CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁
ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ လိုက်ပ်ဇစ်အသင်းကြယ်ပွင့် ဆက်စ်ကိုဟာ ဘိုင်ယန်မြူးနစ် အသင်းမှာ ဟာရီကိန်းရဲ့ အရန်အဖြစ် မရှိချင်တာကြောင့် ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဆက်စ်ကိုဟာ ဆဲလ်ဘတ်အသင်းမှာ ကစားချိန်ကတည်းက ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တိုက်စစ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာပါ။
ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အသင်းထံ ပြောင်းရွှေ့ပြီးနောက်မှာ ပိုမို အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသနိုင်ခဲ့ပြီး ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံ ၇၉ ပွဲ ပါဝင်ကစားထားတာမှာ ၃၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဆက်စ်ကို,ကို ခေါ်ယူဖို့ ယူနိုက်တက်၊ အာဆင်နယ်၊ အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ အပါအဝင် ဥရောပထိပ်သီး အချို့က သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဂျာမန်သတင်း Bild က ဆက်စ်ကိုဟာ သူ့ကို ပုံမှန်ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ရှာဖွေနေတယ်လို့ ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဆက်စ်ကို,ကို ဟာရီကိန်းရဲ့ အရန်အဖြစ် ခေါ်ယူချင်နေပေမယ့် သူကတော့ အရန်ခုံပေါ်မှာထိုင်ဖို့ စိတ်မဝင်စားတာပါ။
ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ လက်ရှိစာချုပ်ထဲမှာ ယူရိုသန်း ၇၀ နဲ့ ထွက်ခွာခွင့်ပြုမယ့် အချက် ပါဝင်နေ ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်အရ ယူရိုသန်း ၈၀ အထိ တိုးသွားနိုင်ပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ဝန်းကျင်နဲ့ ညှိနှိုင်းမှုပြုလုပ်ဖို့ ဆန္ဒရှိ နေတယ်လို့လည်း သိရပါတယ်။
ဆက်စ်ကိုဟာ ဥရောပထိပ်တန်း ကလပ်တွေကို ဆွဲဆောင်နိုင်တဲ့ တစ်ဦးတည်းသော တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။
ဆက်စ်ကိုဟာ လက်ရှိအချိန်မှာတော့ လိုက်ပ်ဇစ်အသင်းအတွက် ရာသီကုန်အထိ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ အာရုံစိုက်နေပြီး နွေရာသီမှ အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေတာပါ။
လိုက်ပ်ဇစ်အသင်းဟာ ဧပြီ ၂ ရက်မှာ ပိုကယ်လ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် စတုဂတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal