
- By CNI
- Category: အားကစား
- Hits: 421
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
လေဗာကူဆင်အသင်းဟာ မိန့်ဇ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ပြိုင်ပွဲစုံ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ ဂျာမနီစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
လေဗာကူဆင် အသင်းအတွက် ဂိုးတွေကို ရှာကာနဲ့ အန်ဒရစ်ချ်တို့က သွင်းယူခဲ့တာဖြစ်ပြီး မိန့်ဇ်အသင်းအတွက် ချေပဂိုးကို ခိုက သွင်းယူခဲ့တာပါ။
လေဗာကူဆင်အသင်းဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြိုင်ပွဲစုံ ၃၂ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သလို ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၁၁ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ လေဗာကူဆင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရှာကာဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း သူ့ရဲ့ပထမဆုံး ဘွန်ဒစ်လီဂါ သွင်းဂိုးဖြစ်လာခဲ့တာပါ။
အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အန်ဒရစ်ချ်က အသင်းဟာ မိန့်ဇ်အသင်းနဲ့ပွဲမှာ ကောင်းမွန်စွာ မကစားနိုင်ခဲ့ပေမယ့် ကံကောင်းပြီး နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အန်ဒရစ်ချ်က “ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျနော်တို့ဟာ ဒီပွဲကို ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး။ ကျနော် တို့ဟာ အနည်းငယ် ကံကောင်းခဲ့တဲ့အတွက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ လိုအပ်တဲ့ ဖြေရှင်းချက် တွေကို ရှာမဖွေနိုင်ခဲ့ပါဘူး။ ကျနော်တို့ အမှားအယွင်းတွေ အများကြီးလုပ်ခဲ့တယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
လေဗာကူဆင်အသင်းဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ပိုကယ် ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါအပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာကြောင့် ဒီရာသီ ဆုဖလား ၃ လုံး ရယူနိုင် မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
လေဗာကူဆင်အသင်းဟာ ၁၉၉၂-၉၃ ရာသီက ပိုကယ်ဖလား ရယူပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 421
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ဆီဗီလာအသင်းနောက်ခံလူ ရာမို့စ်ဟာ ၄ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဘာနေဗျူးကွင်းကို သွားရောက် ပြီး အသင်းဟောင်း ရီးရယ်လ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲမခံဘူးလို့ ပြောခဲ့ပါတယ်။
ရာမို့စ်က “မက်ဒရစ်သားတွေ အားလုံးနဲ့ ပရိသတ်တွေကို ကျနော်လေးစားပါတယ်။ ကျနော်ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံသွားမှာ မဟုတ်ပါဘူး။ ဒီဂိုးက ကျနော်တို့ အနိုင်ရဖို့ လုံလောက်ပြီဆိုရင် ကျနော် ဝမ်းသာမှာပါ။ ဒီ ၃ မှတ်က ကျနော်တို့အတွက် အလွန်ကောင်းပါလိမ့်မယ်။ ဘာနေဗျူးကွင်းကို ပြန်ရောက်တာဟာ အိမ်ကိုပြန်ရောက် သလို ခံစားရမှာဖြစ်ပြီး ကျနော့်အတွက် ထူးခြားတဲ့ အခိုက်အတန့် ဖြစ်မယ်လို့ ထင်ကြောင်း”ပြောခဲ့တာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်ဟာ ၂၀၂၁ ခုနှစ်က ပီအက်စ်ဂျီအသင်းထံ မပြောင်းရွှေ့ခင် ရီးရယ်လ်အသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလားပေါင်း ၂၂ လုံး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီက ငယ်ဘဝကလပ် ဆီဗီလာအသင်းထံ ပြောင်းရွှေ့ကာ စပိန်ကိုပြန်လာခဲ့တာပါ။
ရာမို့စ်ကို တွေ့ရစဉ်
ရာမို့စ်ဟာ ရီးရယ်လ်အသင်းအတွက် ပွဲပေါင်း ၆၇၁ ပွဲ ကစားခဲ့ပြီး အသင်းရဲ့သမိုင်းမှာ စတုတ္ထမြောက်ပွဲ အများဆုံး ကစားထားတဲ့သူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
ရာမို့စ်ဟာ ဒီရာသီမှာ ဆီဗီလာအသင်းအတွက် ၂၄ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားတာပါ။
ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီလာအသင်းဟာ ဒီရာသီမှာရလဒ်တွေဆိုးနေပြီး စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းဟာ မကြာသေးခင်က နည်းပြ အပြောင်းအလဲတွေနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲ သရေနဲ့ ရှုံးပွဲမရှိထားတာပါ။
ရီးရယ်လ်အသင်းကတော့ စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက ဂျီရိုနာအသင်းကို ၆ မှတ်ဖြတ်ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 375
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက နည်းပြဘဝက အနားမယူခင် နိုင်ငံအသင်းတစ်သင်းကို အဓိကပြိုင်ပွဲ တစ်ခုမှာ ကိုင်တွယ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်ဟာ နိုင်ငံအသင်းတစ်သင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဒါမှမဟုတ် ယူရိုပြိုင်ပွဲမှာ လေ့ကျင့်မှုတွေ ပြုလုပ်ပေးပြီး ကိုင်တွယ်ပေးချင်ပါတယ်။ ဘယ်နိုင်ငံက ကျနော့်ကို လိုချင်လဲဆိုတာ မသိပါဘူး။ ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဖြတ်သန်းရတဲ့ အတွေ့အကြုံကို လိုချင်ပါတယ်။
အခုကနေ ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်အတွင်း ဘယ်အချိန် ဖြစ်မလဲဆိုတာတော့ မသိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြချင်တဲ့အတွေ့အကြုံကို ကျနော်အမှန်တကယ် လိုချင်ပါတယ်”လို့ ESPN Brasil ကို ပြောခဲ့တာပါ။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေသေးပြီး စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆန် ထားခြင်း မရှိပါဘူး။
စပိန်လူမျိုးနည်းပြဟာ အရင်က ဘရာဇီးလ်၊ အင်္ဂလန်၊ အမေရိကန်အသင်းတို့ရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ကလပ်အသင်းတွေကိုသာ ကိုင်တွယ်နေခဲ့တာပါ။
ဂွာဒီယိုလာကို တွေ့ရစဉ်
အခုအချိန်မှာတော့ ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ ဒါမှမဟုတ် ကိုပါအမေရိက ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့ တာမှာ အောင်မြင်မှု အများအပြား ရရှိခဲ့ပြီး အဓိကဆုဖလားပေါင်း ၃၂ ခုအထိ ရယူနိုင်ခဲ့တာပါ။
စပိန်လူမျိုးနည်းပြဟာ နိုင်ငံအသင်းကို အဓိကပြိုင်ပွဲတစ်ခုမှာ ကိုင်တွယ်ချင်တဲ့ နည်းပြအတွေ့အကြုံကိုသာ လိုချင်တာဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့အထိတော့ ရည်မှန်းထားခြင်း မရှိပါဘူး။
ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ဘူးဆိုရင် နိုင်ငံအသင်းတစ်သင်းကို ကိုင်တွယ်မယ့် ဆန္ဒကို အကောင်အထည်ဖော်ဖို့ ရှိနေတာပါ။
ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်နဲ့ FA ဖလားပြိုင်ပွဲမှာ ပဉ္စမအဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 595
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
ရီးရယ်လ်အသင်းကွင်းလယ်လူ တိုနီကရူးစ်ဟာ ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ဂျာမနီအသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ်ရှိ တိုနီကရူးစ်ဟာ နိုင်ငံအသင်းအတွက် ၁၀၆ ပွဲ ပါဝင်ကစားထားတာပါ။
တိုနီကရူးစ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြင်းထန်စွာ ဝေဖန်ခဲ့တာကြောင့် ပြိုင်ပွဲအပြီးမှာ ဂျာမနီအသင်းကနေ အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီအသင်းနည်းပြ နာဂျယ်လ်စမန်းနဲ့ ဆွေးနွေးမှု ပြုလုပ်အပြီးမှာ တိုနီကရူးစ်ဟာ သူ့ရဲ့ဆုံးဖြတ်ချက် ကို ပြန်ပြောင်းခဲ့တာပါ။
တိုနီကရူးစ်က “မတ်လမှာ ဂျာမနီအသင်းအတွက် ကျနော် ပြန်ကစားပေးတော့မှာပါ။ ဘာကြောင့်လဲဆိုရင် နည်းပြ က ကျနော့်ကို ပြန်ကစားပေးဖို့ ပြောခဲ့သလို ကျနော်လည်း ဒီလိုမျိုး လုပ်ချင်တာကြောင့် အဆင်ပြေခဲ့ပါတယ်။ အခု အချိန်မှာ လူအများအပြားက ထင်တာထက် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းနဲ့အတူ အများကြီး ဖြစ်နိုင်ဖွယ် ရှိတယ်ဆိုတာ သေချာတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
တိုနီကရူးစ်ကို တွေ့ရစဉ်
ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဂျာမနီအသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ဆိုးနေတာကြောင့် နည်းပြ ဟန်ဆီဖလစ်ကို ထုတ်ပယ်ပြီး နာဂျယ်လ်စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာပါ။
နာဂျယ်လ်စမန်းကတော့ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ကို အသင်း လူစာရင်းမှာ အားဖြည့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
ဂျာမနီအသင်းဟာ မတ်လထဲမှာ ပြင်သစ်၊ နယ်သာလန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာပါ။
ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်မှာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 498
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃
စပိန်လူမျိုးနည်းပြ ဇာဘီအလွန်ဆိုဟာ လာမယ့်ရာသီမှာ လီဗာပူးလ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ဖွယ်ရှိတယ်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် သူကတော့ လေဗာကူဆင် အသင်းအတွက်သာ အာရုံစိုက်နေတယ်လို့ ပြောခဲ့ပါတယ်။
ဇာဘီအလွန်ဆိုက “ကျနော့် အနာဂတ်နဲ့ပတ်သက်ပြီး ခင်ဗျားတို့မှာ မေးစရာတွေ ရှိကောင်းရှိနိုင်ပေမယ့် ကျနော် ကတော့ ဒါနဲ့ပတ်သက်တဲ့ ပြောစရာအသစ်မရှိပါဘူး။ ဒီလိုထင်ကြေးတွေက ကျနော့်အတွက် ပြဿနာ မဟုတ်ပါ ဘူး။ ကျနော့် ရည်မှန်းချက်က ကျနော့် အသင်းနဲ့အတူ အောင်မြင်မှုရယူဖို့ပါ၊ ဒါက ကျနော့်အလုပ်ပါပဲ။ ကျနော်တို့ ရဲ့ လက်ရှိအနေအထားက ကောင်းမွန်နေပြီး ဒါကို ဆက်ပြီးထိန်းထားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ဒီရာသီမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိအောင် ကိုင်တွယ်ပေးထားတာကြောင့် အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတာဖြစ်ပါတယ်။
လေဗာကူဆင်အသင်းဟာ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ၈ မှတ်အထိဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။
ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ၁၁ နှစ်ဆက်တိုက် အမှတ်ပေးဖလား ရယူထားတာကို ဒီရာသီမှာ အဆုံးသတ်ဖို့ လေဗာကူဆင်အသင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုကို တွေ့ရစဉ်
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းနည်းပြ တူချယ်လ်တို့ဟာ ဒီရာသီအကုန်မှာ သူတို့ ရဲ့ အသင်းတွေကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ဇာဘီအလွန်ဆိုဟာ ဒီနှစ်သင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင် မယ့် စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။
ဇာဘီအလွန်ဆိုဟာ လီဗာပူးလ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း ၂ သင်းစလုံးမှာ ကစားခဲ့တာကြောင့် ကလပ်အသင်းတွေဟာ သူတို့ရဲ့ ကစားသမားဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုဟာ လာမယ့်ရာသီ လေဗာကူဆင်အသင်းမှာပဲ ဆက်ပြီးရှိနေနိုင်သလားဆိုတဲ့ မီဒီယာသမားတွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေရှင်းနေရပါတယ်။
