CNI International News

ဂျကာတာ၊ ဒီဇင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှု တစ်ခုကြောင့် လူပေါင်း ၂၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မီးတောင်မှ ပြာများသည် အထက် ၁၅ ကီလိုမီတာအထိ ပျံ့နှံ့လျက်ရှိကာ မီးတောင်တည်ရှိရာ ဂျာဗားကျွန်း အရှေ့ ပိုင်း ဧရိယာများတွင် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားသည်ဟုလည်း အာဏာပိုင်များက ပြောသည်။

ဆီမီရူမီးတောင် ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ထို့နောက် သတိပေးချက် တချို့ ထုတ်ပြန်ထားသည်က လွဲ၍ လေကြောင်း ခရီးစဉ်းများအပေါ် ထိခိုက်မှုမရှိသေး ကြောင်း အင်ဒိုသယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

ဆီမီရူမီးတောင် ပေါက်ကွဲနေမှုကို တွေ့ရစဉ် (AP)

လမ်းများကို မနက်ပိုင်း ကတည်းက ပိတ်ထားရကာ မီးတောင်မှ ထွက်ပေါ်လာသောပြာများ မိုးကဲ့သို့ ရွာချမှု ကြောင့် မီးတောင်ကိုပင် ဖုံးအုပ်လျက်ရှိကြောင်း အခင်းဖြစ်ရာ နေရာတွင်ရှိနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆီမီရူသည် ဂျာဗားကျွန်းမှ အမြင့်ဆုံး တောင်တစ်ခုဖြစ်ပြီး ပြီးခဲ့သော နှစ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှ လူ ၅၀ ကျော်သေဆုံးကာ ထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရသည်။

ယခုနှစ် မီးတောင်ပေါက်ကွဲမှုတွင် လူပေါင်း ၁၉၇၉ ဦးကို ရွှေ့ပြောင်းရေးစခန်း ၁၁ ခုသို့ ရွှေ့ပြောင်းပေး ထားရ ကြောင်း၊ ဒေသခံများကို နှာခေါင်းစည်းများ ဝေငှပေးထားကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါး ရေး အေဂျင်စီ (BNPB)က ပြောသည်။

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် မနက် ၂ နာရီ ၄၆ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲ ဖြစ်သည်။ မီးတောင်မှပြာများသည် ကောင်းကင်အမြင့် ၁၅ ကီလိုမီတာအထိ မြင့်တက်နေကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။

ဆီမီရူမီးတောင် ပေါက်ကွဲမှုကို တွေ့ရစဉ် (AP)

ဂျပန်အေဂျင်စီသည် ဆီမီရူမီးတောင်ကြောင့် ဆူနာမီတစ်ခု ဖြစ်လာနိုင်သည်ဟု အစောပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့ဖူးသော်လည်း နောက်ပိုင်းမှာတော့ ပြန်လည်ရုပ်သိမ်းခဲ့သည်။

မီးတောင် ပေါက်ကွဲမှုသည် မြို့တော် ဂျာကာတာ၏ အရှေ့ပိုင်း ၆၄၀ ကီလိုမီတာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ထိုမတိုင်ခင် ဂျာဗားအနောက်ပိုင်း၌ ငလျင်လှုပ်မှုများစွာ ဖြစ်ပွားခဲ့သည်။

အဆိုပါ ငလျင်များမှ ပြီးခဲ့သည့်လတွင် လှုပ်ခဲ့သော ငလျင်အတွင်း လူ ၃၀၀ ကျော် သေဆုံးခဲ့သည်။

ထို့ကြောင့် အင်ဒိုနီးရှား ငလျင်နှင့်မိုးလေဝသ အန္တရာယ်လျော့ချရေးစင်တာ (PVMBG)က မီးတောင် လှုပ်ရှားမှု ဆိုင်ရာ သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားကာ ဆီမီရူမီးတောင်ပေါက်ကွဲမှု ဗဟိုချက်နှင့် ၈ ကီလိုမီတာအတွင်း အနားမကပ်ရန်လည်း ဒေသခံများကို သတိပေးထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါင်း ၁၄၂ ခုရှိပြီး မီးတောင်နှင့်နီးကပ်သော နေရာများတွင် လူနေထိုင်မှုဆိုင်ရာ ကမ္ဘာ့အများဆုံး လူဦးရေကို ပိုင်ဆိုင်ထားသည်။

Source: CNA