CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၄

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အမျိုးသားနိုင်ငံတကာ ဘောလုံးလောကမှာ နိုင်ပွဲအများဆုံး ကစားသမားအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်းကို ရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အချိန်ပိုမှာ အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် မတိုင်ခင်မှာ ဒီဂုဏ်ပြု မှတ်တမ်းကို လက်ခံရရှိခဲ့တာပါ။ 

ဘောလွန်းဒီအောဆုကို ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းဖော်ဟောင်း ရာမို့စ်ရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး နိုင်ငံတကာဘောလုံးပွဲတွေမှာ နိုင်ပွဲ ၁၃၂ ပွဲနဲ့ နိုင်ပွဲ အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အမျိုးသားနိုင်ငံတကာ ဘောလုံးလောကမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ဂင်းနစ် ကမ္ဘာ့စံချိန်တင်ထားတာပါ။ 

ရော်နယ်ဒိုဟာ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၆ မိနစ်မှာရရှိတဲ့ ပင်နယ်တီကို ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ ပေမယ့် ဒုတိယပိုင်းပွဲချိန် ၇၂ မိနစ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကြောင့် ၂၂ နှစ်ဆက်တိုက် နိုင်ငံတကာသွင်ဂိုးကို ရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီအသင်းအတွက် ၂၁၉ ပွဲ ပါဝင်ကစားထားပြီး ၁၃၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ဒိန်းမတ်အသင်းကို ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့ မှာ ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ 

အဲဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့တာမှာ ပေါ်တူဂီအသင်းက အနိုင်ဂိုး ၂ ဂိုးရရှိပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ စပိန်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဒီပွဲတွေကို ဇွန်လထဲ ကျင်းပသွားမှာဖြစ်ပါတယ်။

Source: Goal