- By CNI
- Category: လူမှုဘဝ
- Hits: 685
CNI News
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၂၃
ကိုဗစ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းများသည် လုံခြုံရေးနှင့် စားဝတ်နေရေး စိုးရိမ်မှုများ ကြုံတွေ့နေရကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ Assistant Officer ဦးအောင်သူက CNI သတင်းဌာနသို့ ပြောသည်။
မသန်စွမ်းများ အပြင်သွားသည့်အခါ တစ်ယောက်ထဲ မသွားရန်နှင့် ရွှေငွေ လက်ဝတ်ရတနာများ မဝတ်ထားရန်၊ မိမိတို့လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း ၎င်းက ပြောသည်။
ဦးအောင်သူက “လုံခြုံမှုပိုင်းနဲ့ကတော့ တော်တော်လေးကိုရှိတယ်၊ ဘာလို့ဆို ကျနော်တို့ရုံးမှာကို လက်တွေ့။ အခု ပေါ့နော် ကျနော့် ညီတစ်ယောက်ပေါ့၊ ကျနော့် ညီတစ်ယောက်ဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်လောက်က သူ ည ၈ နာရီ လောက် အိမ်ပြန်တဲ့အချိန်မှာ လက်စွပ်တစ်ကွင်းရယ်၊ ဖုန်းရယ် အလုခံလိုက်ရတယ်၊ အိမ်ပြန်တဲ့အချိန်မှာ။ ပြီးရင် အထိုးအကြိတ်ပါ ခံလိုက်ရတယ်ပေါ့။ ကျနော်တို့ရဲ့ လုံခြုံမှုအနေနဲ့ ပြောမယ်ဆိုရင် မရှိတာပေါ့။ ကျနော်တို့က ပိုပြီး တော့ သူများထက်ကို ကြောက်ရတယ်၊ ကျနော်တို့ တစ်ခုခုဆိုရင် ကျနော်တို့ မသန်စွမ်းသူတွေက ဗြုန်းကနဲ့ ဒိုင်းခ နဲ့ ထပြေးတာတို့၊ ပြန်ပြီး ခုခံနိုင်တာတို့ဆိုတာ ကျနော်တို့မှာ ဘာမှမရှိဘူးပေါ့နော်။ အဲ့ကျတော့ ကျနော်တို့ဘက်က လုံခြုံမှုက ဘယ်လိုပြောမလဲဆိုတော့ အရမ်းစိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကြီးပဲလည်း မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်သူတွေ အကုန်လုံးကလည်း ဒီအချိန်မှာတော့ ဘယ်လိုပြောမလဲဆိုရင် ဘယ်သူမှ လုံခြုံမှု မရှိပါဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
မသန်စွမ်း တစ်ဦး မုန့်လုပ်နေစဉ်
လက်ရှိတွင် ရွှေမင်းသားဖောင်ဒေးရှင်းက မသန်စွမ်းများ ဘဝရပ်တည်ရေးအတွက် အစားအစာ ချက်ပြုတ်နည်း နှင့် အဖျော်သင်တန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ယခင်က မသန်စွမ်းသူများသည် အလုပ်အကိုင်များ ရရှိသည့်အပြင် ထောက်ပံ့မှုများလည်း ရရှိခြင်းကြောင့် စားဝတ်နေရေးအတွက် အဆင်ပြေသော်လည်း ယခုအခါမှာတော့ ကိုဗစ်ရောဂါများကြောင့် တချို့လုပ်ငန်းများ ပိတ်လိုက်ရခြင်းကြောင့် အလုပ်အကိုင်များ ရှားပါးလာ၍ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။
စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးတက်နေခြင်းကြောင့် စားဝတ်နေရေးအတွက် သန်စွမ်းသူများသာမက မသန်စွမ်းသူများလည်း ခက်ခဲလားကြောင်း၊ ထိုခက်ခဲမှုအနက် မသန်စွမ်းသူ ဖြစ်သည့်အတွက် ပို၍ ခက်ခဲကြောင်း လှိုင်သာယာမြို့နယ် ဆုံဆည်းရာ မသန်စွမ်းသူများအသင်းမှ ဒုဥက္ကဋ္ဌ ဦးကိုကိုမောင်က CNI သတင်းဌာနသို့ ပြောသည်။
မသန်စွမ်းတစ်ဦး ကွန်ပျူတာအသုံးပြုနေစဉ်
၎င်းက “ပိုပြီးတော့ ခက်ခဲတာက မသန်စွမ်းသူတွေမှာ ပိုပြီးခက်ခဲတယ် ဆိုတဲ့အခါ စားဝတ်နေရေးလည်း ခက်ခဲ တယ်။ စားဝတ်နေရေး ခက်ခဲပြီဆိုထဲက ကျန်းမာရေးကအစ အကုန်လုံး ခက်ခဲတာပေါ့နော်။ ဘာလို့ဆို စားဝတ် နေရေးတောင် မပြေလည်တာ ကျန်းမာရေး ဖြစ်လာရင် ပိုပြီးတော့ ခက်ခဲကြ အခက်အခဲတွေကတော့ အများကြီး ရှိကြတာပေါ့။ အဓိက ကတော့ စားဝတ်နေရေး မပြေလည်လို့ စားဝတ်နေရေး အခက်အခဲတွေရှိကြတာ တချို့ဆို ကိုယ်တိုင်ကိုယ်ကြ စီးပွားရေး ရှာနေကြတဲ့ မသန်စွမ်းသူတွေ ကိုယ်တိုင်ကိုကြ အပြင်ထွက်ပြီးတော့ စီးပွားရှာနေ ပြီးတော့ လုပ်နေရတဲ့ လူတွေရှိတယ်။ အဲ့လူတွေဆို လို့ရှိရင်လည်း ပိုပြီးတော့ ခက်တယ်၊ ခုကုန်ဈေးနှုန်းတွေနဲ့ ခုခေတ်ကာလ အခြေအနေနဲ့ပေါ့နော် သာမာန်လူတွေ တောင်မှဘဲ သန်စွမ်းသူတွေတောင်မှဘဲ မနည်းရုန်းကန် လှုပ်ရှားနေရတဲ့ အချိန်မှာ မသန်စွမ်းသူတွေ အတွက်က ပိုပြီးတော့ ဝန္ဒာများတယ် ဖိအားများတယ်” ဟု ပြော သည်။
ယခုကာလတွင် အလှူရှင်များ နည်းပါးခြင်းကြောင့် မသန်စွမ်းသူများအတွက် စားနပ်ရိက္ခာများ လုံလောက်အောင် မပေးနိုင်သေးကြောင်း၊ သွားရောက် လှူဒါန်းမှုများ ယခင်ကလို ဆက်တိုက် မလှူုဒါန်းနိုင်သေးကြောင်း ဆုံဆည်း ရာ မသန်စွမ်းသူများ အသင်းမှ သိရသည်။
၂၀၁၄ အိမ်ထောင်စု သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ လူဦးရေ ၂ သန်းကျော်ရှိကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 2811
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃
မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံ တောင်ပိုင်း-မလေးရှား နယ်စပ်မှတဆင့် တရားမဝင် ခိုးဝင်လာသူ များပြားလာသဖြင့် လက်ရှိတွင် မလေးရှားအာဏာပိုင်များက ၎င်းနယ်စပ်အား ယခင်ထက် လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ပြောသည်။
အဆိုပါ နယ်စပ်မှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သူများသည် မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က မလေးရှား လ.ဝ.က အကြီးတန်း အရာရှိတစ်ဦးမှ နယ်စပ်ဂိတ်များအား လိုက်လံ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေသည့် မချိုသဲက “မလေးရှားက လုံခြုံရေး တင်းကျပ်ရတဲ့အကြောင်းအရင်းကလေ မြန်မာနိုင်ငံကနေ ထိုင်းကို တစ်ချို့က အလည်ဗီဇာနဲ့ဝင်တယ်။ အလည် ဗီဇာတွေနဲ့ဝင်ပြီး ထိုင်းကနေ မလေးရှားကို အောက်လမ်းကနေ တဆင့်ပြန်ဝင်တယ်။ အောက်လမ်းက ဆိုတာက ဘတ်စ်ကားနဲ့သော်လည်း ရေလမ်းကြောင်းနဲ့သော်လည်းကောင်း အဲဒီလို ခိုးဝင်တဲ့လူတွေများတဲ့အတွက်ကြောင့်။ ဘယ်နိုင်ငံမဆိုကတော့ ကိုယ့်နိုင်ငံအတွင်းကို ခိုးဝင်တယ်ဆိုတာကတော့ ဘယ်အစိုးရကမှတော့ ကြိုက်တာ မဟုတ်ဘူးလေ။ နိုင်ငံတိုင်းကတော့ ကိုယ့်နေရာမှာလာပြီးတော့ ခိုးဝင်တာတို့ ဘာတို့ကျတော့ ဘယ်သူမှ လက်သင့်ခံချင်တဲ့ ကိစ္စမဟုတ်ဘူးလေ” ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ရနောင်း-ကော့သောင်းလမ်းမှတဆင့် ရေလမ်းကြောင်းဖြင့် ခိုးဝင် ခြင်းများလည်းရှိပြီး များသောအားဖြင့် ထိုင်း-မလေးရှားနယ်စပ်မှ ခိုးဝင်ခြင်းဖြစ်ကာ တစ်ရက်လျှင် လူ ၁၀ ဦးမှ ၅၀ ခန့် ပျမ်းမျှအားဖြင့် ခိုးဝင်လာကြပြီး ကားစင်းလုံးဖြင့် ခိုးဝင်မှုများပြားကြောင်း သိရသည်။
မလေးရှားအာဏာပိုင်မှ ယခင်က ထိုင်း-မလေးရှားနယ်စပ်တွင် လုံခြုံရေးအဖြစ် ရဲများကိုသာ ချထားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် စစ်တပ်ကိုပါပူးတွဲချထားကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီမှု အဖွဲ့ အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်းဌာနသို့ ပြောသည်။
“အရင်တုန်းကတော့ ရဲဝန်းကျင်လောက်ပဲ။ အခုကတော့ တပ်ကပါ ပါလာတာပေါ့။ အခုနယ်စပ်မှာကတော့ ပြောမယ်ဆိုရင် စစ်တပ်ကို နယ်ခြားစောင့်ဖို့အတွက်ဆိုပြီးတော့ ပါဝါ ပေးထားတဲ့ သဘောရှိတာပေါ့။ စစ်တပ်ကနေပဲ တော်တော်များများဖမ်းတယ်။ ဖမ်းပြီးတော့မှ သူက ရဲကို ပေးတယ်။ ရဲကနေမှ သူ့ရဲ့လုပ်ထုံး လုပ်နည်းနဲ့အညီ အမှုဖွင့်ပြီးတော့ လ.ဝ.ကကို ပြန်ပြီးတော့ ပေးတာပေါ့။ တပ်က ချထားတယ်ဆိုတော့ ပြောမယ်ဆိုရင် ပစ်တာ ခတ်တာတော့ မရှိပါဘူး။ မလေးရှားနိုင်ငံရဲ့ အနေအထားအရတော့ တပ်ဆိုရင်တော့ တော်တော်များများ ကြောက်ကြတယ်။ သူ့ကို ပါဝါပေးထားတာဖြစ်တဲ့အတွက် သူ့နိုင်ငံသားတွေကလည်း တော်ရုံတန်ရုံ ကိစ္စဆိုရင် ရပ်ဆို ချက်ချင်းရပ်ပေးလိုက်တဲ့ အနေအထားမျိုးတွေရှိတယ်။ ကိုယ့်နိုင်ငံသားတွေ ကတော့ တစ်ခါတစ်လေကျရင် မသိဘဲနဲ့ ပြေးတာပြုတာတွေရှိရင်တော့ ပစ်တာခတ်တာတွေ ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ အဲဒါလေးတော့ သတိပေးချင်တယ်။ တကယ်လို့ မလွတ်တော့ဘူးဆိုမှတော့ ဘာမှအများကြီး စဉ်းစားမနေနဲ့။ အဖမ်းသာခံလိုက်တော့။ မလွတ်တော့ဘူးလေ ပြေးမယ်ဆိုရင်လည်း ရဲကလည်း ပစ်လို့ရတယ်။ မလေးရှားနိုင်ငံရဲ့ ဥပဒေမှာ ရဲက ခုခံတယ်ဆိုရင် အဲဒီနေရာမှာတင် ပစ်သတ်လိုက်လို့ရတယ်။ သူ့နိုင်ငံသားတွေ တောင်မှပဲ ရဲ ပစ်သတ်တာတွေရှိတယ်ပေါ့။ ကျနော်တို့ နိုင်ငံသားတွေကျတော့ တချို့ကျ နားမလည်တာတွေ ရှိတယ်။ မသိတာတွေရှိတယ်။ ဗဟုသုတ နည်းတာမျိုးတွေရှိတဲ့အခါကျတော့ မြင်တာနဲ့ ပြေးကြ ဆိုပြီး ပြေးကြတဲ့ အခါမှာ ကောင်းတဲ့ ရဲတွေ၊ စစ်သားတွေနဲ့ တွေ့ရင်တော့ ပြဿနာမရှိဘူးပေါ့လေ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သည့် မြန်မာများမှာ ယခုမှ ပထမဆုံး သွားရောက်လုပ်ကိုင်မည့် သူများပါဝင်သလို Overstay သမားများအဖြစ် လက်ဗွေနှိပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရပြီးနောက် မလေးရှားနိုင်ငံ သို့ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်၍ မရသည့်သူမျာလည်း ပါဝင်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်လာသည့်အထဲတွင် အဖမ်းခံရသူများရှိသကဲ့သို့ အဖမ်းအဆီးမခံရဘဲ မလေးရှားနိုင်ငံသို့ ဝင်ရောက်သွားသည့်သူများလည်း ရှိကြောင်း၊ ယင်းသို့ ဖမ်းဆီးမခံရသူများမှာ ပွဲစားများမှ မလေးရှား အာဏာပိုင် ဝန်ထမ်းများအား ငွေကြေးပေးကမ်းထားမှုကြောင့်ဟု မလေးရှားတွင် မြန်မာအလုပ်သမားများအား ကူညီပေးနေ သည့် မချိုသဲက CNI သတင်းဌာနသို့ ပြောသည်။
“မြန်မာနိုင်ငံမှာဆိုရင်လည်း စီးပွားရေးရှာရတာတွေက အဆင်မပြေတာတွေ များတယ်လေ။ စီးပွားကြပ်တည်း ကြတယ်။ တချို့ကကျတော့ ထိုင်းကပြန်သွားကြတဲ့လူတွေရှိတယ်၊ မလေးရှားကနေ ပြန်သွားကြတဲ့လူတွေ ရှိတယ်။ မြန်မာပြည်ရောက်တော့ အရင်လိုမျိုး ရှာစားရတာအဆင်မပြေ။ နိုင်ငံရေးတွေနဲ့ ကုန်ဈေးနှုန်းတွေနဲ့ ပြန်တက်လာချင်ကြတော့ တချို့ကကျတော့ မလေးရှားကနေ ပြန်တယ်ဆိုကတည်းက လက်ဗွေနှိပ်ပြီး ပြန်ရတယ်။ immigration မှာ လ.ဝ.ကမှာ ဒဏ်ကြေးဆောင် လက်ဗွေနှိပ် လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်လို့ရတယ်။ အဲဒီ ပြန်တဲ့သူတွေသည် သူတို့က Blacklist ထည့်လေရှိတယ်။ ဒီနိုင်ငံမှာ overstay နေပြီးတော့မှ သူတို့ကိုယ်တိုင်ဝန်ခံပြီး ဒဏ်ကြေးနဲ့ပြန်တဲ့လူတွေဆိုပြီး။ အဲဒီတော့ကျ မလေးရှားကို တရားဝင်နဲ့လာမယ်ဆိုလည်း လာလို့မရတော့ ခိုးဝင်ပြီးမှ လာတာများတယ်။ အဲဒီတော့ကျ မလေးရှားက လုံခြုံရေးကို ပိုပြီးတင်းကျပ်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မလေးရှားဘက်မှ နယ်စပ်တွင်သာမက နိုင်ငံအတွင်းမှာပါ တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီးများပြားနေပြီး တစ်ပတ်လျှင် နှစ်ရက်ခန့် ဖမ်းဆီးကာ ထိုသို့ ဖမ်းဆီးခြင်းနှင့် လုံခြုံရေး တင်းကျပ်ခြင်း တို့အား ယခုနှစ်ကုန်ပိုင်းအထိ လုပ်ဆောင်နိုင်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများထံက သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 692
CNI News
၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၁၉
လက်ရှိတွင် ပြည်တွင်း ဆန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေခြင်းကြောင့် တချို့ဆိုင်များအနေဖြင့် ဆန်များကို အမြတ်များများ မယူဘဲ ရောင်းချပေးနေသည့်တိုင် မိမိတို့ အိမ်ရှင်မများအတွက်ကတော့ ခက်ခဲနေသေးကြောင်း အိမ်ရှင်မများက ပြောသည်။
မြန်မာနိုင်ငံတွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ဈေးသက်သာစွာဖြင့် မိမိတို့ ရောင်းချပေးနေကြောင်း၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကိုးသောင်း(၉၀၀၀၀)ကျော် ရှိနေသော်လည်း မိမိတို့ဆိုင်တွင် ရွှေဘိုထူးထူးရှယ် ဆန်အမျိုးအစားများကို ၈၈၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း ဆွေမြင့်မိုရ် ဆန်ဆိုင်မှ ကိုဝေယံလင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တစ်ဦးထဲ သဘောထား အမြင်နဲ့ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ၊ အလှူခံသမားတို့ ဘာတို့ဆို ကျနော့်ဆီကယူနေတာ ကျနော်ဆီမှာက အဓိကက ဈေးသက်သာတယ် ပစ္စည်းမှန်တယ်၊ အဓိကကတော့ အဲ့လို ပုံစံမျိုးနဲ့ အမြတ်များများ မယူဘဲနဲ့၊ ကျနော်နဲ့ လက်တွဲလုပ်နေတဲ့ ကလေးတွေရှိတယ်၊ ကားယာဉ်မောင်းလုပ်နေတဲ့ ကလေးတွေ ရှိတယ်၊ ဆန်ထမ်းပို့တဲ့ ကလေးတွေရှိတယ်၊ သူတို့အတွက် အလုပ်မပျက်ရစေချင်လို့ လုပ်ပေးနေ တာပါ” ဟု ပြောသည်။
ဆန်ဂိုဒေါင် တစ်ခုကိုတွေ့ရစဉ်
လက်ရှိတွင် ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်နေသကဲ့သို့ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများလည်း ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။
ဆန်ဈေးနှုန်းများ တက်နေခြင်းကြောင့် ယခင်ကကဲ့သို့ အိတ်လိုက် ဝယ်မစား နိုင်တော့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး၊ ရွှေသောင်ယံမြို့နေ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါပြုံးလေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်က ၂၈၀၀၀ ဆန်တွေက ခု ၄၀၀၀၀ ကျော် ၅၀၀၀၀ ဖြစ်နေတာပေါ့၊ အခက်အခဲတွေကတော့ အများ ကြီးပေါ့၊ ဝယ်ရတာ နဂိုဈေးတွေနဲ့ ခုဈေးတွေနဲ့က တအားကွာခြားတယ် အကုန်လုံး၊ အဲ့ဒီ ၁၈၀၀ တန်ဆိုတာ မြင်တောင်မမြင်ဘူး ကြားတောင် မကြားဘူးဖူး၊ အကြမ်းဆန် အညံ့ဆုံးဆန်တောင်မှ ဆန်ကွဲ တစ်ပြည်တောင် ၂၀၀၀ ဖြစ်နေတာ” ဟု ပြောသည်။
ပြည်တွင်း စျေးကွက်တွင် ဆန်ချော၊ ဆန်ကြမ်းများ အမျိုးအစားအလိုက် စျေးတက်နေပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ်ကိုးသောင်း(၉၀၀၀၀)ကျော်ဖြင့် ရောင်းချနေပြီး လက်လီစျေးကွက်မှာတော့ တစ်အိတ်လျှင် တစ်သိန်း(၁၀၀၀၀၀)ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 615
CNI International News
ဆိုးလ်၊ စက်တင်ဘာ ၁၅
နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့်လ၌ စွန့်ပစ်ထားသော သေတ္တာထဲမှ သေဆုံးနေပြီဖြစ်သည့် ကလေးနှစ်ဦး၏ အလောင်းများကို တွေ့ခဲ့ရပြီးနောက် စက်တင်ဘာ ၁၅ ရက် (ယနေ့) တောင်ကိုရီးယားရောက် အမျိုးသမီးတစ်ဦး ကို လူသတ်မှုစွဲချက် နှစ်ခုဖြင့် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကားလျက် အေပီက ရေးသားဖော်ပြသည်။
အသက် ၄၂ အရွယ် သံသယရှိသူ အမျိုးသမီးသည် သေဆုံးသွားသော ကလေးများ၏ မိခင် ဟုတ်/မဟုတ် အာဏာပိုင်များက ချက်ချင်း မပြောနိုင်ကြပေ။
အဆိုပါ ကလေးများ၏ မိခင်ဖြစ်သူသည် တောင်ကိုရီးယားတွင် ရှိနေနိုင်သည်ဟု ၎င်းတို့နှင့် ချိတ်ဆက်ထားသော တောင်ကိုရီးယား တာဝန်ရှိသူများကို နယူးဇီလန်ရဲတပ်ဖွဲ့က အစောပိုင်းတွင် ပြောကြားခဲ့သည်။
တရားခံ လွှဲပြောင်းပို့ဆောင်ရေး လုပ်ငန်းစဉ်၏ တစိတ်တပိုင်းအဖြစ် နယူးဇီလန်ထံမှ ယာယီဖမ်းဆီးပေးပါရန် တောင်းဆိုချက်အရ တောင်ကိုရီးယား တရားရုံးတစ်ရုံးက အဆိုပါအမျိုးသမီးကို ဖမ်းဆီးရန် ဖမ်းဝရမ်း ထုတ်ပေးခဲ့ ကြောင်း၊ ထို့နောက် တောင်ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ အူဆန် (Ulsan) ဆိပ်ကမ်းမြို့တွင် ပစ်မှတ်ထား သည့် အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တောင်ကိုရီးယားအမျိုးသားရဲဌာနနှင့် တရားရေးဌာနတို့က ပြောကြားခဲ့ သည်။
နယူးဇီလန်က နေအိမ်တစ်အိမ်တွင် ရဲဘက်ဆိုင်ရာများက စစ်ဆေးနေကြစဉ် (AP)
၎င်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက အူဆန်မြို့၊ ရဲစခန်းအပြင်ဘက် ခေါ်ထုတ်လာပြီး ဆိုးလ်မြို့တော်သို့ ဦးတည်မောင်းနှင်မည့် မော်တော်ယာဉ်ပေါ် ရွှေ့ပြောင်းစဉ် အမည်မသိရသော ၎င်းအမျိုးသမီးက မျက်နှာကို အင်္ကျီအပါးဖြင့် ဖုံးအုပ်ကွယ်ဝှက်ထားကြောင်း တွေ့ရှိရသည်။
နယူးဇီလန် အာဏာပိုင်များသည် ၎င်းမှုခင်းအတွက် တရားခံ လွှဲပြောင်းတောင်းဆိုချက်ကို ၄၅ ရက်အတွင်း တောင်ကိုရီးယား တရားရေးဌာနထံသို့ တရားဝင် တင်ပြရမည်ဖြစ်သည်။
ထို့နောက် ယင်းတရားရေးဌာနက တရားခံ လွှဲပြောင်းပေးခြင်းဆိုင်ရာ ပြန်လည် သုံးသပ်စဉ်းစားမည်ဖြစ်ပြီး နယူးဇီလန်သို့ ဆက်လက် ပို့ဆောင်ပေးရန် သင့်/မသင့် ဆိုးလ်တရားရုံးချုပ်တွင် စစ်ဆေးကြားနာ၍ ဆုံးဖြတ် မည်ဟု သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ထုတ်ခဲ့သည့် ဖမ်းဝရမ်းသည် လူသတ်မှုစွဲချက် နှစ်ခုနှင့် ဆက်နွှယ်နေပြီး အဆိုပါ အမျိုးသမီးကို မလွှဲပြောင်းမီ အကျဉ်းထောင်တစ်ခုထဲ ထိန်းသိမ်းထားရန် တောင်ကိုရီးယား အာဏာပိုင်များအား နယူးဇီလန်ရဲတပ်ဖွဲ့က တောင်းဆိုထားသည်။
တောင်ကိုရီးယားက ဖမ်းဆီးလိုက်သော အမျိုးသမီးတစ်ဦး မျက်နှာဖုံးကွယ်ထားစဉ် (AP)
“အချိန်တိုအတွင်းမှာ နိုင်ငံရပ်ခြားရောက်သွားတဲ့ အခုအလိုရှိနေတဲ့သူကို ချုပ်နှောင်နိုင်ခဲ့တာဟာ ကိုရီးယား အာဏာပိုင်တွေရဲ့ အကူအညီနဲ့ နယူးဇီလန်ရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲဝန်ထမ်း (အင်တာပိုလ်)တွေရဲ့ ညှိနှိုင်းမှု အပေါ်မှာပဲ မူတည်ပါတယ်” ဟု စုံစမ်းထောက်လှမ်းရေးအရာရှိ Tofilau Fa'amanuia Vaaelua က ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။
ယခုအမှုအတွက် စုံစမ်းစစ်ဆေးမှုကို အလွန်ခဲယဉ်းစွာ လုပ်ဆောင်ခဲ့ရပြီး နယူးဇီလန် ပြည်တွင်းနှင့်ပြည်ပတွင် ဆက်လက်၍ မေးမြန်းထောက်လှမ်းနေကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့ရှိ အွန်လိုင်း လေလံပွဲ တစ်ခုအတွင်း စတိုခန်း တစ်ခန်းအတွင်း အိတ်နှစ်လုံး အပါအဝင် နယူးဇီလန်နိုင်ငံသား မိသားစုတစ်စုထံမှ စွန့်ပစ်ပစ္စည်းများကို လေလံဆွဲ ဝယ်ယူပြီးနောက် ကလေး နှစ်ဦး၏ အလောင်းများကို ယခင်လ၌ တွေ့ရှိခဲ့ရသည်။
လေလံဆွဲရောင်းချသူ နယူးဇီလန်မိသားစုနှင့် ယခုကလေးနှစ်ဦးသေဆုံးမှုမှာ သက်ဆိုင်မှုမရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
Source: AP

- By CNI
- Category: လူမှုဘဝ
- Hits: 1365
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃
ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ အိမ်အကူအလုပ်ဖြင့် သွားရောက်မည်ဆိုပါက တစ်ဖက်နိုင်ငံတွင် ကြုံတွေ့ရမည့် ပြဿနာများအား ရင်ဆိုင်နိုင်ပြီး အမှန်တကယ် အပင်အပန်း ဒုက္ခခံနိုင်မှသာ သွားသင့်ကြောင်း ဒူဘိုင်းက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ဒူဘိုင်းသို့ အိမ်အကူအလုပ်ဖြင့် အေဂျင်စီများနှင့် သွားရောက်သည့် လူ ၁၀၀ တွင် ၉၉ ယောက်မှာ ဒုက္ခရောက် ကြသည့်အတွက် မသွားပါက အကောင်းဆုံးဖြစ်သော်လည်း မသွားကြရန် တားဆီး၍ မရကြောင်း ဒူဘိုင်းက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် STUM မှ အဖွဲ့ဝင် မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သွားမယ်ဆိုရင်လည်း အလုပ်ပင်ပန်းတဲ့ ဒဏ်ပေါ့။ ဟိုမှာက နိုင်ငံခြားဘက်မှာကျ ပြောရရင် တန်အောင် ခိုင်းတာပေါ့။ အလုပ်သမား အခွင့်အရေးတွေ ဘာတွေလည်း နားမလည်တော့ဘူး။ သူက တန်အောင် ခိုင်းတယ်။ အဲဒီအခါမျိုးမှာ အဲဒီ အခြေအနေတွေကို သူတို့က သိထားဖို့ လိုတယ်။ အိမ်အလုပ်ဆိုတာကလည်း ၈ နာရီဆိုတဲ့ ဘောင်ထဲမှာ မရှိဘူးလေ။ တော်တော်များများက လိုရင် လိုအပ်သလို ခိုင်းကြတာဆိုတော့ သူတို့ပေးတဲ့ ငွေတွေက ဘယ်အပေါ်မှာ အခြေတည်ပြီး ပေးတာလဲဆိုတာ သိဖို့လိုတယ်။ ဟိုဘက်မှာ ထမင်းမစားရဘူး။ စားရတဲ့ ထမင်းက လည်း အရမ်းကြမ်းတယ်။ ဒီနိုင်ငံက ဘယ်လောက်ပဲ ဆင်းရဲသားစားတဲ့ ဆန်ဖြစ်နေပါစေ ဟိုနိုင်ငံက သူဌေးစားတဲ့ ဆန်လောက်ကို ရှိတယ်။ မစားနိုင်ဘူး။ အခုသူတို့ ပြောတဲ့အထဲမှာ ထမင်းမကျွေးဘူးဆိုတဲ့ စကားက ထပ်တလဲလဲ ပါတယ်။ ဟိုဘက်နိုင်ငံက ထမင်းစားတဲ့ နိုင်ငံမဟုတ်ဘူး။ သူတို့စားတယ်ဆိုတဲ့ ထမင်းကလည်း အင်မတန် ကြမ်း တယ်။ သူတို့စားတဲ့ အစားအစာတွေကို သိဖို့လိုတယ်။ သူတို့က နံပါတ်တစ် ပြဿနာက ထမင်းမကျွေးဘူး။ အစား အသောက်ကို မဝရေဆာ ကျွေးတယ်၊ ပေါင်မုန့်ကျွေးတယ်။ အဲဒါတွေကို ဒီဘက်က သိဖို့လိုတယ်”ဟု ပြောသည်။
ဒူဘိုင်းရောက် မြန်မာအိမ်အကူ အလုပ်သမားများ၏ နေထိုင်စားသောက်ရမှု ပုံစံ
ယူအေအီးနိုင်ငံ ဒူဘိုင်းတွင် မြန်မာသံရုံးမရှိသည့်အပြင် အလုပ်သမားစေလွှတ်ရန် တရားဝင် အေဂျင်စီ မရှိသည့် အတွက် တရားမဝင် အေဂျင်စီတို့ဖြင့်သာ သွားရောက်နေကြခြင်းဖြစ်ကာ အင်္ဂလိပ်စကား အခြေခံတတ်မြောက် ထားမှသာ ပြဿနာ တစ်စုံတစ်ရာကြုံတွေ့ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုအေဂျင်စီများကလည်း သွားရောက်လုပ်ကိုင်မည့်သူများအား တစ်ဖက်နိုင်ငံတွင် ပင်ပင်ပန်းပန်း မလုပ်ရ ကြောင်း၊ တစ်ပတ်လျှင် ပိတ်ရက်မည်မျှရှိကြောင်းစသဖြင့် မက်လုံးပေးဆွဲဆောင်ကာ ပို့ဆောင်နေခြင်း ဖြစ် ကြောင်း သိရသည်။
တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်တွင် လုပ်ရသည့်အလုပ်မှာ အင်မတန်ပင်ပန်းပြီး ပိတ်ရက်လည်း မရရှိသည့်အတွက် မသွားခင် အေဂျင်စီနှင့်စာချုပ်ချုပ်ဆိုသည့်အခါ သေချာစွာ စိစစ်ချုပ်ဆိုသင့်ကြောင်း ဒူဘိုင်းက မြန်မာ အလုပ် သမားအရေး ကူညီဆောင်ရွက်နေသည့် ကိုစိုင်းယုမောင်က CNI သို့ ပြောသည်။
“ဖြစ်လာတဲ့အခါကျတော့ ဘယ်သူမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ အဲဒီလိုမျိုးတွေဖြစ်နေတာ။ တကယ်လို့ သွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အေဂျင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်၊ မရှိဘူးဆိုတာကို အရင်ဆုံး ဖြစ်လာရင် တာဝန်ယူတယ်ဆိုတဲ့ဟာကို လက်မှတ်ထိုးခိုင်းတဲ့ အခြေအနေမျိုး လုပ်ပေးဖို့လိုတယ် စာချုပ်တွေပေါ့။ ကမ္ဘာမှာ သတ်မှတ်ထားတဲ့ ကမ္ဘာ့စံချိန် စံနှုန်းနဲ့မှန်သမျှကို အဲဒီနိုင်ငံကျတော့ အကုန်ချိုးဖောက်ခံရတယ်။ အလုပ်သမား အခွင့်အရေး ဆုံးရှုံးခံရတယ်။ အဲဒါကြောင့် ဒီက သွားမယ်ဆိုရင် တစ်ပတ်ကို တစ်ရက် ပိတ်ပေးမယ်ဆိုတဲ့ဟာကို သဘောတူ လက်မှတ်ထိုးသင့်တယ်ပေါ့။ တရားမဝင်သွားတယ်ဆိုပေမယ့်လည်း ဖြစ်လာရင် တရားစွဲလို့ရအောင် နှစ်ဦးသဘောတူစာချုပ်တွေ ချုပ်ထားဖို့လိုတယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။
မြန်မာနှင့် ယူအေအီး ရဲတို့ ပူးပေါင်း၍ ကယ်တင်ခဲ့ရသည့် မြန်မာနိုင်ငံသား အမျိုးသမီး(၇)ဦး
ဒူဘိုင်းသို့ အိမ်အကူဖြင့် သွားရောက်လုပ်ကိုင်ရာတွင် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့နေရသည်များ ရှိနေသော် လည်း သွားသည့်သူများလည်း လက်ရှိအချိန်အထိ ရှိနေကြောင်း သိရသည်။
အိမ်အကူအလုပ်ဖြင့် ပြည်ပတွင် သွားရောက်လုပ်ကိုင်မည်ဆိုပါက ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ မရွေးချယ်ဘဲ အခြားနိုင်ငံများသာ ရွေးချယ်သင့်ကြောင်း မမျိုးမျိုးအေးက CNI သို့ ပြောသည်။
“ဘယ်လိုမှတော့ ထိန်းချုပ်လို့မရဘူး။ ဘာလို့ဆို ဒူဘိုင်းမှာ အဆင်မပြေဘူးဆိုတဲ့သတင်းကို သူတို့တွေက လက် လှမ်းမီတာလည်း ရှိမယ်၊ လက်လှမ်းမမှီတာလည်း ရှိမယ်။ လက်လှမ်းမှီရင်တောင်မှပဲ ဘာဖြစ်လဲ ငါတို့လူကတော့ အဆင်ပြေမှာပဲ။ သူတို့က အဆင်မပြေတာ လိမ်တာပေါ့။ အလိမ်ခံရတဲ့သူကိုက ဗဟုသုတ အားနည်းတယ်။ ခုနက လိုဖြစ်နေတယ်ဆိုတာ မယုံကြည်ကြတာပေါ့။ ငါတို့ လူကတော့ လုပ်နိုင်တယ်။ ဒါမျိုးတွေလည်း တွေးထားကောင်း တွေးထားမှာပေါ့။ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မသွားစေချင်ဘူး။ တခြားနိုင်ငံကို ရွေးစေချင်တယ်။ ဒီ နိုင်ငံကို မသွားစေချင်ဘူး။ ပြီးတော့ အိမ်အကူနဲ့ မထွက်စေချင်ဘူး” ဟု ၎င်းက ပြောသည်။
ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦး အား ဒူဘိုင်းက အင်တာပို နိုင်ငံတကာ ရဲဌာန ချုပ် အပါအဝင် မြန်မာနှင့် ယူအေအီး ရဲတို့ ပူးပေါင်း၍ ကယ်တင်ခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ဒူဘိုင်းကို မြန်မာအမျိုးသမီးများ စေလွှတ်နေသည့် မမီမီး မဆွေဆွေမြင့်နဲ့ မကေသီမြင့်တို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1528
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
ထိုင်းနိုင်ငံသို့ MOU ဖြင့် သွားသည့် မြန်မာအလုပ်သမား ၁၅ ဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ထဲတွင် မပါသည့် အလုပ်များအား လုပ်ရပြီး အလုပ်ထွက်မည်ဆိုပါက ဘတ် ၄ ထောင် (မြန်မာငွေ ၄ သိန်း) ပေးရမည်ဟု ထိုင်းအလုပ်ရှင်များဘက်မှ တောင်းခံကြကြောင်း ထို မြန်မာအလုပ်သမားများက CNI သတင်းဌာနသို့ ပြောသည်။
စာချုပ်ထဲတွင် ရော်ဘာနှင့်ပတ်သက်သည့် ကုန်ချော လုပ်ရမည်ဟုပါရှိသော်လည်း စက်ရုံသို့ ရောက်ရှိချိန်တွင် စာချုပ်ထဲ၌ မပါရှိသည့် တောရှင်းသောအလုပ်၊ ပန်းရံအလုပ် စသည့် အလုပ်များသာမက အလုပ်ရှင်မှ ခိုင်းသည့် အလုပ်အားလုံး လုပ်ရကြောင်း အလုပ်သမား ကိုချစ်စိုးဦးက CNI သို့ ပြောသည်။
အလုပ်ရှင်အား ဘတ် ၄ ထောင်စီပေးပြီး အလုပ်ထွက်လာကြသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်
“ရောင်ဝါဦးနဲ့ ပို့ထားတာ(အေဂျင်စီ)။ တစ်လမပြည့်ခင်က အေဂျင်စီကို ဆက်သွယ်တော့ စာချုပ်ထဲမှာ မပါတဲ့ အလုပ်တွေ အကုန်လုပ်နေရတယ်ပေါ့။ လုပ်နေရတော့ အေဂျင်စီကို ဆက်သွယ်တယ်။ ဒီစက်ရုံဝန်းထဲက ဘယ် အလုပ်မဆို သူတို့ခိုင်းရင် မင်းတို့ လုပ်ရမယ်ဆိုပြီးတော့ အဲဒီလိုပြောလာတယ်။ အစုံပဲပေါ့နော်။ တောရှင်းတာ တွေတို့၊ ပန်းရံလုပ်ရတာတွေလည်း ရှိတယ်။ အလုပ်ပါးတဲ့အချိန်ဆိုရင် လှောင်ထားတဲ့ ကန်တွေပေါ့နော် ဆေးရတယ်။ အဲဒီလှောင်ထားတဲ့ကန်တွေက တော်တော်လေးညစ်ပတ်တယ်။ တအားနံစော်ပဲ။ ကျနော်တို့ စရောက်ရောက်ချင်းက ဖိနပ်တစ်ရံပဲပေးတယ်။ ကျန်တဲ့ကာဗာတွေ ဘာမှ မပေးဘူး။ ကျနော်တို့က မလုပ်နိုင်လို့ မလုပ်နိုင်ဘူးပြောတာကို အေဂျင်စီနဲ့ သူတို့ ကုမ္ပဏီနဲ့ ပြောပြီးတော့ မလုပ်နိုင်ဘူး ထွက်ချင်တယ်ဆိုရင် တစ်ယောက် လေးထောင်စီ(ဘတ်ငွေ) ပေးရမယ်။ အဲဒီလိုပြောတယ်။ ဘတ်လေးထောင်ပေးရင် နှုတ်ထွက်စာ သူတို့ပေးမယ်ပေါ့” ဟု ၎င်းကပြောသည်။
