
- By CNI
- Category: အားကစား
- Hits: 420
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ဘိုင်ယန်မြူးနစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဇီဒန်းက နည်းပြလောကထဲ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
ဇီဒန်းက “နည်းပြလောကထဲ ပြန်လာဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ တော့ ကျနော်ဟာ အခြားအရာတွေကို လုပ်နေတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ကျနော်ဟာ ခုံတန်းပေါ်ဆီ ပြန်သွားချင်တယ်ဆိုတာပါပဲ”လို့ ပြောခဲ့တာပါ။
ဇီဒန်းဟာ ဂျူဗင်တပ်စ်နဲ့ အီတလီအသင်း နည်းပြဟောင်း မာဆယ်လိုလစ်ပီရဲ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပြသတာကို တက်ရောက်ခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြ တူချယ်လ်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်လို့ ဂျာမန်ကလပ်ဟာ ရီးရယ်လ်အသင်းနည်းပြဟောင်း ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
ဇီဒန်းကို တွေ့ရစဉ်
ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက နည်းပြလောကနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး နည်းပြလောကထဲကို သူပြန်လာမှာက မီဒီယာတွေအတွက် ခေါင်းစဉ်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ဖို့ နိုင်ငံအသင်းတွေနဲ့ ကလပ်အသင်းတွေက ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် သူကတော့ နည်းပြလောကထဲကို ပြန်လာခြင်း မရှိခဲ့တာပါ။
ဒါပေမယ့် ဇီဒန်းသာ ဒီရာသီအကုန်မှာ နည်းပြလောကထဲ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ဇီဒန်းဟာ နည်းပြဘဝကို ရီးရယ်လ်အသင်းမှာသာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ၂၀၁၆ ကနေ၂၀၁၈ ခုနှစ်အထိ ပထမ အကြိမ်၊၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့တာပါ။
ဇီဒန်းဟာ ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၁ ခုအထိ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 416
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ရမှတ် ၁၀ မှတ် လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရတာကို အယူခံဝင်ခဲ့တာမှာ ၆ မှတ်အထိ လျှော့ချပေးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ခွင့်ပြုထားတဲ့ ၃ ရာသီအတွင်း အများဆုံး အရှုံးပြခွင့် ပေါင် ၁၀၅ သန်းထက် ကျော်လွန်ပြီး အရှုံးပြခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ရမှတ် ၁၀ မှတ်လျှော့တဲ့ပြစ်ဒဏ်ချမှတ်ခံ ခဲ့ရတာပါ။
ဒီပြစ်ဒဏ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ပြစ်ဒဏ်ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းဟာ ၁၀ မှတ်လျှော့ ခံခဲ့ရတဲ့အတွက် အဆင့် ၁၄ နေရာကနေ ၁၉ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
ဒါပေမယ့် ၁၀ မှတ်ကနေ ၆ မှတ်အထိ ပြန်လည်လျှော့ချခြင်း ခံခဲ့ရတာကြောင့် အဲဗာတန်အသင်းဟာ အဆင့် ၁၇ နေရာကနေ အဆင့် ၁၅ နေရာအထိ ပြန်တက်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်က “အဲဗာတန်အသင်းဟာ သူတို့ကို ပြစ်ဒဏ်ချမှတ်မှုအပေါ် အကြောင်းအချက် ၉ ချက်နဲ့ အယူခံ ဝင်ခဲ့ပါတယ်။ လူပုဂ္ဂိုလ် ၃ ဦးပါတဲ့ အယူခံဘုတ်အဖွဲ့က ဒီထဲက အချက် ၂ ချက်ဟာ မှားယွင်းနေတယ်ဆိုပြီး ရမှတ် ၆ မှတ်အထိ ပြန်လျှော့ချပေးခဲ့တာ”လို့ ထုတ်ပြန်ခဲ့တာပါ။
အဲဗာတန်အသင်းကို တွေ့ရစဉ်
အဲဗာတန်အသင်းကလည်း အယူခံကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်မိတယ်လို့ ပြောခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ သူတို့ရဲ့ပြစ်ဒဏ်အတွက် ရမှတ်ပြန်လည် လျှော့ချခံခဲ့ရပေမယ့် ၂၀၂၂-၂၃ ရာသီအတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့လို့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့အတူ ဇန်နဝါရီက စွဲချက်တင်ခြင်း ခံခဲ့ရပါတယ်။
အဲဒါကြောင့် အဲဗာတန်အသင်းဟာ နောက်ထပ်အမှတ်တွေ ထပ်ပြီး ဆုံးရှုံးနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဒီအမှုကို ဧပြီ ၈ ရက် နောက်ဆုံးထားပြီး ကြားနာမှာဖြစ်တဲ့အတွက် ရာသီပြီးဆုံးပြီးနောက် တစ်ပတ်အကြာ မေလ ၂၄ ရက်အထိ အယူခံဝင်ခွင့်ရှိတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 429
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို အသင်းမှာ ဆက်ပြီးရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒါက ဒီဘရိုင်းအတွက် မေးစရာတစ်ခုပါ၊ ကျနော်ကတော့ သူ့ကိုဒီမှာ ဆက်ပြီးရှိစေချင်ပေမယ့် ဘာတွေ ဖြစ်လာမလဲဆိုတာ ကျနော်လည်းမသိပါဘူး။ ချိတ်ဆက်မှုတွေကိုတော့ ကြားခဲ့ရပေမယ့် ကမ်းလှမ်းမှု ရှိလားဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ပြီးတော့ ဆော်ဒီက သူ့ကို လိုချင်လားဆိုတာလည်း ကျနော် မသိပါဘူး။ ကျနော်ကတော့ သူ့ရဲ့ကစားသမားဘဝ ကုန်ဆုံးတဲ့အထိ ဒီမှာဆက်ရှိစေချင်ပါတယ်”လို့ ပြောကြားခဲ့ ပါတယ်။
ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ ရှိနေပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အသင်းတွေက သူ့ကိုခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေကို ရပ်တန့်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဒီဘရိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မတိုင်ခင်မှာ ထပ်ပြီးကြိုးစားဖို့ စီစဉ်နေတာပါ။
ဂွာဒီယိုလာနဲ့ ဒီဘရိုင်းကို တွေ့ရစဉ်
အသက် ၃၂ နှစ်အရွယ်ရှိ ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် ၅ လကျော်ကြာ အနားယူခဲ့ရပြီးနောက် ဇန်နဝါရီကမှ မန်စီးတီးအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ဒဏ်ရာက သက်သာပြီးနောက် မန်စီးတီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူကာ ၈ ဂိုး ဖန်တီးထားတာပါ။
၂၀၁၅ ခုနှစ်က ဝုလ်ဖ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒီဘရိုင်းဟာ မန်စီးတီးအသင်းအတွက် ၃၆၇ ပွဲ ပါဝင် ကစားထားပြီး ၉၈ ဂိုး သွင်းယူထားကာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် ဆုဖလား ပေါင်း ၁၄ ခုအထိ ရယူထားနိုင်ခဲ့ပါတယ်။
ဒါအပြင် ဒီဘရိုင်းဟာ တစ်ဦးချင်း အကောင်းဆုံးဆု အများအပြားကိုလည်း ရရှိထားပါတယ်။
မန်စီးတီးအသင်းကတော့ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းမှာ FA ဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 348
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ နောက်ခံလူ အာရူဟိုတို့ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒေကိုက “ဒီဂျောင်နဲ့ အာရူဟိုတို့ ဘာဖြစ်မလဲဆိုရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ သူတို့မှာ စာချုပ်ရှိနေသလို ကျနော်တို့ကလည်း အကောင်းဆုံးတွေကို ဆက်ထိန်းထားချင်ပါတယ်။ သူတို့ဟာ အကောင်းဆုံးသူတွေပါ။ သူတို့တွေဟာ ပရိသတ်တွေနဲ့ ကလပ်အသင်းရဲ့ လေးစားမှုကို ရရှိထားပါတယ်။ ကျနော်တို့သူတို့ကို အသင်းမှာ ဆက်ပြီးထားချင်ပါတယ်”လို့ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခြေအနေကနေ ကောင်းမွန်လာဖို့ ကြိုးပမ်းနေတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားအချို့ကို ရောင်းချပြီး ငွေကြေးရှာဖွေဖို့ အကြံပြုခြင်းခံနေရတာ ဖြစ်ပါတယ်။
နောက်ခံလူ အာရူဟိုဟာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပစ်မှတ်ဖြစ်နေပြီး နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားခံရဖွယ်ရှိနေတာပါ။
ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ အာရူဟိုကို အသင်းမှာ ဆက်ထိန်းထားဖို့ အရေးကြီးတယ်လို့ မကြာသေး ခင်က ပြောခဲ့ပါတယ်။
ဒေကိုကို တွေ့ရစဉ်
ဒီဂျောင်ကလည်း မကြာသေးခင် ရက်သတ္တပတ် အနည်းငယ်အတွင်းက အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုးထွက်ပေါ်နေတာပါ။
ဒီဂျောင်ကို ခေါ်ယူဖို့ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီ အသင်းတို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နယ်သာလန် ကွင်းလယ်လူက သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ အလိမ်အညာတွေ ဖြစ်တယ်လို့ တုန့်ပြန်ထားတာပါ။
ဒီရာသီ ဘာစီလိုနာအသင်းမှာ အရေးပါတဲ့ ကစားသမားတွေအဖြစ်ရှိနေတဲ့ ဒီဂျောင်နဲ့ အာရူဟိုရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ သူတို့နှစ်ဦးစလုံးကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ချင်နေတာပါ။
ဒီဂျောင်ဟာ ၂၀၁၉ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာရူဟိုကလည်း ၂၀၁၉ ခုနှစ် မှာပဲ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
Source: Sportsmole

- By CNI
- Category: အားကစား
- Hits: 382
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ရီးရယ်လ်အသင်း ကွင်းလယ်လူ မိုဒရစ်က ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်မှာ အသင်းဖော်ဟောင်း ရာမို့စ်နဲ့ ပြန်ပြီးတွေ့ရတာကို နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။
မိုဒရစ်က “ရာမို့စ်က ကျနော့်ရဲ့ ညီအစ်ကိုပါ။ လူတွေက ကျနော်တို့ရဲ့ အသက်အရွယ်ကိုကြည့်ပြီး အမြဲတမ်း အကဲဖြတ်ကြပေမယ့် သူ့ရဲ့အဆင့်က ရိုးရှင်းပြီး ထူးချွန်ပါတယ်။ ဒီပွဲမှာ သူ့ကိုပြန်ပြီးတွေ့ရတာ နှစ်သက်ပါတယ်။ ကျနော်တို့ဟာ ပွဲမတိုင်ခင်ကလည်း စကားတွေပြောခဲ့ကြပါတယ်။ သူဟာ ဂန္ထဝင်တစ်ဦးပါ”လို့ ပြောခဲ့တာပါ။
ရာမို့စ်ဟာ ရီးရယ်လ်အသင်းက ဆီဗီလာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရယ်လ်အသင်းက ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘာနေဗျူးကွင်းကို လာရောက်ပြီး ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ရာမို့စ်ဟာ ရီးရယ်လ်အသင်း ပရိသတ်တွေရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းခံခဲ့ရသလို အသင်းဖော်ဟောင်းတွေနဲ့လည်း နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ရာမို့စ်ဟာ မိုဒရစ်နဲ့ အချိန်အကြာကြီး စကားပြောဆိုပြီး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်နှုတ်ဆက်ကာ ဂျာစီချင်း လဲလှယ်ခဲ့ကြပါတယ်။
ရာမို့စ်နဲ့မိုဒရစ်ကို တွေ့ရစဉ်
ရာမို့စ်နဲ့ မိုဒရစ်တို့ဟာ ရီးရယ်လ်အသင်းမှာ နှစ်ပေါင်းများစွာကြာ အတူတွဲကစားခဲ့ကြပြီး ဆုဖလား အောင်မြင် မှုတွေ အများအပြား ရယူနိုင်ခဲ့ကြတာပါ။
မိုဒရစ်ဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၇၅ မိနစ်မှာ လူစား ဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် စပိန်လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေပြီး အဆင့် ၂ နေရာက ဘာစီလိုနာအသင်းကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့တာပါ။
မိုဒရစ်ကတော့ ဒီရာသီအကုန်မှာ ရီးရယ်လ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
Source: Madriduniversal

- By CNI
- Category: အားကစား
- Hits: 566
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
အယ်လ်နာဆာအသင်း ခေါင်းဆောင် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အပြီးမှာ ပြုလုပ်ခဲ့တဲ့ ညစ်ညမ်းတဲ့ အမူအရာကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေး ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အယ်လ်နာဆာအသင်းက အယ်လ်ရှာဘတ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်အပြီးမှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက် ပင်နယ်တီကနေ ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး တာလီစကာက ၂ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်း အနိုင်ရရှိသွားခဲ့တာကြောင့် ရော်နယ်ဒိုဟာ အသင်းဖော်တွေကို ဂုဏ်ပြုမှုတွေ ပြုလုပ် နေချိန်မှာ ပြိုင်ဘက်အသင်း ပရိသတ်တွေက အင်တာမိုင်ယာမီ အသင်းခေါင်းဆောင် မက်ဆီရဲ့ နာမည်ကို အော်ဟစ်ခဲ့ကြတာပါ။
ရော်နယ်ဒိုဟာ ဒါကိုတုန့်ပြန်တဲ့ အနေနဲ့ သူ့လက်ကို နားရွက်ပေါ်မှာ တင်ခဲ့ပြီးနောက် ညစ်ညမ်းတဲ့ အမူအရာကိုပါ လုပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
အဲဒါကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ဆော်ဒီ သတင်းစာ တစ်ခုက ရေးသားခဲ့တာကို The Telegraph က ဖော်ပြခဲ့တာပါ။
ဆော်ဒီနိုင်ငံရဲ့ ဘောလုံးသုံးသပ်သူတွေက ရော်နယ်ဒိုကို အရေးယူမှုတွေ ပြုလုပ်သင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါ တယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲတွေမှာလည်း မက်ဆီလို့ခေါ်ပြီး သူ့ကိုလှောင်ပြောင်မှုတွေ ပြုလုပ်တာမှာ တုန့်ပြန်မှုတွေ ရှိခဲ့တာပါ။
မကြာသေးခင်က အယ်လ်ဟီလယ် အသင်းနဲ့ပွဲစဉ်မှာဆိုရင် ရော်နယ်ဒိုဟာ အယ်လ်ဟီလယ်အသင်း ပရိသတ် တွေက ပစ်ချခဲ့တဲ့ ပဝါကို ကောက်ယူပြီး သူ့ရဲ့ဘောင်းဘီထဲကို ထည့်ကာ ပြန်ပစ်ချသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို လုပ်ရပ်တွေကြောင့်လည်း ရော်နယ်ဒိုဟာ ဝေဖန်မှုတွေ ပြုလုပ်တာခံခဲ့ရပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၃၄ ဂိုးသွင်းယူထားတာပါ။
အယ်လ်နာဆာအသင်းဟာ အယ်လ်ရှာဘတ်အသင်းကို အနိုင်ရယူခဲ့ပေမယ့် ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက အယ်လ်ဟီလယ်အသင်းနဲ့ ၄ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 450
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ချယ်လ်ဆီးအသင်းကို အနိုင်ရပြီးရရှိခဲ့တဲ့ ကာရာဘောင်းဆုဖလားဟာ သူရရှိခဲ့တဲ့ ဆုဖလားတွေထဲမှာ အထူးစပါယ်ရှယ် ဆုဖလားဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကလော့ပ်က “ကျနော့်ရဲ့နှစ်၂၀ အတွင်းမှာ ဒီဆုဖလားက အလွယ်ကူဆုံးနဲ့ စပါယ်ရှယ်ဆုဖလားပါပဲ။ ကျနော့်ရဲ့ အမွေအနှစ်ကိုလည်း ကျနော် ဂရုမစိုက်နိုင်ပါဘူး။ ဒီတစ်ခုကို ဖန်တီးဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး။ ဒါက ထူးခြား ပါတယ်။ ဒီပွဲမှာ ဖြစ်ပျက်ခဲ့တာတွေက ရူးသွပ်ဖို့ကောင်းပါတယ်။ ဒီဆုဖလားက ကျနော်တို့နဲ့ ထိုက်တန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းက ဗန်ဒိုက်ရဲ့ အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဆုဖလားကို စံချိန်တင် ၁၀ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်သလို ကလော့ပ် အတွက် လီဗာပူးလ်အသင်းနည်းပြဘဝ ၈ ခုမြောက် ဆုဖလားလည်းဖြစ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်၊ ဒါဝင်နူနက်ဇ်၊ အာနိုးလ်နဲ့ ဂျိုတာတို့ အပါအဝင် အဓိက ကစားသမား အများအပြား ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းက လီဗာပူးလ်ဘက်ကို တိုက်စစ်ဆင်နေစဉ်
အဲဒါကြောင့် နည်းပြကလော့ပ်ဟာ ဒီပွဲမှာ အသက် ၂၀ နှစ်နဲ့အောက် ကစားသမား ၅ ဦးအထိ အသုံးပြုခဲ့ရသလို ပွဲပြီးဆုံးချိန်မှာ လီဗာပူးလ်အသင်းရဲ့ ပျှမ်းမျှအသက်ဟာ ၂၂ နှစ်အောက်သာရှိတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ကလော့ပ်ရဲ့ ကလေးတွေဟာ ဘီလီယံပေါင်းနဲ့ချီပြီး သုံးစွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ယူခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အနိုင်ဂိုးရှင် အသင်းခေါင်းဆောင် ဗန်ဒိုက်ကတော့ လီဗာပူးလ် ကစားသမားဖြစ်ရတာ အလွန်ဂုဏ်ယူတယ်လို့ ဆုဖလားရယူအပြီးမှာ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “ဒါက ပရိသတ်တွေ အတွက်ဖြစ်ပြီး ပျော်ရွှင်ကြပါ။ ၂ သင်းစလုံးအတွက် ပြင်းထန်တဲ့ပွဲဖြစ်ခဲ့ပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်း ခေါင်းဆောင်အဖြစ် ပထမဆုံးဆုဖလားကို ကျနော် ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဒီကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရလို့ အလွန်ဂုဏ်ယူမိသလို ကောင်လေးတွေ အတွက် လည်း ဂုဏ်ယူပါတယ်။ ကျနော်တို့ နောက်ထပ် ဆုဖလားတွေ ထပ်ပြီးရယူနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောကြား ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ဦးဆောင်ထားသလို FA ဖလားပြိုင်ပွဲ မှာ ပဉ္စမအဆင့်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာကြောင့် ဒီဆုဖလားတွေကို ရယူနိုင်ဖို့ လည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 414
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲ အတွက် သူတို့အဆင်သင့်ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ဒါက ကျနော်တို့အတွက် အိပ်မက်ဖြစ်ပြီး အောင်မြင်မှုရနိုင်ဖို့ မိနစ် ၉၀ ရှိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်သလို အသင်းကလည်း အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲက ကျနော်တို့အတွက် ကြီးမားတဲ့ အခွင့်အရေးပါပဲ။ ဗိုလ်လုပွဲကို ရောက်ရှိတာက ကျနော်နဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် အများကြီး အဓိပ္ပါယ် ရှိပါတယ်။ လီဗာပူးလ်အသင်းကို စိန်ခေါ်ပြီး ၁၁ နှစ်အတွင်း ကျနော်တို့ရဲ့ ပထမဆုံးဆုဖလားကို ရယူသွားမှာပါ”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပေမယ့် ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် ဆုဖလားရယူနိုင်ဖို့ မျှော်လင့်လို့ ရနေတာဖြစ်ပါတယ်။
ဒီဗိုလ်လုပွဲဟာ ချယ်လ်ဆီးအသင်းကို အသင်းပိုင်ရှင် တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့က လွှဲပြောင်းရယူ ပြီးနောက် အသင်း ပထမဆုံး ကစားရမယ့် ဗိုလ်လုပွဲစဉ်လည်း ဖြစ်တာပါ။
အဲဒါကြောင့် နည်းပြ ပိုချက်တီနိုက ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ဒီဗိုလ်လုပွဲမှာ လီဗာပူးလ် အသင်းက ရေပန်းစားတယ်လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုက “လီဗာပူးလ်အသင်းဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ ရေပန်းစားပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ ဟာ အသင်းတစ်သင်းလို ယှဉ်ပြိုင်ဖို့ အတွေ့အကြုံရှိပြီး မတူညီတဲ့ ဗိုလ်လုပွဲတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ကျနော် တို့ရဲ့ ကစားသမား အများအပြားအတွက် ဒါဟာ ပထမဆုံး ဗိုလ်လုပွဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ ရေပန်းစားတယ်လို့ ပြောချင်ပါတယ်။ ကလော့ပ်က ၅၀ ရာခိုင်နှုန်းစီ အခွင့်အရေး ရှိတယ်လို့ပြောပြီး လိမ္မာပါးနပ် ပါတယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးပွဲအဖြစ် ကစားခဲ့တုန်းက ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို ကာရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲအဖြစ် ၂၀၂၂ ခုနှစ်က ကစားထားခဲ့တာမှာ လီဗာပူးလ် အသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 495
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅
အဲဗာတန်အသင်း ကစားသမားဟောင်း လီတိုင်းဟာ သူ့ရဲ့နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအတွင်းမှာ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။
လီတိုင်းဟာ အဲဗာတန်အသင်းမှာ ၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း ၄၀ ပါဝင်ကစားခဲ့တာပါ။
တရုတ်အသင်းကို ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ လီတိုင်းဟာ ပရီးမီးယားလိဂ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းမှာ ၁ ပွဲ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ လီတိုင်းဟာ တရုတ်ဘောလုံးလောကရဲ့ အဂတိလိုက်စားမှု နှိပ်နှင်းမှုတွေကြားမှာ သူ့ရဲ့ ကျန်ရှိနေတဲ့ဘဝကို ထောင်ထဲမှာသာ ဖြတ်သန်းရတော့မှာပါ။
လီတိုင်းဟာ တရုတ်နည်းပြရာထူးကနေ နုတ်ထွက်ပြီး တစ်နှစ်အကြာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။
လီတိုင်း အဲဗာတန်မှာ ကစားခဲ့စဉ်
တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်း CCTV မှာ လီတိုင်းက သူဟာ တရုတ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရဖို့အတွက် နိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ပေါင် ၃၃၀,၀၀၀ ဝန်းကျင်ပေးချေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် လီတိုင်းဟာ တရုတ်နိုင်ငံမှာ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေကို တန်းတက်စေဖို့ လုပ်ပွဲ အရှုပ်တော်ပုံမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။
လီတိုင်း အပါအဝင် သူ့ရဲ့ လာဘ်ငွေတွေကိုယူခဲ့တဲ့ တရုတ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဘောလုံးလောကမှာ လုပ်ပွဲတွေကို ဖော်ထုတ်ပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ တာမှာ လီတိုင်းရဲ့ အဖြစ်အပျက် ထွက်ပေါ်လာခဲ့တာပါ။
လီတိုင်းဟာ တရုတ်လက်ရွေးစင် အသင်းအတွက် ၁၉၉၅ ကနေ ၂၀၀၇ ခုနှစ်အထိ ပွဲပေါင်း ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ လီတိုင်းဟာ တရုတ်အသင်းကို ၁၂ ပွဲကိုင်တွယ်ခဲ့ပြီး ၆ ပွဲနိုင် ၁ ပွဲသရေ ၅ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 552
CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းဟာ ရင်းနှီးမြှုပ်နှံသူအသစ် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ အကူအညီနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အသင်းတွေဟာ ဝန်ခံလိုက်ပြီဆိုတာနဲ့ ကျနော်တို့နဲ့သူတို့ ပိုပြီး နီးစပ်လာပါလိမ့်မယ်။ ကျနော်တို့ အောက်အသင်းအဖြစ် ရှိခဲ့တုန်းကလည်း သူတို့ကို အမြဲတမ်း လေးစားခဲ့ရပြီး သူတို့နဲ့ နီးစပ်ဖို့၊ စိန်ခေါ်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို စဉ်းစားခဲ့ရပါတယ်။ ကျနော်တို့ အောက်အသင်းအဖြစ်ရှိခဲ့တုန်းက ယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး အားကျခဲ့ရတာပါ။ ရက်ကလစ်ဖ်ရဲ့ ပြောဆိုမှုတွေကြောင့် ယူနိုက်တက် ပြန်လာမယ် ဆိုတာ ကျနော်ခံစားမိတယ်”လို့ ပြောခဲ့တာပါ။
ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်း ဝယ်ယူမှုကို ဖေဖော်ဝါရီ ၂၀ ရက်က အပြီးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆာဂျင်ရက်ကလစ်ဖ်ဟာ ဒီဝယ်ယူမှုအပြီးမှာ ယူနိုက်တက်အသင်း အောင်မြင်မှုတွေရအောင် ပြန်လုပ်ဖို့ သူ ရည်မှန်းထားတဲ့ အရာတွေကိုပြောခဲ့ပြီး ဒီအထဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အလဲထိုးနိုင်ဖို့ မျှော်လင့် တယ်လို့ ပြောသွားခဲ့တာပါ။
အဲဒါကြောင့်လည်း ဂွာဒီယိုလာက ယူနိုက်တက်အသင်း ပြန်လာနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလား ရယူပေးနိုင်ခဲ့တာ အပါအဝင် သူတာဝန်ယူပြီးကတည်းက အသင်းကို ဆုဖလား ၁၄ ခု ရယူပေးထားနိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂွာဒီယိုလာ ရောက်ရှိလာပြီးကတည်းက ဆုဖလား ၃ လုံးသာ ရယူထားနိုင်ခဲ့ပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာဂျင်ရက်ကလစ်ဖ်ကတော့ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ယူနိုက်တက်အသင်း အောင်မြင် မှုတွေ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်အသင်းကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: BBC