CNI International News

ဂျကာတာ၊ ဒီဇင်ဘာ ၇

လက်မထပ်ဘဲ လိင်ဆက်ဆံခြင်း၊ သမ္မတနှင့်နိုင်ငံပိုင် အဖွဲ့အစည်းများကို စော်ကားပြောဆိုခြင်းတို့အား တားမြစ် ရန် အင်ဒိုနီးရှားလွှတ်တော်က အင်္ဂါနေ့တွင် တစ်ညီတစ်ညွတ်ထဲ သဘောတူခဲ့ကြသည်ဟု AP သတင်းမှာ ဖော်ပြ ထားသည်။

စတင် အသက်ဝင်သည့် အချိန်တွင် အဆိုပါ တားမြစ်မှုများသည် နိုင်ငံသားများအတွက် တင်မဟုတ်ပဲ နိုင်ငံခြား သားများအတွက်လည်း အကျုံးဝင်မည် ဖြစ်သည်။

အဆိုပါ ဆောင်ရွက်မှုသည် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော နိုင်ငံ၏ရာဇဝတ်မှု ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှု ၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်။

၎င်းသည် လက်ရှိ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဥပဒေကို တိုးချဲ့ခြင်းလည်း ပါဝင်သည်။

တားမြစ်မှုများကို အတည်ပြုရန် သမ္မတ၏ အတည်ပြုမှု လိုအပ်နေသေးကြောင်း၊ ထိုတားမြစ်ချက်များကို ဥပဒေအ ဖြစ် အပြည့်အဝ အကောင်အထည် ဖော်ရန် နှစ်အနည်းငယ်ကြာ အချိန်ယူရဦးမည်ဟု အစိုးရဘက်က ပြောသည်။

အင်ဒိုနီးရှားလွှတ်တော်ကိုတွေ့ရစဉ် (AP)

ဥပဒေပြင်ဆင်မှုတွင် လက်မထပ်ဘဲ လိင်ဆက်ဆံခြင်းနှင့် ပတ်သတ်၍ ထောင်ဒဏ် ၁ နှစ်၊ ၆ လ ပြစ်ဒဏ်ကျခံ ရစေမည်ဟု သတ်မှတ်ချက် ပါဝင်ကြောင်း၊ အဆိုပါ စွဲဆိုမှုများအတွက် အိမ်ထောင်ဘက်၊ မိသားစု သို့မဟုတ် ကလေးများဘက်မှ တိုင်ကြားမှုများကို အခြေခံရမည်ဟု ပါဝင်သည်။

ပြောင်းလဲပြင်ဆင်မှုများတွင် မက်ဇ်-လီနင် ဝါဒကို ထောက်ခံသည့် အဖွဲ့အစည်းများနှင့် ပတ်သက်သူများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ရန်၊ ကွန်မြူနစ်ဝါဒ ပြန့်ပွားစေမှုအပေါ် ထောင်ဒဏ် ၄ နှစ် ချမှတ်ရန်လည်း ပါဝင်သည်။

ယခုကဲ့သို့ ပြင်ဆင်မှုများသည် အကျယ်ချဲ့ခြင်း သို့မဟုတ် ရေရာသေချာမှုမရှိဟု လူ့အခွင့်အရေး အဖွဲ့စည်းများက ဝေဖန်ထားကာ ယင်းတို့က သာမာန်ဆောင်ရွက်မှုများကိုပင် အပြစ်ပေးနိုင်ပြီး လွတ်လပ်စွာ ဖော်ပြခွင့်နှင့် ပုဂ္ဂလိက အခွင့်အရေးကို ခြိမ်းခြောက်မှု ဖြစ်စေသည်ဟု ထောက်ပြသည်။

သို့သော် တချို့သော တက်ကြွလှုပ်ရှားသူများကတော့ ယခုကဲ့သို့ ပြောင်းလဲမှုမှာ နိုင်ငံတွင်းရှိ LGBTQ များ အတွက် အောင်မြင်မှုလည်း ဖြစ်သည်ဟု ချီးကျူးသည်။

အပြင်းအထန် ဆွေးနွေးခဲ့ကြပြီးနောက် အင်ဒိုနီးရှား လွှတ်တော်အမတ်များသည် လိင်တူဆက်ဆံခြင်းကို တရား မဝင် ဖြစ်စေသည့် အစ္စလာမ္မစ် အဖွဲ့အစည်းများမှ တင်သွင်းသော စာပိုဒ်ကို ဖယ်ရှားရန် သဘောတူခဲ့ခြင်းကြောင့် ဖြစ်သည်။

အင်ဒိုနီးရှားက တက်ကြွလှုပ်ရှားသူများကိုတွေ့ရစဉ် (AP)

ယခုပြောင်းလဲမှုများတွင် သေဒဏ်ပေးခြင်းနှင့်ပတ်သတ်၍ မူလအတိုင်း ဆက်လက် ထားရှိရန်လည်း ပါဝင်သည်။ သို့သော် သေဒဏ်များအတွက် ၁၀ နှစ်တာ စောင့်ကြည့်ကာလ ထည့်သွင်းရန် ပါဝင်နေပြီး သေဒဏ် အကျဉ်းသား အနေဖြင့် စောင့်ကြည့်ကာလအတွင်း ကောင်းမွန်စွာ နေထိုင်မည်ဆိုလျှင် ၎င်းတို့၏ ပြစ်ဒဏ်ကို တစ်သက် တစ်ကျွန်း သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ သို့ ပြောင်းလဲပေးသွားမည်ဖြစ်သည်။

ကိုယ်ဝန် ဖျက်ချမှု အတွက်လည်း မူလအတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အသက် အန္တရာယ် ခြိမ်းခြောက်မှုရှိသည့် အခြေအနေနှင့် အဓမ္မအကျင့်ခံရမှုတွင် သန္ဓေသား ၁၂ ပတ်ထက် မကျော်သေးခင် ပြုလုပ်နိုင်သည်ဆိုသည့် ချွင်းချက်များကိုတော့ ထည့်သွင်းခဲ့သည်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ လုပ်ထုံးလုပ်နည်းများတွင် လွှတ်တော်မှ အတည်ပြုလာသော ဥပဒေပြုမှုများကို သမ္မတက လက်မှတ်ထိုးမှ ဥပဒေအဖြစ် အသက်ဝင်မည်ဖြစ်သည်။ သို့သော် သမ္မတဘက်မှ လက်မှတ်မထိုး ခဲ့လျှင်ပင် ကန့်ကွက်သည့် ဥပဒေတစ်ရပ် မထုတ်လျှင် အဆိုပါ ဥပဒေသည် ရက် ၃၀ နောက်ပိုင်းတွင် အလို အလျှောက် ဥပဒေအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

Source: AP