လေဗာကူဆင်အသင်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ စတင်ကိုင်တွယ်ခဲ့တဲ့ ဇာဘီအလွန်ဆိုနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။
လေဗာကူဆင်အသင်းဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် မိန့်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA

- By CNI
- Category: အားကစား
- Hits: 382
CNI Sport News
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၂
ယူနိုက်တက်အသင်းဂန္ထဝင် ဝိန်းရွန်နီက မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ချင်တယ်လို့ ပြောလိုက်ပါတယ်။
ဝိန်းရွန်နီက "ဂွာဒီယိုလာကသာ ကျနော့်ကို သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်မလားလို့ မေးခဲ့ရင် ကျနော် မန်စီးတီးကို ရောက်သွားမှာပါ။ အာတီတာအခု ဘာတွေလုပ်ပြနေလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ဒီထဲက အရာတွေက အများကြီးက ဂွာဒီယိုလာဆီကနေ သင်ယူထားတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကျနော့် အတွက်တော့ ဂွာဒီယိုလာက အကောင်းဆုံးနည်းပြပါ"လို့ ပြောခဲ့တာပါ။
ဝိန်းရွန်နီဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ စိတ်ပျက် စရာတွေနဲ့သာ ကြုံတွေ့ခဲ့ရတာပါ။
ဝိန်းရွန်နီဟာ နည်းပြအဖြစ် ဒါဘီ၊ ဒီစီယူနိုက်တက်နဲ့ ဘာမင်ဂမ်အသင်းတို့ကို ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။
ဂွာဒီယိုလာနဲ့ အာတီတာကို တွေ့ရစဉ်
ဝိန်းရွန်နီဟာဆိုရင် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ဘာမင်ဂမ်အသင်းမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။
အဲဒါကြောင့် ဝိန်းရွန်နီဟာ မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖို့ စိတ်ကူးနေတာ ဖြစ်ပါတယ်။
အာတီတာ တုန်းကလည်း အာဆင်နယ်အသင်းကို မကိုင်တွယ်ခင် ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ပြီး သင်ယူမှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒါကြောင့် အာတီတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်တဲ့ ပထမရာသီမှာတင် FA ဖလား ရယူပေးနိုင် ခဲ့ပါတယ်။
ဒါ့အပြင် စပိန်လူမျိုးနည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို ကွန်မြူနတီဒိုင်း ၂ ကြိမ် ရယူပေးနိုင်ခဲ့တာပါ။
အာတီတာဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိ ကိုင်တွယ်ပေးထားတာဖြစ်ပါတယ်။
Source: Independent

- By CNI
- Category: အားကစား
- Hits: 498
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
ယူနိုက်တက်အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်က တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ အနာဂတ်ဟာ အသင်းမှာ ရှိနိုင်သေးတယ်လို့ ပြောလိုက်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်က "ကျနော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှာပါ။ အမှန်တရားကို နားလည်ဖို့ ကြိုးစား သွားမှာပါ။ သူကလူကောင်းလား၊ လူဆိုးလား။ သူက စိတ်ရင်းမှန်နဲ့ ကောင်းမွန်စွာ ကစားနိုင်မလား။ ကျနော်တို့နဲ့ ရော ပရိသတ်တွေနဲ့ရော အဆင်ပြေမှုရှိမလား။ ဒါကို ကျနော်တို့ ဆုံးဖြတ်သွားရမှာပါ"လို့ ပြောခဲ့တာပါ။
ယူနိုက်တက် အကယ်ဒမီထွက် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဂီတာဖေးအသင်း ထံ ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ် စွဲချက်တင်ခံခဲ့ရတဲ့ အမှုတွေအားလုံးကနေ ကင်းလွတ်ခွင့်ရပြီးနောက် အသင်း အတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ သူ့ကို ပြန်လည် အသုံးပြုဖို့ စဉ်းစားခဲ့သေးတာပါ။
ဒါပေမယ့် ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် ဂရင်းဝုဒ်ကို အငှားချခဲ့ရတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ အခုရာသီအကုန်မှာ ဂရင်းဝုဒ်ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေဖို့ စဉ်းစားနေတာပါ။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဘာစီလိုနာအသင်း အပါအဝင် ထိပ်သီး အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေခဲ့ပါတယ်။
ဒီအချိန်မှာ ယူနိုက်တက်အသင်းရဲ့ တရားဝင် ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလစ်ဖ်က ဂရင်းဝုဒ်ကို အသင်းမှာ ပြန်လည်ကစားနိုင်ဖို့ လမ်းဖွင့်ထားတဲ့ အကြောင်းကို ပြောလာခဲ့တာပါ။
ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 438
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
လီဗာပူးလ်အသင်းဟာ အဓိက ကစားသမား အများအပြား ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြကလောပ့် ကတော့ ကစားသမား ၁၁ ဦးရှိရင် ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲယှဉ်ပြိုင်လို့ရတယ်လို့ ပြောခဲ့ပါတယ်။
ကလောပ့်က “ဗိုလ်လုပွဲအတွက် ဘယ်ကစားသမားတွေ ကြံ့ခိုင်မှုပြည့်ဝမလဲဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် လူတန်အသင်းနဲ့ပွဲမတိုင်ခင် ကျနော်ပြောခဲ့သလိုပါပဲ၊ ကစားသမား ၁၁ ဦးရှိရင် ဗိုလ်လုပွဲကို ကျနော်တို့သွားမှာပါ။ ကျနော်တို့ဟာ ဗိုလ်လုပွဲမှာ ရေပန်းစားသလားဆိုရင်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ချယ်လ်ဆီးအသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ အချိန်ပြီးကတည်းက သူတို့ဟာ အများကြီး တိုးတက်လာခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိက ကစားသမား ၉ ဦးအထိ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒီကစားသမားတွေကတော့ အလီဆန်၊ အာနိုးလ်၊ ဂျိုတာ၊ ဆာလက်၊ သီယာဂို၊ ဆိုဘော့ဇ်လိုင်း၊ မာတစ်၊ ကာတစ်ဂျုံးစ်နဲ့ ဒါဝင်နူးနက်ဇ်တို့ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ အဓိက ကစားသမား အများအပြား ဒဏ်ရာရရှိနေတာကြောင့် စိုးရိမ်မှုတွေရှိနေပါတယ်။
လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကို တွေ့ရစဉ်
ဒါပေမယ့် နည်းပြကလော့ပ်ကတော့ သူတို့ဟာ ပွဲကစားလို့ရမယ့် ကစားသမား ၁၁ ဦးရှိရင်တောင် ဗိုလ်လုပွဲကို ယှဉ်ပြိုင် သွားမယ်လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲစဉ်မှာ ပျှမ်းမျှ ၂၅ နှစ်နဲ့ ၆၈ ရက်သာရှိတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ တာဖြစ်ပြီး ဒါဟာ အသင်းအတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း ဖြစ်ခဲ့တာပါ။
ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အရန်လူစာရင်းမှာ အသက် ၁၉ နှစ်နဲ့အောက် ကစားသမား ၅ ဦးအထိ ထည့်သွင်း လာခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ လူတန်အသင်းနဲ့ပွဲမှာ ပွဲချိန် ၁၂ မိနစ်ကတည်းက လူတန်အသင်းရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်း ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဗန်ဒိုက်၊ ဂတ်ပို၊ ဒီယက်ဇ်နဲ့ အီးလီးယော့တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာပါ။
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၄ မှတ် အသာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 351
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရှုံးနိမ့်မှုကနေ သင်ယူမှုတွေ ပြုလုပ်ရမယ်လို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။
