄ လကျော်ကြာ အနားယူခဲ့ရတဲ့ ကွင်းလယ်လူ ပါတေးဟာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်မယ်လို့ အတည်ပြု ခဲ့ပါတယ်။
အာတီတာက “ပါတေးဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမတိုင်ခင် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲဒါကြောင့် ရှက်ဖီးယူနိုက်တက် အသင်းနဲ့ပွဲ အတွက် အသင်းလူစာရင်းမှာ သူပါဝင်နိုင်မှာပါ”လို့ ပြောခဲ့တာပါ။
ပါတေးဟာ ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အောက်တိုဘာလကတည်းက အာဆင်နယ်အသင်းအတွက် ပါဝင် ကစားနိုင်ခြင်းမရှိသလို ဂါနာအသင်းနဲ့လည်း အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တဲ့ ပါတေးပြန်လာမှာက အသင်းရဲ့ လူစာရင်းအင်အားကို ပိုပြီးအားကောင်းသွားမှာ ဖြစ်ပါတယ်။
အာတီတာကို တွေ့ရစဉ်
ဒါအပြင် ဒဏ်ရာကြောင့် အနားယူနေရတဲ့ နောက်ခံလူ ဇင်ချန်ကိုနဲ့ တိုမီယာဆုတို့လည်း အသင်းအတွက် ပြန်ပါဝင် နိုင်ဖို့ နီးစပ်နေပြီလို့ နည်းပြ အာတီတာက ပြောခဲ့တာပါ။
ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ အရန်လူစာရင်းမှာ ပြန်ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်အနေနဲ့ ပွဲချိန်ပြည့်ကစားနိုင်ဖို့အတွက် အချိန်လိုအပ်သေးတယ်လို့ စပိန် လူမျိုးနည်းပြက ပြောခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက် ခက်ခဲနိုင်တယ်လို့ အာတီတာ က ပြောထားတာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ကစားအပြီးမှာ ၅၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 371
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
လာလီဂါဥက္ကဋ္ဌ တီဘက်စ်က ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားလာရောက် ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို စပိန်မှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
တီဘက်စ်က “ဂရင်းဝုဒ်ဟာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေတာကြောင့် ကျနော်က သူ့ကို စပိန်မှာ ဆက်ပြီး ရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက ကျနော်တို့ စပိန်ဘောလုံးလောကအတွက် ကောင်းမွန်တယ်”လို့ လန်ဒန်မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ သူ့အပေါ် စွဲချက်တင်ထားတဲ့ မုဒိမ်းမှုစွဲချက် အပါအဝင် စွဲချက်တွေ အားလုံးကနေ လွတ်မြောက်ခဲ့ ပေမယ့် ယူနိုက်တက်အသင်းရဲ့ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုခံရပြီးနောက် အသင်းကနေ ထွက်ခွာခဲ့တာပါ။
လာလီဂါဥက္ကဋ္ဌ တီဘက်စ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အသစ်ကို ချမှတ်သွားမယ်လို့ မကြာသေးခင်က ပြောထားတာပါ။
ဒါပေမယ့် အမျိုးသမီး အဖွဲ့အစည်းအချို့က ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီးပြောခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ယူနိုက်တက်အသင်းထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းထံ ပြန်လာဖွယ်မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။
တီဘက်စ်က “တရားစီရင်ရေး လုပ်ငန်းစဉ်ကို လေးစားသင့်ပြီး ဥပဒေကြောင်းအရ ဆုံးဖြတ်ချက်ကို လေးစားရမှာ ပါ။ တခြားအကြောင်း ပြောနေစရာ မရှိပါဘူး။ သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက် ကျနော်ကတော့ ဂရုမစိုက်ဘူး”လို့ ပြောခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၂၅ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 425
CNI Sport News
၂၀၂၄ ခုနှစ်၊ မတ်လ ၁
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ အာဆင်နယ်အသင်းနည်းပြ အာတီတာကိုအနိုင်ရပြီး ၂၀၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ London Football Awards မှာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဆဲလ်တစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပိုစတီကိုဂလူးဟာ စပါးအသင်းကို ရလဒ်တွေ ကောင်းအောင် ကိုင်တွယ်ပေးထားတာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။
စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ပေမယ့် ပိုစတီကိုဂလူးဟာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နိုင်အောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီးနောက် ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ် ထားနေတာပါ။
အာတီတာဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂ နှစ်ဆက်တိုက် ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးထားပေမယ့် ပိုစတီကိုဂလူးဟာ တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်က တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာပါ။
ပိုစတီကိုဂလူးကို တွေ့ရစဉ်
ဒီကလန်ရိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းဖော်ဟောင်း ဘိုဝင်၊ စပါးအသင်းက ဗီကာရီယိုနဲ့ ပေါ်ရို၊ အာဆင်နယ်အသင်းက ဆာလီဘာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာပါ။
တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာက ရရှိခဲ့ပါတယ်။
ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ၃၄ ပွဲ ကစားထားပြီး ၁၄ ဂိုးသွင်းယူကာ ၉ ဂိုးဖန်တီးထားတာပါ။
တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကိုတော့ စပါးအသင်းအတွက် လက်စွမ်းပြသနေတဲ့ ဗီကာရီယိုက ရရှိသွား ခဲ့ပါတယ်။
ဗီကာရီယိုဟာ ဝက်စ်ဟမ်းအသင်း ဂိုးသမား အေရီယိုလာ၊ ဖူလ်ဟမ်အသင်းဂိုးသမား လီနိုနဲ့ ပဲလေ့စ်အသင်း ဂိုးသမား ဆမ်ဂျွန်စတုန်းစ်တို့ကို အနိုင်ရပြီး ဒီဆုကို ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီး အမျိုးသမီးအသင်းက လော်ရန်ဂျိမ်းစ်ဟာ WSL အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ဘီဗာဂျုံးစ်က အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
Source: Daily Mail