- By CNI
- Category: နိုင်ငံရေး
- Hits: 2176
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃
၂၀၂၅ ခုနှစ်တွင် စစ်ရေးနှင့် နိုင်ငံရေးသည် မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်ဆွေးနွေးလျက် ရှိနေသည်။
၂၀၂၅ ခုနှစ်တွင် တချို့နေရာများ၌ စစ်ရေးများရှိနိုင်သလို တချို့နေရာများမှာတော့ ဆွေးနွေးမှုများ ရှိနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S)မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာမယ့်နှစ်က စစ်ရေး တချို့ပြောက်ကျား ပြောက်ကျားပေါ့။ တချို့နေရာ ဖြစ်နိုင်တယ်၊ ထို့အတူပဲ တချို့ နေရာ ဆွေးနွေးတာတွေ ဖြစ်နိုင်တယ်၊ ဆွေးနွေးတစ်ဝက် အနှောင့်အယှက် စစ်ရေးနှောင့်ယှက်မှုတွေ ပြဿနာ တွေက တစ်ဝက်တော့ ဖြစ်နိုင်တယ်၊ သို့သော်လည်းပဲ နိုင်ငံတကာ အခြေအနေ၊ တိုင်းသူပြည်သားတွေ အခြေ အနေ၊ နောက်ပြီးတော့ ပြည်သူလူထုရဲ့ အခြေအနေကို ကြည့်တော့ စစ်ရေးအပေါ်မှာတော့ နည်းနည်းလေးတော့ ခြေကုန်လက်ပန်းကျနေတဲ့ သဘောရှိတယ်၊ ပြည်သူလူထုကတော့ ခံစားနေရတဲ့ဟာတွေက နည်းနည်းလေးတော့ မခံနိုင်တော့တဲ့ သဘောရှိတော့ ဒီဆွေးနွေးရေးဘက်ကို နည်းနည်းလေး ဇောင်းပေးသွား နိုင်တယ်လို့ ယူဆ တယ်ဗျ။ အဲဒီ ဆွေးနွေးရေးဘက်ကို ဇောင်းပေးတဲ့ အခြေအနေကနေ တည်ငြိမ်မှု တစ်စုံတရာ ရနိုင်တယ်၊ တည်ငြိမ်မှု တစ်စုံတရာ ရလို့ရှိရင် အဲတည်ငြိမ်မှုကနေ ကျနော်တို့ ရွေးကောက်ပွဲတို့ ဘာတို့လည်းပဲ ပုံစံတစ်မျိုးမျိုး နဲ့တော့ ဖြစ်ပေါ်သွားနိုင်တာပေါ့ဗျာ၊ အဲတာကတော့ ကျနော် အိမ်နီးနားချင်း နိုင်ငံတွေရယ်၊ ကမ္ဘ့အခင်းကျင်း ရယ်၊ အားလုံးက ပြောဆိုတိုက်တွန်းနေတဲ့ သဘောဖြစ်နေတော့ စစ်ရေးကိုတော့ ဒီနှစ်ထဲမှာ အားပေးမယ့် နိုင်ငံတကာ အခင်းအကျင်းတော့ မမြင်ဘူးဗျ၊ အဲတာကြောင့် လာမယ့်နှစ်ကတော့ ဒီတစ်ဝက်စီ တစ်ဝက်စီပေါ့ဗျာ၊ တချို့ဒေသမှာ စစ်ရေးရှိနိုင်တယ်၊ အများအားဖြင့်တော့ စစ်ရေးရှိပြီးသား နေရာတွေမှာ နည်းနည်းပြန်ငြိမ်သွား နိုင်တယ် ကျနော်အဲသလို အကဲခတ်ပါတယ်” ဟု ပြောသည်။

MNDAA ခေါင်းဆောင်များနဲ့ မြန်မာ့တပ်မတော်က ဒုဗိုလ်ချုပ်ကြီးကိုကိုဦးကို တွေ့ရစဉ်
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် နစကနှင့် MNDAA တို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များက တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု တစ်စုံတရာ မရရှိဘဲ ဆွေးနွေးမှု ပြီးဆုံးသွားခဲ့ သည်။
ထို့အတူ ပြည်တွင်းရေး အခြေအနေများအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း AA နှင့် မြန်မာ့တပ်မတော်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါကလည်း မအောင်မြင်နိုင်ကြောင်း၊ စစ်ရေးအရသာ ပြန်လည်တင်းမာလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေသည်။
ထို့ပြင် ယောဒေသလွတ်မြောက်ရေးအတွက် မဟာမိတ်များဖြင့် ပူးပေါင်းပြီး စစ်ရေးအရှိန် မြှင့်သွားမည်ဟု ယောတပ်တော်(YA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သလို မြန်မာပြည် အလယ်ပိုင်း အား ထိုးဖောက်ဝင်ရောက်နိုင်ရေးသည် ၂၀၂၅ ခုနှစ်၏ စစ်ဆင်ရေးရည်မှန်းချက်ဖြစ်သည်ဟု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၌ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများအား ဖိတ်ခေါ် ကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့သလို တိုင်းရင်းသား ခေါင်းဆောင်တချို့သည် ဖက်ဒရယ်နှင့် တိုင်းရင်းသား အခွင့်အရေးအား ပြောနေသော်လည်း လက်တွေ့တွင် ပြည်ထောင်စုပြိုကွဲစေရန် ဦးတည်ဆောင်ရွက်နေသည် ဟုလည်း ပြောကြားခဲ့သည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်