အာတီတာက ‘ပွဲပြီးဆုံးမယ့် အချိန်မှာ ပေးခဲ့ရတဲ့ဂိုးကြောင့် ကျနော် အလွန်စိတ်ပျက်မိပါတယ်။ ကျနော်တို့ဟာ ဒီလိုအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အပြစ်ပေးခံရမှာပါ။ ကျနော်တို့ ဟာ ပိုကောင်းအောင် ကြိုးစားရမှာဖြစ်သလို ဒီရှုံးနိမ့်မှုကနေ သင်ယူရမှာပါ။ အခုမှ ပထမပိုင်းပဲ ရှိသေးတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ပြိုင်ဘက်ကို အိမ်ကွင်းမှာ အနိုင်ရအောင် ကစားရ မှာပါ။ ဒါက ကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ပွဲချိန် ၉၄ မိနစ်မှာ ပေးခဲ့ရတဲ့ ဂါလီနိုရဲ့ သွင်းဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ပေါ်တိုအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာဖြစ်ပြီး ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၇ ကြိမ်စလုံးမှာ ၁၆ သင်းအဆင့် ကနေသာ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီမှတ်တမ်းဆိုးကြီးကို အဆုံးသတ်နိုင်ဖို့အတွက် အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ အနိုင်ရယူဖို့ လိုအပ်နေပါတယ်။
အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကတော့ ဒီရှုံးပွဲကြောင့် စိတ်ပျက်ခဲ့ပေမယ့် အသင်းဟာ အလွန် အပြုသဘောဆောင်တဲ့ အစုအဖွဲ့နဲ့အတူ ၂၀၂၄ ခုနှစ်ထဲမှာ ကောင်းမွန်တဲ့ စတင်မှုတွေရှိခဲ့တာကြောင့် ဒုတိယ အကျော့မှာ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပေါ်တိုအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲရရှိတဲ့ မှတ်တမ်းကောင်းလည်း ရပ်တန့်သွားခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်း အိမ်ကွင်းမှာ ကစားခဲ့တုန်းက ရှုံးနိမ့်မှုကို ပြန်လည်တုန့်ပြန်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 410
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်ပေးခဲ့တဲ့ နည်းပြ အီမားစ်ဖေးကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အပြီးမှာ နည်းပြ လူးဝစ်ဂတ်ဆက်ကို ရာထူးက ထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြ အီမားစ်ဖေးကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အိုင်ဗရီကို့စ်အသင်းဟာ အုပ်စုတွင်း အကောင်းဆုံး အုပ်စုတတိယအဖြစ် ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ ဆီနီဂေါအသင်းကို ပင်နယ်တီ အဆုံးအဖြတ်၊ ကွာတားဖိုင်နယ်မှာ မာလီအသင်းကို အချိန်ပိုနဲ့ ဆီမီးဖိုင်နယ်မှာ ကွန်ဂိုအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ဗိုလ်လုပွဲမှာတော့ နိုင်ဂျီးရီးယားအသင်းကို အနိုင်ရယူပြီး အာဖရိကဖလား ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
အိုင်ဗရီကို့စ်အသင်း ဆုဖလားရစဉ်
အီမားစ်ဖေးဟာ သူရဲ့လက်ထက်မှာ အိုင်ဗရီကို့စ်အသင်းကို ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်ပေးပြီး ချန်ပီယံ ဖြစ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်ဟာ အီမားစ်ဖေးကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း အတည်ပြုခဲ့ပေမယ့် စာချုပ်သက်တမ်းကိုတော့ ဖော်ပြခဲ့ခြင်း မရှိတာပါ။
အိုင်ဗရီကို့စ်အသင်းဟာ လာမယ့်လမှာ အာဂျင်တီးနားအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိပေမယ့် တရုတ်နိုင်ငံက ဒီခြေစမ်းပွဲကို ဖျက်ခဲ့တာကြောင့် ဇွန်လရောက်မှသာ ပွဲတွေကို ပြန်ပြီးယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ဇွန်လမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)ပွဲစဉ်တွေအဖြစ် ဂါဘွန်၊ ကင်ညာတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
အိုင်ဗရီကို့စ်အသင်းဟာ ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိလို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရခြင်း မရှိတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပါတယ်။
Source: BBC