CNI International News

ဂျကာတာ၊ အောက်တိုဘာ ၅

အာဆီယံ ၅ နိုင်ငံနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေနိုင်မည့် အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံ၏ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက အောက်တိုဘာ ၅ ရက်က ကြေညာခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ Channel News Asia သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

အဆိုပါ အစီအစဉ်အရ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် နယ်စပ်ဖြတ်ကျော် ငွေပေးမှု စနစ်ကို လာမည့်နှစ်တွင် အပြည့်အဝ ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်သည်။

အင်ဒိုနီးရှားသည် ၎င်း၏ ငွေပေးချေမှုစနစ် ထိုင်းနှင့် လက်ရှိ ချိတ်ဆက်ထားပြီး မလေးရှား၊ စင်ကာပူတို့နှင့် မကြာ မီ ဆက်လက် ချိတ်ဆက်သွားမည်ဟု ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပါရီဝါဂျီယို (Perry Warjiyo) က အစ္စလာမ့် စီးပွားရေး အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နှင့် သဘောတူညီထားမှု အခြေအနေ အသေးစိတ်ကိုတော့ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပါ။

QR စနစ်နဲ့ ငွေပေးချေမှုကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းနှင့်အင်ဒိုနီးရှား ဗဟိုဘဏ်များသည် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် QR စနစ်ဖြင့် ငွေပေးချေ ချိတ်ဆက် မှုကို ပြီးခဲ့သည့် ဩဂုတ်လ၌ စတင်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

အဆိုပါ နှစ်နိုင်ငံရှိ လက်လီငွေပေးချေမှုစနစ် အော်ပရေတာများကို ပထမဆုံး ချိတ်ဆက်နိုင်မှုသည် နှစ်နိုင်ငံစလုံးရှိ စားသုံးသူနှင့် ကုန်သည်များအပေါ် ကုန်စည်နှင့်ဝန်ဆောင်မှုများအတွက် QC ငွေပေးချေမှုကို လက်ခံစေနိုင် ကြောင်း ထိုင်းနှင့်အင်ဒို ဗဟိုဘဏ်များ၏ ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံ ငွေပေးချေချိတ်ဆက်မှု အစပျိုးနိုင်ခဲ့ခြင်းသည့် အရှေ့အာရှနိုင်ငံများအသင်း (အာဆီယံ) ဒေသ တွင်း၌ အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ကြောင်း ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့သည်။

ထိုင်းနှင့်အင်ဒိုတို့၏ အစီအစဉ်သည် ရှေ့ပြေးအဆင့်ဖြစ်ခဲ့ပြီး လာမည့်နှစ်များ၌ အပြည့်အဝ စီးပွားဖြစ် ချိတ်ဆက် နိုင်ရေး လမ်းခင်းပေးသွားဖို့ ရည်ရွယ်ထားကြောင်း ဆင်ဟွာသတင်းတွင် ဆက်လက် ရေးသားထားသည်။

Source: Reuters, CNA, Xinhua