၂၀၂၅ ခုနှစ်တွင် စစ်ရေးတင်းမာမှုများ လျော့ကြစေရန် တွေ့ဆုံဆွေးနွေး အဖြေရှာသော လမ်းကြောင်းကိုပဲ သွားသင့်သည်ဟု ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီ ၂၀၂၅ မှာတော့ စစ်ရေးဟာ ၂၀၂၄၊ ၂၃ ထက်ပေါ့နော် ပိုပြီးတော့တင်းမာတဲ့ အခြေအနေ ရောက်လာမှာ တော့ ကျနော်တို့ မလိုလားဘူး၊ အဲတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းတစ်ခုကိုပဲ ကျနော်တို့ကတော့ သွားစေချင်တာပေါ့နော်၊ AA ကလည်း လက်ရှိထုတ်ပြန်ထားတယ်၊ နောက် Non-State actors ကနေ State actors အဆင့်ကိုလည်း အသိအမှတ်ပြုပေးဖို့ တချို့နေရာ ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ တစ်ပြည်နယ်လုံး သိမ်းထားတဲ့ အချက်ပေါ်မှာ ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးနဲ့ ဘယ်လိုညှိနှိုင်းမလဲဆိုတဲ့ အချက်ကို တပ်မတော်ဘက်ကလည်း စဥ်းစားဆောင်ရွက်ဖို့ လိုအပ်တယ်၊ ထို့အတူ တိုင်းရင်းသားတွေနဲ့ ဘယ်လို ညှိနှိုင်းကြမလဲ လက်ရှိအနေအထား မြေပြင်မှာ သိမ်းပိုက်ထားတဲ့ မြို့တွေရော ဘယ်လိုစီမံ ခန့်ခွဲကြမလဲ၊ လက်ရှိ တပ်မတော်က လေကြောင်းတွေ ဒီလိုဒီလိုပဲ ဆင်နေမလား၊ ဒါဆိုရင် တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ဘူးပေါ့နော်၊ ဒီလိုအချက်တွေပေါ်မှာ ကျနော်တို့က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို အမြန်ဆုံးသွား စေချင် တယ်၊ ဒီအတွက် ကျနော်တို့ လက်ရှိနိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးစေချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ပေါ့နော်၊ ဒါတွေကို ကျနော်တို့ လုပ်စေချင်တယ် အဓိက တိုင်းပြည် စီးပွားရေးလည်း အလွန်တရာ အောက်ဆုံးကို ရောက်နေပြီ ဖြစ်လို့ပေါ့နော် ဒီအချက်တွေကို ကျနော်တို့ ပြောရတာဖြစ်တယ်ပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပဋိပက္ခများသည် ယခုနှစ်ပိုင်းအတွင်း ပိုမိုဆိုးရွားလာသည့်အပြင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော် ရှိနေကြောင်း၊ နိုင်ငံရေးအရ ဖြေရှင်းရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1297
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂
အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ပါကလည်း မအောင်မြင်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းမှာ ထိုးစစ်စတင်ခဲ့ရာ မြို့နယ်ပေါင်း ၁၄ မြို့နယ်အား ထိန်းချုပ်ပြီးနောက် ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA/AA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့ သည်။
တရုတ်၏ သဘောဆန္ဒအရသာ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများသည် လက်တွေ့တွင် စစ်ပွဲ၏ အကျိုးစီပွားများနှင့် ဆက်စပ်နေသောကြောင့် အောင်မြင်မှုမရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “အခုက စစ်ရေးကို အဓိကထားပြီး တိုက်တယ်ဆိုတာ ဒေသတွင်းမှာ စစ်ကောင်စီ ကင်းစင်ရေးအတွက် အဓိကထား ကြိုးပမ်းလာတာပါ၊ အဲလိုကြိုးပမ်းပြီးတော့ အဲဒီအစီအစဥ် တစ်စုံတရာ ပြီးမြောက်ပြီ ဆိုလို့ရှိရင် တရုတ်က ဖိအားပေးတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေးကိုတော့ စကားပြောကြရမှာပဲ၊ နိုင်ငံရေးအရ ဖြေရှင်းဖို့ ပြောကြမယ်ဆိုတဲ့ ခေါင်းစီးတင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တာ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း လက်တွေ့ကျတော့ စစ်ပွဲရဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတဲ့အတွက် ဘယ်တစ်ခုမှ အောင်မြင်မှုမရှိပါဘူး။ ဒါကြောင့်မို့ မအောင်မြင်သော်လည်း စစ်ကောင်စီကို နေရာပေးချင်တဲ့ တရုတ်ကနေပြီးတော့ ဘယ်လိုဖြစ်ဖြစ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြပါ ဆိုတဲ့အခါကျတော့ ဆွေးနွေးပြလိုက်တာပေါ့ဗျာ၊ ဆွေးနွေးတော့လည်း လက်တွေ့က ဘာမှမဖြစ်ပါဘူး၊ အခုအရှေ့မြောက်ပိုင်းမှာလည်း ဒီ MNDAA နဲ့ဆွေးနွေးခဲ့တာ ဆွေးနွေးပွဲက ပျက်တာပါပဲ၊ အခုဒီ ရခိုင်နဲ့ ဆွေးနွေးမယ်လို့ပြောလည်း ဆွေးနွေးပွဲက ပျက်အုံးမှာပါပဲ” ဟု ပြောသည်။
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများအား ဖိတ်ခေါ်ကြိုဆိုကြောင်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနေပြီး ရလာသည့် သဘောထား မှတ်ချက်များအား နောက်လာမည့် လွှတ်တော်တွင် ဆွေးနွေး အတည်ပြုနိုင်ရန် မှတ်တမ်းတင် ထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် AA ၏ တောင်းဆိုချက်များသည် အမြင့်ပိုင်းများ ဖြစ်နိုင်သောကြောင့် စစ်ရေးအရသာ ပြန်လည် တင်းမာလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာန သို့ ပြောသည်။

AA ရဲဘော်ကိုတွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေးသွားတဲ့ လမ်းကြောင်းမှာ ၂ နည်းပဲရှိတာကိုး၊ စားပွဲဝိုင်းသွားမလား၊ လက်နက်ကိုင်မလား အဲတော့ လက်နက်ကိုင်ဖို့ ၂ ဖက်လုံးကလည်း ဆန္ဒမရှိကြတော့ဘူး၊ စွန့်လွှတ်ရမယ့် အကြောင်းတွေလည်း ဖြစ်လာ တော့ စားပွဲဝိုင်းပေါ် ရောက်တဲ့အခါကျရင် လက်နက်ကိုင်ပဋိပက္ခ အဆင့်ဆင့် လျှော့ကြတာပေါ့လေ၊ အဲဒီကနေ အဆင်ပြေသွားရင်တော့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ရောက်တာပေါ့၊ အဲလိုမှ မဟုတ်ဘဲနဲ့ လက်နက်ကိုင် ပဋိပက္ခကို လက်နက်ကိုင်မယ့် လမ်းစဥ်ကို ရွေးခဲ့တယ်ဆိုရင်တော့ တစ်ဖက်ဖက်က လုံးဝ မလှုပ်နိုင်တော့တဲ့ အချိန်ကျရင်တော့ ဒါငြိမ်းချမ်းမှုတစ်ခု ရသွားတာပါပဲ။ အဲတော့ ဒီအနေအထားမှာတော့ ဘယ်လိုပဲပြောပြော စစ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူပြီးတော့ ရှေ့ဆက်တိုးဖို့ စဥ်းစားနေတဲ့ AA ဘက်ကတော့ သူလိုချင်တဲ့ဟာ မရနိုင်ဘူးဆိုတာ သူသိတာပဲ၊ ဒါပေမယ့် အဲတာကိုတွေးပြီးတော့ ဆွေးနွေးပွဲမှာတော့ တောင်းဆိုချက်ကတော့ အမြင့်ပိုင်းတွေ လာပါလိမ့်မယ်၊ လာပါလိမ့်မယ် ဒါမယ့် အဲတာရဖို့လည်း မဖြစ်တဲ့အခါကျတော့ အဲဒီကျရင်တော့ စစ်ရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတစ်ခုခု ဖြစ်ကောင်းဖြစ်လာလိမ့်မယ်၊ ဆွေးနွေးပွဲကြာသွားလို့ အချိန်ကြာကြာ အတွင်းမှာ သူ့အနေနဲ့ ပြန်အနားယူရမယ်၊ ပြန်လည်စုဖွဲ့မယ်၊ အရင်းအမြစ်တွေ ပြန်လည်စုဆောင်းရမယ်ဆိုတဲ့ အချိန်မျိုး ဒီအားသာချက်တွေကိုပဲ သူကအဓိကယူမှာကိုး၊ အဲတော့ အဲလိုယူပြီးသွားရင်တော့ နောက်ပိုင်း စစ်ရေး နဲ့ပတ်သက်တဲ့ တင်းမာမှုကတော့ ပြန်ဖြစ်လာမှာပဲ” ဟု ပြောသည်။
ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ပြည်ထောင်စုမှ သီးခြားခွဲထွက်ရန် ဆန္ဒမရှိသော်လည်း ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သောအဆင့်အားရလိုကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းသား ခေါင်းဆောင်အချို့သည် ဖက်ဒရယ်နှင့် တိုင်းရင်းသားအခွင့်အရေး ပြောနေသော်လည်း လက်တွေ့တွင် ပြည်ထောင်စုပြိုကွဲစေရန် ဦးတည်ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် စီမံကိန်း ၁၀ ခုအား AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3393
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂
လာမည့် ဇန်နဝါရီ ၄ ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာနိုင် ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များအကြား လွတ်နိုင်ခြေ ရှိ၊ မရှိဆိုသည့်အပေါ် သုံးသပ်မှုများရှိနေကြသည်။
ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လည်လွတ်မြောက်လာမည်ဆိုပါက အမျိုးသားပြန်လည်သင့်မြတ်ရေး အခွင့် အလမ်းများ ပေါ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်း ဌာနသို့ ပြောသည်။
“ဒေါ်စု မြန်မြန်လွတ်ပါစေလို့ အမြဲဆုတောင်းနေတာ။ တကယ်လို့ ဒေါ်စုလွတ်မယ်ဆိုရင် တစ်ဖက်ကလည်း တပ်ချုပ်ကြီးလည်း အဖက်ဖက်ကနေ ဖိအားတွေ လျော့သွားနိုင်တယ်။ နံပါတ် ၂ ကလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးတွေလုပ်ဖို့ အခွင့်အလမ်းက ပိုပေါ်လာမယ်။ ကျနော်တို့ တိုင်းပြည်မှာ တိုက်ခိုက်နေတာလည်း အကုန်လုံးမဟုတ်တောင် တစ်စုံတစ်ရာ လျော့သွားနိုင်တယ်။ လူထုကလည်း သက်သာရာ ရရှိသွားမှာပေါ့။ ဒါကြောင့်မို့လို့ ဒီလိုဖြစ်မယ်ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် သတင်းတော့ ဘာမှ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နစကအား ထိထိရောက်ရောက် ဖိအားပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာလကလည်း ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်ကြောင်းလည်း ကမ်းလှမ်းထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်
အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတာကြောင့် ချက်ခြင်းပြန်လွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ထားသည်။
နစက ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင် ပြတ်သားလွန်းကြောင်း၊ ၎င်းလွတ်လာပါက လူထု တက်ကြွမှုပိုဖြစ်မည်ကို စိုးရိမ်သဖြင့် လွှတ်ပေးမည် မထင်ကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
“တချို့ကလည်း ပြောတော့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သိပ်ပြတ်သားတယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလိုလို လွှတ်မလိုလို ပြောပြောနေတာကတော့ စစ်ကောင်စီဘက် က လွှင့်တဲ့သတင်းထင်တယ်။ လူတွေရဲ့ ဒေါသတွေဘာတွေ ဖြစ်လာရင် ခဏခဏ နည်းနည်း ပေါ့သွားအောင် လုပ်လိုက်တာလည်း ပါချင်ပါမယ်။ နောက်တစ်ခုကလည်း စစ်တပ်က မရှုမလှရှုံးနေတဲ့အခါကြတော့ သူ့ တပ် တွင်းမှာလည်း မကျေမလည်ဖြစ်နေတာ။ အဲဒီအတွက် ဖိအားတွေကိုနည်းနည်းလျှော့လျှော့ပေးတဲ့ သတင်း ထင်တယ်။ လွှတ်ပေးလိမ့်မယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့ဆို ဒေါ်အောင်ဆန်းစုကြည် လွတ်လာလည်း သူတို့ ကြိုက်တဲ့စကား ပြောချင်မှ ပြောမှာကို။ မပြောလို့သာ ဒီလိုလုပ်ထားတာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် လူထုက စိတ်ဓာတ်ပိုတက်ကြွသွားမှာကို စိုးချင်လည်းစိုးမှာပေါ့။ သူတို့စိတ်ထဲမှာ ဒီလောက်အထိ အခက်အခဲ မတွေ့သေးဘူးလို့ တွက်ပုံရတယ် စစ်တပ်က” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ကာ အမှု ၁၉ မှုနှင့် ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ထိုထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်း သက်သာခွင့်နှင့် လျှော့ပေါ့ပေးခဲ့သည်။
လက်ရှိတွင် ကျန်နေသေးသည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် ဇွန်လတွင် အသက် ၈၀ ပြည့်မည်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 605
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂
ဖက်ဒရယ်ဒီမိုကရေစီချင်းပြည်သစ် ထူထောင်နိုင်ရေးအတွက် မဆုတ်မနစ် ဆက်လက်ပြီး မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန် တိုက်တွန်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်များ၏ စညစည်းညီညွတ်မှုအားဖြင့် လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း ICNCC က ထုတ်ပြန် ပြောကြားခဲ့သည်။
၎င်းက “ ICNCC သည် ချင်းပြည်သူများ လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီချင်းပြည်သစ် ထူထောင်နိုင် ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီချင်းပြည်သစ် ထူထောင်နိုင်ရေးသန္နိဋ္ဌာန်ဖြင့် မဆုတ်မနစ် ဆက်လက်ပြီး မြို့ သိမ်းတိုက်ပွဲများ ဆင်နွဲနိုင်ရန် တိုက်တွန်းလိုက်ပါသည်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်သည် ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ် အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ICNCC က ပြောသည်။
လက်ရှိတွင် ချင်းပြည်နယ်အတွင်းမှာ ချင်းအမျိုးသားတပ်ဦး(CNF)၊ ချင်း(PDF)များ၊ အာရက္ခတပ်တော်(AA)၊ ဇိုမီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့(ZRO/ZRA)တို့ လှုပ်ရှားလျက်ရှိပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထို့နောက် ရခိုင်နှင့်ချင်းလက်နက်ကိုင်များသည် တွန်းဇံ၊ ရိခေါဒါရ်၊ ကျီခါး၊ ဝေဘူလ၊ နှာရိန်၊ ဆူရ်ခွာ၊ ရေဇွာ၊ လိုင်လင်းပီ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ မကွီးအိမ်နူး၊ ကျင်ဒွေး၊ ပလက်ဝ၊ ဆမီး စသည့် ဒေသများကို ထိန်းချုပ်ထားကြကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားသည်ဟု ပြောနေသော်လည်း လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်နှင့် လက်နက် ကိုင် ပဋိပက္ခကိုသာ ဖန်တီးနေကြခြင်းအား တွေ့မြင်ရမှာဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောဆို ပြောကြားခဲ့သည်။
ထို့အတူပဲ အချို့သော တိုင်းရင်းသား ခေါင်းဆောင်များသည် ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေကြသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည် ဆောင်ရွက်ကြခြင်းကိုလည်း တွေ့နေရသည်ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး မြို့နယ် ၉၀ ကျော်နှင့် စစ်တိုင်းဌာနချုပ် ၂ ခုကို မြန်မာ့တပ်မတော်က လက်လွတ် ဆုံးရှုံးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 779
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁
အချို့သော တိုင်းရင်းသားခေါင်းဆောင်များသည် ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးဟု ပြောနေကြသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည် ဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောစဉ် ထည့်သွင်း ပြောလိုက်ခြင်း ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားသည်ဟု ပြောနေသော်လည်း လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံသည့် လိုအင်ဆန္ဒသက်သက်နှင့် လက်နက် ကိုင် ပဋိပက္ခကိုသာ ဖန်တီးနေကြခြင်းကို တွေ့မြင်ရမှာဖြစ်ပါသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အချို့သော တိုင်းရင်းသား ခေါင်းဆောင်များဟာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ ဖြစ်သင့်တာ များ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက် ဖို့ သင့်တယ်လို့ ပြောလိုပါတယ်။ ဒီလိုဘုံရည်မှန်းချက်နဲ့ လျှောက်လှမ်းကြတဲ့လမ်းကြောင်း မတူညီတဲ့အတွက် လည်း ကျနော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ မချုပ်ငြိမ်းနိုင်သေးတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းနိုင်ဖို့ မိမိတို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြဖို့လိုကြောင်း၊ မိမိတို့ ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်း ပေါ် ရောက်အောင် တွန်းအားပေးကြဖို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများတွင် မြန်မာ့တပ်မတော်သည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော်ကို လက်လွတ် ဆုံးရှုံး လျက်ရှိနေသည်။
နပခ တိုင်းစစ်ဌာနချုပ်နှင့် ရခိုင်ပြည်နယ်အတွင်းက ၁၄ မြို့နယ် အပါအဝင် ချင်းပြည်နယ်အတွင်းက မြို့နယ်တချို့ ကိုပါ ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်(AA)ကတော့ ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း သို့မဟုတ် လွတ်လပ်ရေးဟု ကြွေးကြော်လျက်ရှိနေသည်။
အလားတူ ရမခ တိုင်းစစ်ဌာနချုပ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်ကို ထိန်းချုပ်ထား သလို တခြားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လက်နက်ကိုင်အင်အားစုများကို လက်နက်ခဲယမ်း ကူညီ ပေးလျက်ရှိသော ကိုးကန့်တပ်(MNDAA)ကလည်း ဗဟိုအစိုးရပြိုလဲရေးအထိ ရည်မှန်းဆောင်ရွက်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြလျက်ရှိနေသည်။
လက်ရှိတွင် နွေဦးတော်လှန်ရေး အင်အားစုများဖြစ်သည့် NUG၊ NUCC၊ CRPH၊ PDFs များကလည်း နစကနှင့် မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင်တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံစီကြီးဒေသစီ ကျောင်းပေါင်းစုံ အားကစားပွဲတော်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က လုံခြုံရေးပေး၍ ပညာရေးဌာနက ဦးစီး၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်ထဲမှာ ကျင်းပခဲ့ကြသည်။
အဆိုပါ ကျောင်းပေါင်းစုံ အားကစားပွဲတော်ကို မံစီကြီးအုပ်စု၊ နားအောအုပ်စု၊ နောင်ပတ်အုပ်စု၊ နားနန့်ထွန်အုပ်စု၊ မံလောင်း/ပေပင်အုပ်စု၊ မံအင်/မင်းကုန်းအုပ်စုတို့မှ ကလေးငယ်များက SNA ၏ တပ်မဟာ ၆၁၄ ဖလား ဘောလုံး ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကျောင်းဆရာတစ်ဦးက “ ဒီဒေသကတော့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီးတော့ ရှမ်းနီဆိုတဲ့ အသံကို ကျယ်ကျယ်ပြန့်ပြန့် ပြောနိုင်တဲ့ ဒေသလည်း ဖြစ် တယ်ပေါ့နော်။ ဒီလိုလုပ်ပေးလိုက်ခြင်းအားဖြင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နဲ့ ကျနော်တို့ ပညာရေး ဌာနပူးပေါင်းပြီး လုပ်ပေးလိုက်ခြင်းအားဖြင့် ရှမ်းနီလူမျိုးတွေဟာ တစ်ဦးနဲ့တစ်ဦး အခက်အခဲအရ မတွေ့တာကနေ ဒီပြိုင်ပွဲမှာ တွေ့လာရမယ်။ တစ်ဦးနဲ့တစ်ဦး ညီအစ်ကိုလို ရိုင်းပင်လာကြမယ်။ ဘာသာစကား တွေရဲ့ အပြောအဆို တွေလည်း နားလည်လာဖို့အတွက် အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

ဗန်းမောက်မြို့နယ်သည် SNA၊ မြန်မာ့တပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF များကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို ဗန်းမောက်မြို့နယ်ကို အပိုင်းလိုက် အသီးသီးက ထိန်းချုပ်ထားကြ သည်။
ထိုသို့ စစ်ရေး တင်းမာနေသည့် ဒေသအတွင်းမှာ SNA က လုံခြုံရေးပေး၍ ကျောင်းပေါင်းစုံ အားကစားပွဲတော် ကျင်းပနိုင်ရေး ပညာရေးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကျောင်းဆရာတစ်ဦးက “ပညာရေးဆိုတာက အလုံးစုံဌာနကနေ ထောက်ပံ့နိုင်တာ လည်း မဟုတ်ဘူးပေါ့နော်။ မိဘ၊ ဆရာ၊ ကျောင်းသား ဆိုတဲ့ သုံးနားညီ တြိဂံလိုပါပဲ။ အဲဒါညီညွတ်မှသာလျှင် ပညာရေးက တိုးတက်မှာဖြစ်တဲ့အတွက် ဒီလိုပြိုင်ပွဲတွေ ကျင်းပရခြင်း အားဖြင့် ဒေသမိဘက ပညာရေး အားနည်း တဲ့အတွက် ဒီလိုပြိုင်ပွဲတွေ ကျင်းပခြင်းအားဖြင့် မိဘက ပိုပြီးတော့ ပညာရေးက စိတ်ဝင်စားလာတယ်ပေါ့နော်။ ကိုယ့်ကလေးကို လူကြားထဲမှာ တိုးနိုင်အောင်(လူဝင်ဆံ အောင်)ပေါ့ ကျနော်တို့က အဲလို ရည်ရွယ်ချက် ကောင်း တွေနဲ့ပဲ ဒီပြိုင်ပွဲကို ကျင်းပတာပါ”ဟု ပြောသည်။

KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင် ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ မကြာခဏ လုပ်လေ့ရှိသလို လက်ရှိမှာလည်း စစ်ရေးပြင်ဆင်မှုများ လည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
SNA သည် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဒေသတွင်းနေ ပြည်သူလူထုများ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မဆုံးရှုံးရရေး လုံခြုံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 967
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသော နှစ်ဖက်ဆွေးနွေးချက်များကို နောင်လာမည့် လွှတ်တော်က အတည်ပြုနိုင်ရန် မှတ်တမ်း တင်ထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နစကသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထား မှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင် ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲ ဖိတ်ခေါ်ကြိုဆိုပြီး တံခါး ဖွင့်ထားပါသည်။ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါသည်”ဟု ပြော သည်။
နစကသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲ ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိသည့် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာအောင် မျှော်လင့်ထား ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေး အတွက် ယနေ့ မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားများ အချင်းချင်း အပြန်အလှန် လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်း နှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြကြောင်း ၎င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများအတွင်း လက်နက်ကိုင်အင်အားစုများက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဆိုသည့် စစ်ဌာန ၂ ခု အပါအဝင် မြို့နယ်ပေါင်း ၉၀ ကျော်ကို ထိန်းချုပ်ထားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လက်နက်ကိုင် အင်အားစုများက စစ်ဆင် ရေးများ ဖော်ဆောင်ရန် ပြင်ဆင်နေသည့်အတွက် မြန်မာ့တပ်မတော်ဘက်ကလည်း ခုခံစစ်အတွက် ပြင်ဆင်နေ၍ လုံခြုံရေး တင်းကြပ်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2488
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉
လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း အာရက္ခတပ်တော်(AA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် မိမိ တို့ အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့်အာရက္ခဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံမြန်မာပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက် အထောက်အကူပြုမည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်ဟု AA က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ တက်ကြွသော ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှု များ ပပျောက်ရေး၊ အွန်လိုင်းလောင်းကစား(ကျားဖျင်)တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် မိမိတို့ အဖွဲ့အစည်း သာမက ကိုးကန့်၊ တအာင်း အဖွဲ့အစည်းများနှင့်အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ မိမိတို့သည် စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA က “ မိမိတို့သည် လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်”ဟု ပြောသည်။

အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ၊ စီမံကိန်းများ နှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသော သူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက် လည်ပတ်နိုင်ရေး အတွက် မိမိတို့အဖွဲ့အစည်းသည် အဆိုပါကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် အကျိုးတူး ပူးပေါင်း ဆောင်ရွက်ရန်ကိုလည်း လိုလားသည်ဟု AA က ထုတ်ပြန်ခဲ့သည်။
AA သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားသလို အမ်းမြို့အခြေ စိုက် အနောင်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကိုလည်း သိမ်းပိုက်ထားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတွင် တခြားသော PDF များဖြင့် ပူးတွဲ၍ စစ်ဆင်ရေး များ ဖော်ဆောင်ရန် ပြင်ဆင်နေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အတွင်းက စစ်ပွဲများတွင်လည်း တခြားသော လက်နက်ကိုင်များဖြင့် ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1190
CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇
အိန္ဒိယအနေဖြင့် အာရက္ခတပ်တော်(AA)ကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေသည်ဟု တရုတ်မီဒီယာ တချို့က ဖော်ပြခဲ့သော်လည်း မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံမှ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
တရုတ်မီဒီယာတစ်ခုက အိန္ဒိယအစိုးရနှင့် အိန္ဒိယတပ်မတော်က ရခိုင်လက်နက်ကိုင်အဖွဲ့ဖြင့် များပြားစွာ ဆက်သွယ်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ကို လက်နက်ထောက်ပံ့ပေးနေသည်ဟု ပြောသွားကြောင်း ဖော်ပြခဲ့သည်။
အချက်အလက်အရ မပြည့်စုံခြင်းနှင့် ဖြစ်နိုင်ခြေအရ အလွန်နည်းပါးသော ကိစ္စရပ်ဖြစ်သောကြောင့် AA အား အိန္ဒိယအနေဖြင့် ထောက်ပံ့ရန် မဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်ရော၊ အိန္ဒိယရော နှစ်နိုင်ငံလုံးသည် မြန်မာနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့လူတွေ အဲဒီ proxy war ကြားခံခံရတဲ့ အထူးသဖြင့် AA ပေါ့၊ KIA ပေါ့၊ နောက် MNDAA ပေါ့ ဒီလိုအဖွဲ့မျိုးတွေတောင် ကြားထဲက နောက်ထပ် သူတို့ကို ဒီထက်ပိုပြီးတော့ ထောက်ပံ့မှုပေးတဲ့ တစ်ယောက်ရှိလို့ရှိရင် ဘက်ကမျိုးစုံ ပြောင်းနိုင်တယ်၊ အဲတာက Non-State actors တွေရဲ့ သဘောသဘာဝထဲမှာ ပါပြီးသား၊ အဲတော့ proxy မွေးတယ်ဆိုတဲ့ ကိစ္စရပ် တစ်ခုက တကယ်တမ်းကျရင် မကိုင်မတွယ်တတ်ရင် ကိုယ့်ကိုယ်ကို ပြန်ထိနိုင်တယ်၊ နှစ်ဖက်သွား ဓားနဲ့တူတယ် လို့ ကျနော် အမြဲတမ်းပြောတယ်၊ အဲတော့ proxy မွေးဖို့ဆိုတဲ့ ကိစ္စရပ်သည် တော်တော်လေး အန္တရာယ်ကြီးတယ်၊ တော်တော်ပြဿနာတတ်တဲ့ ကိစ္စရပ် ဖြစ်ပါတယ်။ နောက်တစ်ချက်က မြန်မာပြည်က အကြမ်းဖက်အဖွဲ့ ကြေညာ ထားပြီးသား အဖွဲ့တစ်ဖွဲ့ကို Non-State actors တစ်ဖွဲ့ကို အိန္ဒိယဘက်ကနေ ဘယ်လိုပုံစံမျိုးနဲ့ ထောက်ပံ့မှာလဲ ဆိုတာ နောက်ထပ် သုံးသပ်စရာ အချက်ရှိတာပေါ့၊ အဲတော့ ဘာကြောင့် ခုလိုမျိုး ထောက်ပံ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ သုံးသပ်လဲဆိုတော့ ခုနက အချက်အလက်လည်း မပြည့်စုံဘူး၊ ဖြစ်နိုင်ခြေအရလည်း အင်မတန်နည်းတဲ့ ကိစ္စ ရပ်မှာ ဒီအတိုင်းပဲပေါ့၊ ဒါပေမယ့် နောက်ထပ် အချက်အလက် အသစ်တွေ ထပ်ထွက်လာလို့ တစ်ခုခုကျရင်တော့ ဒီခုနသုံးသပ်ချက်က ပြန်ပြီးတော့ အပြောင်းအလဲ ဖြစ်သွားနိုင်တာပေါ့၊ ဒါမျိုးတော့ရှိလိမ့်မယ်” ဟု ပြောသည်။

မီဇိုရမ်လွှတ်တော်အမတ်နဲ့ AA နယ်မြေမှူးတို့ တွေ့ကြစဉ်
AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်အား သိမ်းပိုက်ထားပြီး ယခု ဂွမြို့အား သိမ်းနိုင်ရန် အပြင်း အထန် ထိုးစစ်ဆင်နေကြောင်း၊ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ မြို့ကိုသာ သိမ်းပိုက်ရန် ကျန်တော့သည်ဟု AA က ထုတ်ပြန်ထားသည်။
ထို့ပြင် ကုလားတန်စီမံကိန်းသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်မှ ကျောက်တော် - ပုဏ္ဏားကျွန်း မြို့နယ်များအား ဖြတ်သန်းကာ စစ်တွေမြို့တွင် အဆုံးသတ်သောကြောင့် အိန္ဒိယအနေဖြင့် AA နှင့် ဆွေးနွေးရမည်ဟုလည်း သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။
အိန္ဒိယအနေဖြင့် AA အား နိုင်ငံရေး၊ စစ်ရေးအရ တိုက်ရိုက်ထောက်ပံ့ခြင်းများ မရှိနိုင်သော်လည်း ကုလားတန် စီမံကိန်း မပျက်မစီးစေရန် သက်ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းခြင်းများ ရှိနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “တရုတ်က ပြောတယ်ဆိုတာ သူတို့မှာလည်း အထောက်အထား ရှိလားတော့ မသိဘူးပေါ့ဗျာ၊ သို့သော် လည်းပဲ ဒီနိုင်ငံရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း တိုက်ရိုက်တော့ ထောက်ပံ့ဖို့တော့ မရှိဘူးလို့ ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအရ တစ်နေ့ကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးတာဝန်ခံ ပြောတာက ဒီနယ်မြေတွေ သိမ်းထားပေမယ့် Non-State actors ဖြစ်နေတဲ့ပေါ်မှာ ဘင်္ဂလားဒေ့ရှ်က စကားမပြောဘူးလို့ ပြောပါတယ်၊ Non-State actors ဆိုတဲ့အဓိပ္ပါယ်က နိုင်ငံရေးမှာ တော်တော်အရေးကြီးပါတယ်။ ဒါကြောင့် AA က Non-State actors ဖြစ်နေတော့ အဲဒီ ကျနော်တို့ အိန္ဒိယက သူတို့လုပ်ဖို့တော့ ရှိမယ့်ပုံမပေါ်ပါဘူး။ သို့သော်လည်း ပဲ ဒီမှောင်ခိုပေါ့ဗျာ၊ မှောင်ခိုနည်းနဲ့ ဘာနဲ့ တစ်မျိုးမျိုးပေါ့၊ ကုလားတန်စီမံကိန်း မပျက်မစီးရအောင် သက်ဆိုင်ရာ ကုမ္ပဏီတို့ ဘာတို့ အောက်ခြေအောက်လက်က အလုပ်လုပ်တဲ့ အဖွဲ့တို့ အဲဒီနည်းနဲ့ ညှိနှိုင်းတာတော့ ရှိချင်ရှိနိုင် တာပေါ့၊ အပေးအယူ ရှိနိုင်တဲ့ သဘောပေါ့၊ ဒါမြေပြင်အနေအထားအရ၊ လိုအပ်ချက်အရ အိန္ဒိယအစိုးရကိုယ်တိုင် သို့တည်းမဟုတ် အိန္ဒိယရဲ့ ပြည်နယ်တစ်ရပ်ရပ်က အစိုးရကိုယ်တိုင်ကတော့ ပါဝင်ဖို့တော့ အကြောင်းမရှိပါဘူး။ တခြားနည်းလမ်းနဲ့ မှောင်ခိုနည်းကို အောက်လမ်းနည်းနဲ့ တစ်နည်းနည်းနဲ့ အဆက်သွယ်ဆက်ဆံတာတော့ ရှိချင်လည်းရှိမှာပေါ့ဗျာ” ဟု ပြောသည်။

ကုလားတန်မြစ်ကူး တံတားစီမံကိန်းကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသော စီနီယာတစ်ဦးကတော့ အိန္ဒိယအစိုးရက AA ကို ထောက်ပံ့ပေးသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း၊ အိန္ဒိယအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီတွင် တခြားနိုင်ငံ များရှိ လက်နက်ကိုင်များနှင့် ပတ်သက်နိုင်ရေး တားဆီးထားကြောင်း CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယသံတမန် အသိုင်းအဝိုင်းကလည်း AA ကို လက်နက် ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်မှာ သတင်းအမှား ဖြစ်ကြောင်း၊ နိုင်ငံရေးအရ အပုတ်ချလိုသော ဝါဒဖြန့်မှု တစ်ခုသာဖြစ်ကြောင်း ပြောသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့များအား ဆက်သွယ်ရေး၊ ကားလမ်း ဖောက်လုပ်ရေး ကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် Pu Valalvena နှင့် AA တာဝန်ရှိသူတို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်က နှစ်နိုင်ငံနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။
AA နှင့် မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ်တို့ တွေ့ဆုံဆွေးနွေးမှုသည် ကုလားတန်စီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအပြင် AA ၏ ဒဏ်ရာရ တပ်သားများ ဆေးကုသရန် အိန္ဒိယသို့ ပို့ဆောင်မှု များပြားနေသည့် ကိစ္စ ရပ်များ၊ နယ်စပ်တွင်ရှိသော အရပ်သားများ၏ လုံခြုံရေး ကိစ္စရပ်များအား အောက်ခြေအဆင့် ညှိနှိုင်းခြင်းများ ဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