၎င်းတို့အနေဖြင့် လုပ်ကိုင်ရသည့် အလုပ်များမှာ ဓာတုပစ္စည်းများနှင့်ထိတွေ့ရသည့်အတွက် ကျန်းမာရေး ထိခိုက်ခြင်းနှင့်အတူ စာချုပ်ထဲတွင်ပါရှိသည့် ရော်ဘာကုန်ချောအလုပ် တစ်ခုတည်း လုပ်ရခြင်း မဟုတ်သည့် အတွက် ဆက်လက်မလုပ်ကိုင်နိုင်သဖြင့် တစ်လခွဲသာလုပ်ခဲ့ပြီး ၁၅ ဦးစလုံး ဘတ် ၄ ထောင် (မြန်မာငွေ ၄ သိန်း) ပေး၍ ထွက်ခဲ့ကြကြောင်း သိရသည်။
မြန်မာအလုပ်သမားများ အထုတ်အပိုးများနှင့် အလုပ်ထွက်လာကြစဉ်
ထို့ကြောင့် မြန်မာအလုပ်သမား ၁၅ ဦးသည် စုစုပေါင်း ဘတ် ၆ သောင်း (မြန်မာငွေ သိန်း ၆၀ )ပေးကာ အလုပ် ထွက်ခဲ့ကြသော်လည်း အလုပ်ထွက်ချိန်တွင် စက်ရုံ ခြံဝန်းထဲမှ မောင်းထုတ်ပြီး ကားဂိတ်သို့ လိုက်လံပို့ဆောင် ပေးခြင်း မရှိကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာအေဂျင်စီဘက်မှ တစ်စုံတစ်ရာ အကူအညီပေးခြင်းမရှိသေးဘဲ ထိုင်းအလုပ်ရှင် အနေဖြင့် ယခုကဲ့သို့ မြန်မာအလုပ်သမားများအပေါ် လုပ်ဆောင်ခြင်းသည် ဂုတ်သွေးစုပ်ရာရောက်သည်ဟု မြန်မာအလုပ်သမား အရေးဆောင်ရွက်နေသည့် ကိုသားကြီးက CNI သို့ပြောသည်။
“ထွက်စာခဆိုပြီးတောင်းလိုက်တာ။ ဒါက ဥပဒေထဲမှာ မရှိဘူး။ လုံးဝပေးစရာမလိုဘူး။ MOU ရဲ့ Law အရဆိုရင် စာချုပ်ပါအတိုင်း တရားဝင်ထွက်စာခကို အလုပ်ရှင်သူဋ္ဌေးသော်လည်းကောင်း ထိုင်းအေဂျင်စီတွေသော်လည်း ကောင်း တစ်ဦးတစ်ယောက်မှ တစ်ပြားတစ်ချပ်မှ ကောက်ယူပိုင်ခွင့်မရှိဘူး ထွက်စာခကို။ အလုပ်မမှန်ဘူးဆိုရင် ဒါ MOU ကို ဖောက်ဖျက်တာပဲ။ နောက်ပြီးတော့ အလုပ်သမားအရေး တည်ဆဲဥပဒေအရ သိပ်ကိုရှင်းတယ်။ စာချုပ်ကို ဘယ်အလုပ်နဲ့ ချုပ်လဲ။ အဲဒီအလုပ်ကိုပဲ ပေးရမှာ။ အဲဒီတော့ ကျနော်တို့အဖွဲ့အစည်းကို အကူအညီ တောင်းလာတဲ့ ရောင်ဝါဦး ပြည်ပအလုပ်အကိုင်အေဂျင်စီက ပို့ထားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းကို ပို့ထားတဲ့ အလုပ်သမားတွေ အလုပ်မမှန်တာက အလုပ်သမားတွေရဲ့ အပြစ်မဟုတ်ဘူး။ အလုပ်ရှင်နဲ့ အေဂျင်စီရဲ့အပြစ်ပဲ။ အေဂျင်စီက ဒီစက်ရုံနဲ့ စာချုပ်ချုပ်ပေးလိုက်တယ်။အထဲမှာခိုင်းတာ အလုပ်မှန်ခြင်း မမှန်ခြင်းကို အေဂျင်စီက သိရမယ်။ဒါကို အေဂျင်စီကမသိပါဘူးဆိုပြီး ဆင်ခြင်ပေးရင်တော့ မလုံလောက်ဘူးပေါ့။ အလုပ်သမား ဥပဒေကို ချိုးဖောက်တယ် ပေါ့” ဟု ၎င်းက ပြောသည်။
စာချုပ်ပါအတိုင်းမဟုတ်ဘဲ တောရှင်းသောအလုပ်ကို လုပ်ကိုင်နေရစဉ်
ထိုကိစ္စနှင့်ပတ်သက်၍ ရောင်ဝါဦး ပြည်ပအလုပ်အကိုင် အေဂျင်စီထံသို့ CNI မှ ဆက်သွယ်မေးမြန်းသည့်အခါတွင် တာဝန်ရှိလူကြီးမှာ ပြည်ပသို့ ရောက်နေသဖြင့် မှတ်ချက်ပေး၍မရကြောင်း ပြောသည်။
“ကျနော်တို့တွေက ထိုင်းက ကျနော်တို့ဆီမှာ ပို့နေတာက စပို့တဲ့အချိန်တည်းကနေဆို အခုအချိန်ထိ ထောင်၊ သောင်းချီနေပြီဆိုတော့ ဘယ်သူမှန်းမသိဘူး။ ဘယ်သူတွေမှန်းမသိတဲ့အခါကျတော့ ကျနော်တို့က ရမ်းပြောလို့ မရဘူး။ ကျနော်တို့ဆီက လူကပို့ထားတာများတယ်။ သတင်းဌာနတစ်ခုကို တရားဝင်ပြောဖို့က ကုမ္ပဏီတာဝန် ရှိတဲ့ MD ကိုယ်တိုင်က ပြောမှအဆင်ပြေမှာ။ ကုမ္ပဏီရဲ့တာဝန်ရှိတဲ့ MD ကလည်း over sea သွားနေတယ်”ဟု ၎င်း အေဂျင်စီက CNI သို့ ပြောသည်။
ထိုင်းအလုပ်ရှင်မှ အလုပ်ထွက်ခအဖြစ် ဘတ် ၄ ထောင် (မြန်မာငွေ ၄ သိန်း) တောင်းသည့်ကိစ္စနှင့်ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက CNI သို့ပြောသည်။
“သူတို့ဟာသူတို့တော့ သိနေပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရင် ကိုသားကြီး တရားစွဲမယ်။ ဆာဝါဒီကန် ဆိုတဲ့ အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့အစည်းကို တိုင်ပြီးတော့မှ စက်ရုံကို တရားစွဲမယ်။ စက်ရုံကို တရားစွဲ လိုက်တာနဲ့ ဒီအေဂျင်စီက ပါလာမယ်။ ထိုင်းအေးဂျင့်လည်းပါလာမယ်။ မြန်မာအေးဂျင့်လည်း ပါလာမယ်” ဟု သူက ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ အေဂျင်စီများမှ MOU ဖြင့် အလုပ်သမားစေလွှတ်သည့်အခါတွင် စက်ရုံ၊ အလုပ်ရုံ၏ နေရာမှာ မှန်ကန်မှုရှိသော်လည်း လုပ်ကိုင်ရသောအလုပ်မှာ စာချုပ်ထဲတွင် ပါရှိသည့် အလုပ်များမဟုတ်သည့် ကိစ္စရပ်များ အများအပြား တွေ့လာရကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1297
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
ယူအေအီး(UAE)နိုင်ငံ ဒူဘိုင်းတွင် အိမ်အကူအလုပ် လုပ်ကိုင်ရန် အေဂျင်စီများမှတဆင့် သွားရောက်ကြသော် လည်း ဒူဘိုင်းတွင် အလုပ်မလုပ်ရပဲ အိုမန်နိုင်ငံသို့ ရောင်းစားခံလိုက်ရသဖြင့် ဒုက္ခရောက်နေသည့် မြန်မာ အမျိုးသမီး ၅၀ ခန့်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းယုမောင်က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ မြန်မာအမျိုးသမီး ၅၀ ခန့်တွင် အများစုသည် ကရင်လူမျိုးများဖြစ်ပြီး အားလုံးသည်နေရပ် ပြန်ချင်နေကြ ကြောင်း၊ နေရပ်ပြန်မည်ဆိုပါက လျော်ကြေးအဖြစ် အနိမ့်ဆုံး မြန်မာငွေ သိန်း ၅၀ နှင့် အမြင့်ဆုံး မြန်မာငွေ သိန်း ၁၂၀ ခန့် တောင်းကြောင်း အိုမန်နိုင်ငံတွင် အိမ်အကူအလုပ် ဆက်မလုပ်နိုင်သဖြင့် ပြန်လာသူထံကနေ သိရသည်။
ကူညီဆောင်ရွက်ပေးနေသည့် ကိုစိုင်းယုမောင်က “ရောင်းစားခံရတာနဲ့ တူတာပေါ့နော်။ ဘာလို့ဆို လူကုန်ကူး တယ် ရောင်းစားခံရတယ်လို့ သုံးနှုန်းလို့ရတာပေါ့။ ဘာလို့ဆို လုပ်ခကို ခေါင်းပုံဖြတ်တယ်။ သူတို့က သွားတုန်းက အလည်ဗီဇာနဲ့ သွားတာပေါ့။ အလည်ဗီဇာနဲ့ သွားပြီး ဟိုရောက်တဲ့အခါကျတော့မှ အလည်ဗီဇာ မဟုတ်တော့ဘူး။ စာချုပ်တွေချုပ်တယ်၊ ဒါပေမယ့် အလုပ်သမားတွေကို မပေးဘူး။ ပတ်စပို့စ်တွေ သိမ်းတယ်၊ ဗီဇာတွေ သိမ်းတယ်၊ အကုန်လုံး သိမ်းထားတာ။ ထွက်ပြေးလို့လည်း မရဘူး။ တကယ်လို့ ထွက်ပြေးသွားရင်တောင် သူတို့ဆီမှာ ကျန်ခဲ့ တယ်။ ပြီးတော့ သူတို့က ၃ လကျော်သွားရင် overstay ဖြစ်သွားရော။ အလုပ်ရှင်တွေဘက်က သက်တမ်းတိုးပေး တာတွေ မရှိဘူး။ တကယ်လို့ ပြန်မယ်ဆိုရင် သက်တမ်းတိုးရတဲ့ ဒဏ်ကြေးတွေရော၊ လေယာဉ်စရိတ်၊ ပြီးတော့ ၆ လ မပြည့်ခင် ပြန်တယ်ဆို လျော်ကြေးပါ ပေးရမယ်ဆိုပြီး ပြောထားတယ်။ ဒူဘိုင်းကို ခေါ်ပြီးတော့ ဒူဘိုင်းမှာ အိုမန်ကို ပို့တယ်ပေါ့။ အိပ်တဲ့အချိန်က ၃ နာရီ ၅ နာရီလောက်ပဲ ရှိတယ်ပေါ့။ တစ်နေကုန် အလုပ်လုပ်ရတာ။ တချို့ ကောင်မလေးတွေဆို နှိပ်ပေးရတာ။ sexual harassment ပြုခံရတာတွေ အဲဒီလိုဟာမျိုးတွေလည်း ရှိတယ်။ နောက်သူတို့ကို လက်ပါတဲ့ အမျိုးသမီးတွေလည်း ရှိတယ်။ ကိုယ်ထိ လက်ရောက် ရိုက်နှက်တာတို့ ဘာတို့”ဟု ၎င်းက CNI သို့ ပြောသည်။
အေဂျင်စီနှင့် ပွဲစားများသည် ဒူဘိုင်းတွင် အလုပ်လုပ်ကိုင်ရမည့်အကြောင်း၊ လုပ်ခလစာ မည်မျှရမည့်အကြောင်း နှင့် တစ်ပတ်လျှင် ပိတ်ရက်မည်မျှ ရှိကြောင်း စသဖြင့် မက်လုံးများပေး၍ စေလွှတ်နေခြင်းဖြစ်သည်။
သို့သော် ဒူဘိုင်းမှတဆင့် အိုမန်နိုင်ငံသို့ ရောင်းစားခံရသည့်အခါတွင် အိမ်အကူလုပ်ကိုင်ရာ၌ အလုပ်လုပ်ကိုင် ရသည့် ပမာဏမှာ အင်မတန်များပြားပြီး တစ်ရက်လျှင် ထမင်းတစ်နပ်သာစားရခြင်း၊ ပိတ်ရက်မရှိသည့်အပြင် နေမကောင်း ဖြစ်ပါကလည်း မနားရခြင်းနှင့် လုပ်ခလစာတို့ မရရှိခြင်းတို့နှင့် ကြုံတွေ့ရကြောင်း အိုမန်တွင် အိမ်အကူအလုပ် ဆက်မလုပ်နိုင်သဖြင့် ပြန်လာသူ မစိုးစိုး(အမည်လွှဲ)က CNI သို့ပြောသည်။
ဒူဘိုင်းတွင် မြန်မာအိမ်အကူများကို ကျွေးမွေးသည့်ပုံစံ
မစိုးစိုး(အမည်လွှဲ)က“အိမ်ရှင်မှာက သူဌေးမတစ်ယောက်ရယ်၊ သူဋ္ဌေးထီး တစ်ယောက်ရယ် ကလေး ၃ ယောက်ရယ်နဲ့ ၅ ယောက်ရှိတယ်။ အိမ်ကလည်း ကျယ်တယ်။ အောက်ထပ်မှာကျ သူ့ယောက္ခမတွေ၊ ယောက္ခထီးတွေ၊ သူဋ္ဌေးထီးရဲ့ ညီတွေရော အများကြီးပဲ ရှိတယ်။ တစ်အိမ်လုံးရဲ့အလုပ်ကိုလုပ်ရတယ်။ မနက် ၆ နာရီကနေ ထပြီးတော့လုပ်ရတာက နေ့ခင်းဆို ၃ နာရီလောက်မှ ထမင်းစားရတယ်။ ထမင်းစားပြီးတာနဲ့ ညဆို ၁၂ နာရီက အစောဆုံးအိပ်ရတယ်။ ၂ နာရီ ၃ နာရီက ပုံမှန်လိုဖြစ်နေတာ။ နေမကောင်းရင်တောင်မှ မနားရဘူး။ ပိတ်ရက်လည်း တစ်ရက်မှ မရှိဘူး၊ နားရက်လည်း တစ်ရက်မှမရှိဘူး။ နေမကောင်းရင်တောင် မနားရဘူး။ ညီမ အဲဒီမှာနေတုန်းကဆိုရင် လှေကားပေါ်ကနေပြီးတော့ ပြုတ်ကျပြီးတော့ ခြေထောက်ခေါက်သွားတာ။ အဲဒါ တောင်မှပဲ မနားရဘူး။ ထော့ကျိုးထော့ကျိုးနဲ့ လုပ်ရတာ။ တစ်အိမ်လုံးမှာ တခြားဝန်ထမ်းလည်းမရှိဘူး။ ညီမတစ်ယောက်တည်း အကုန်လုပ်ရတာ။ အရမ်းပင်ပန်းတယ်။ အဲဒီကြားထဲ ပိုက်ဆံကလည်း အိမ်ကိုမရောက် တော့ လုပ်ချင်စိတ်ကမရှိတော့ဘူးပေါ့”ဟု သူက ပြောသည်။
ဒူဘိုင်းနိုင်ငံသို့ မြန်မာမိန်းကလေးအများစုသည် အိမ်အကူအလုပ်ဖြင့် သွားရောက်ကြသည်မှာ များပြားပြီး ထိုသို့ ရောင်းစားခံလိုက်ရခြင်းမျိုး အများအပြားကြုံတွေ့ကြရသဖြင့် ဒူဘိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက အိမ်အကူအလုပ်ဖြင့် လုံးဝမသွားကြရန် မစိုးစိုး (အမည်လွှဲ)က ဆက်ပြောသည်။
“အိမ်အကူနဲ့ သွားရင် အများစုက ဒုက္ခရောက်တယ်။ အခက်အခဲဖြစ်တယ်။ တော်တော်များများကို ဒုက္ခ ရောက်တယ်။ တခြား ကိုယ်က ပညာရေးပိုင်းနဲ့လည်း မြင့်တယ်။ အပြင်အလုပ်နဲ့သွားမယ်ဆိုရင် အဲဒီလို အလုပ် မျိုးတွေက နည်းနည်းအဆင်ပြေတယ်။ ဘာလို့ဆို ပိတ်ရက်လည်းရှိတယ်။ အလုပ်တွေလည်း အချိန်ပိုင်းလေးတွေ ပဲ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကို အုပ်ချုပ်မယ့်သူမရှိဘူးပေါ့။ အလုပ်ချိန်မှာပဲ အလုပ်ရှင်က အုပ်ချုပ်လို့ရမယ်။ ကျန်တဲ့အချိန်က ကိုယ့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်ဖြစ်တဲ့အတွက် စိတ်အပန်းဖြေလို့ ရတယ်ပေါ့။ အိမ်အကူနဲ့ ဆိုရင်တော့ လုံးဝမသွားပါနဲ့လို့ တိုက်တွန်းချင်တယ်”ဟု ၎င်းက ပြောသည်။
ဒူဘိုင်းတွင်အလုပ်လုပ်ကိုင်ရမည်ဟုဆိုကာ အိုမန်နိုင်ငံသို့ ရောင်းစားခံလိုက်ရသည့် မြန်မာအမျိုးသမီးများ၏ အခြေခံလုပ်ခလစာရရှိမှုမှာ အိုမန်နိုင်ငံမှ သတ်မှတ်ထားသည့် ပမာဏထက် လျော့နည်းကြောင်းလည်း သိရသည်။
အိုမန်နိုင်ငံ၏ အလုပ်သမားတစ်ဦး အခြေခံလုပ်ခလစာမှာ အိုမန်ငွေ ရီးရဲ ၃၀၀ ခန့် (မြန်မာငွေ ၁၆ သိန်းကျော်) သတ်မှတ်ထားသော်လည်း အိမ်အကူလုပ်ကိုင်သည့် မြန်မာအမျိုးသမီးများ လုပ်ခလစာရရှိမှုမှာ ရီးရဲ ၁၂၀ မှ ၁၅၀ ခန့် (မြန်မာငွေ ၆ သိန်းခွဲမှ ရှစ်သိန်းကျော်) အထိသာ ရရှိကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1361
ထိုင်းနိုင်ငံရှိ ကွန်ဒိုများအား မြန်မာနိုင်ငံသားများ ဝယ်ယူမှု များပြားနေ
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုအပါအဝင် အိမ်ခြံမြေတို့အား မြန်မာနိုင်ငံသားများမှ ဝယ်ယူမှု များပြားနေ ကြောင်း ထိုင်းနိုင်ငံရှိ ကွန်ဒိုအရောင်းအဝယ်ပြုလုပ်သူများနှင့် နေထိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင် တစ်လလျှင် ကွန်ဒိုတစ်ခန်းခန့်သာ မြန်မာဘက်မှ ဝယ်ယူမှုရှိသော်လည်း ယခု ဇွန်လမှ စတင်ကာ ဝယ်ယူမှု များပြားလာခြင်းဖြစ်ပြီး တစ်လလျှင် ကွန်ဒို ၁၀ ခန်းမျှ မြန်မာနိုင်ငံသားများမှ ဝယ်ယူမှုများရှိနေကာ ထိုင်းနိုင်ငံ ဘက်တွင်လည်း ကွန်ဒိုဈေးကွက်မှာ ကောင်းမွန်နေကြောင်း ၎င်းတို့က ပြောသည်။
ထိုင်းနိုင်ငံရှိ ကွန်ဒိုရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှ တာ၀န်ရှိသူတစ်ဉီးက “မြန်မာပြည်ကလူတွေကတော့ တော်တော် များများ ဝယ်ကြတယ်။ တအားရောင်းလာကြတယ် ရောင်းတဲ့လူတွေဘက်ကရော။ထိုင်းနိုင်ငံဘက်က ကုမ္ပဏီ တွေကလည်း မြန်မာပြည်ဘက်ကို ပရိုမိုးရှင်းတွေ သေချာတိုက်ရိုက်လုပ်ပြီးတော့ ရောင်းကြတော့။ မြန်မာပြည် ကလည်း လက်ရှိအခြေအနေမှာ ကျပ်ငွေတွေကို လက်ထဲမထားချင်ကြတော့ တောက်လျှောက်တော့ အဝယ် တွေရှိတယ်။ မယုံနိုင်လောက်အောင် ဝယ်ကြတယ်။ အမတို့ကုမ္ပဏီကနေတဆင့် ဝယ်တဲ့လူတွေလည်း အများကြီးပဲ။ တောက်လျှောက်အလုပ်တွေများနေတယ်။ တောက်လျှောက် အဝယ်တွေများနေတယ်။ အရင်တုန်းကဆို ဒူဘိုင်းတို့ စင်ကာပူတို့မှာ ဝယ်တာရှိတယ်လေ မြန်မာပြည်ဘက်က။ အခုမှ ထိုင်းဘက်ကို အရမ်းမျက်စိကျလာကြလဲ မပြောတတ်ဘူး။ လွယ်လွယ်ကူကူဝယ်လို့ အဆင်ပြေတာရော။ နာမည်ပေါက်တွေ လုပ်တာကလည်းအရမ်းလွယ်တာကိုး။ ထိုင်းအစိုးရကလည်း တောက်လျှောက် ဝယ်ခွင့်ပေးနေတာ။ မြန်မာရယ်မှ မဟုတ်ဘူး တခြားနိုင်ငံခြားသား ဘယ်သူမဆို ဝယ်ခွင့်ပေးနေတော့ အပြုံလိုက်ပေါ့ လာဝယ်နေကြတာ”ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် အချက်အချာကျသည့် ဘန်ကောက်မြို့ရှိ ကွန်ဒိုများအား မြန်မာနိုင်ငံသား များမှ ဝယ်ယူမှု များပြားနေခြင်းဖြစ်ကာ မဲဆောက်ဘက်တွင်လည်း ဝယ်ယူမှုများရှိနေကြောင်းနှင့် ဘန်ကောက် တွင် ကွန်ဒိုဝယ်ယူသော မြန်မာအချို့သည် ကလေးကျောင်းတက်ရန်ဟု အမည်ပြ၍ ဝယ်ယူကြကြောင်း သိရသည်။
ဝယ်ယူလိုသည့် ကွန်ဒိုများကို အကျိုးဆောင်က လိုက်လံပြသပေးနေစဉ်
ထိုင်းနိုင်ငံ၏ နယ်မြေဒေသပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိပြီး မြို့အပြင်ဘက်တွင် ၁၀ ပေ ပတ်လည် ကွန်ဒိုတစ်ခန်းအား ဘတ်ငွေ တစ်သန်းကျော် (မြန်မာငွေ သိန်းတစ်ထောင်ကျော်) ပေါက်ဈေးရှိကာ အချို့ အချက်အချာကျသည့် မြို့များတွင်မူ ဘတ် ရှစ်သန်းကျော် (မြန်မာငွေသိန်းရှစ်ထောင်ကျော်) အထိ ဈေးရှိကြောင်း ကွန်ဒိုအရောင်းအဝယ်ပြုလုပ်သည့် ကိုသိန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
“ငွေဈေးတွေက ဟိုဘက်မှာပြိုလဲနေတော့ ဒီဘက်မှာလာပြီး ရင်းနှီးမြှုပ်နှံကြတာ။ ဒါပေမယ့် ဒီအရှေ့မှာလည်း ငွေဈေး မပြိုလဲခင် စစ်အစိုးရတက်ပြီးနောက်ပိုင်းမှာ ဒီဘက်မှာလာပြီး ရင်းနှီးမြှုပ်နှံတာတွေ ရှိတယ်။ တချို့ ကျနော်တို့သိတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကလူတွေဆိုရင် တော်တော်များများပဲ။ ဒီဘက်မှာ လာဝယ်ကြတာတွေ ရှိတယ်။ ကွန်ဒိုဈေးကွက်အနေအထားကတော့ ကျနော် ပြီးခဲ့တဲ့ အပတ်က ကျန်တဲ့နေရာတွေတော့ မပြောတော့ ဘူး။ ဖလမ်ဆောင် ဘက်မှာဆိုရင် ကွန်ဒိုအခန်းဆို ၁၀ ပေပတ်လည်လောက်ရှိမယ်။ သူရတာ ၈ ထပ်ပဲလေ။ ၈ ထပ်ကို ဘတ် ၈ သန်းကျော်တယ်ဆိုတော့ တွက်ကြည့်ပေါ့ မြန်မာငွေ အခုပေါက်ဈေးနဲ့ဆို အရမ်းဟိုဟာဖြစ်တယ်။ ၁၀ ပေပတ်လည် တစ်ခန်းအဲဒါ။ ၈ လွှာမှာ ဝယ်ထားတာ။ ပိုများတာပေါ့ သူကအချက်အချာကျတဲ့နေရာတွေ။ လေယာဉ်ကွင်းနဲ့ နီးတဲ့ဘက်မှာဆိုရင် သွားမလုပ်နဲ့ ဈေးက။ မတရားကြီးများတာဆိုတော့။ ဒီဖလမ်ဆောင်ဆိုရင် ဘန်ကောက်မြို့ရဲ့ နံပါတ် သုံး၊ လေး အဆင့်လောက်မှာ ပါတယ်”ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံမှ နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်မျိုးတည်းသာ ဝယ်ယူခွင့်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ဗီဇာကိုင်ဆောင်ထားကာ ထိုင်းနိုင်ငံရှိ ကုမ္ပဏီတို့တွင် ရှယ်ယာဝင်ထားသူဖြစ်ပါက ကွန်ဒို တစ်မျိုးတည်းမဟုတ်ဘဲ အခြားအိမ်ခြံမြေများကိုလည်း ဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသည့်အခါတွင် မြန်မာနိုင်ငံသား၊ မြန်မာပတ်စပို့စ်စာအုပ် ကိုင်ဆောင်ထားသူဖြစ်ပါက မြန်မာပြည်တွင်းရှိ ဘဏ်မှတဆင့် ထိုင်းနိုင်ငံဘက်ရှိ ဘဏ်သို့ ငွေလွှဲရခြင်းဖြစ်သဖြင့် လက်ရှိတွင် ပြည်တွင်းမှ ငွေပမာဏ အများအပြားလွှဲရန်မှာ မလွယ်ကူသည့်အတွက် ကွန်ဒိုအရောင်းအဝယ် ကုမ္ပဏီများမှ စီစဉ်ဆောင်ရွက် ပေးကြောင်းလည်း သိရသည်။