CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ 

မန်စီးတီးအသင်းက ဘုန်းမောက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ပွဲချိန်မိနစ် ၆၀ မှာ လူစားလဲခံခဲ့ရပါတယ်။ 

ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၆ မိနစ်မှာ ဘုန်းမောက်အသင်း ကစားသမား လူးဝစ်ကွတ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် ဆေးကုသမှုခံယူကာ ပြန်ကစားခဲ့တာပါ။ 

ဒါပေမယ့် ဟာလန်းဟာ နာကျင်နေတဲ့အတွက် ကွင်းထဲလဲကျသွားခဲ့ပြီးနောက် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဟာလန်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးအသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ဟာလန်းဟာ ဒီပွဲအပြီးမှာ ချိုင်းထောက်၊ အကာအကွယ်ပါတဲ့ ဖိနပ်ဝတ်ဆင်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဟာလန်းကို တွေ့ရစဉ်

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဟာလန်းရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး သူ့မှာ နောက်ဆုံးရ အချက်အလက်တွေ မရှိဘူးလို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဟာလန်းရဲ့နေရာ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ အိုမာမာမွတ်ရှ်ရဲ့ သွင်းဂိုးနဲ့ ဘုန်းမောက်အသင်းကို အနိုင်ရပြီး FA ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ၇ ရာသီ ဆက်တိုက် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတဲ့ မန်စီးတီးအသင်းအတွက် FA ဖလားဟာ သူတို့အတွက် တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၅ နေရာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန် ၉ ပွဲစလုံးမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ မျှော်လင့်နေ တာပါ။

မန်စီးတီးအသင်းဟာ လာမယ့် ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN