- By CNI
- Category: နိုင်ငံရေး
- Hits: 2211
CNI International News
ကိုးလ်ကတ္တား၊ ဩဂုတ် ၂၉
အိန္ဒိယနိုင်ငံတွင် မကြာသေးမီက အလုပ်သင်ဆရာဝန်တစ်ဦး မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ရထားလမ်းများနှင့် ကားလမ်းများကို ဆန္ဒပြသူများက ပိတ်ဆို့ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများကို မျက်ရည်ယို ဓာတ်ငွေ့များနှင့် ရေအမြောက်များ အသုံးပြုပြီး လူစုခွဲခဲ့သဖြင့် အနောက်ဘန်ဂေါပြည်နယ်တွင် အတိုက်အခံအဖြစ် ရပ်တည်နေသည့် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) ၏ BJP ပါတီသည် ဩဂုတ် ၂၈ ရက်မှစပြီး ၁၂ နာရီကြာ ဆန္ဒပြမှုများပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။
BJP ပါတီ၏ ဝန်ထမ်းအများစု ပါဝင်သည့် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ဩဂုတ် ၂၈ ရက် တစ်နေ့လုံး ရထားလမ်းများ၊ ကားလမ်းများကို ပိတ်ဆို့ခဲ့ပြီး စျေးဆိုင်များလည်း ပိတ်ထားခဲ့ရသည်။
အနောက်ဘန်ဂေါပြည်နယ်တစ်ဝန်း အကြမ်းဖက်မှုများနှင့် ဆူပူအုံကြွမှုများကို နှိမ်နင်းရန် ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ခန့်ကို ဖြန့်ကြက်ချထားကြောင်း ပြည်နယ်ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အနောက်ဘန်ဂေါပြည်နယ်၏ မြို့တော် ကိုးလ်ကတ္တားရှိ အစိုးရပိုင်ဆေးရုံတစ်ရုံတွင် ဩဂုတ် ၉ ရက်က အသက် ၃၁ နှစ်အရွယ် အလုပ်သင် အမျိုးသမီးဆရာဝန်တစ်ဦး မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရမှုအတွက် ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီ (Mamata Banerjee) ကို ရာထူးမှ နုတ်ထွက်ရန် တက္ကသိုလ်ကျောင်းသား အများစုပါဝင်သည့် ဆန္ဒပြသူများက ဩဂုတ် ၂၈ ရက်၌ တောင်းဆိုခဲ့ကြသည်။

အမျိုးသမီးဆရာဝန် မုဒိမ်းကျင့် သတ်ဖြတ်ခံရလို့ အိန္ဒိယမှာ ဆန္ဒပြနေစဉ်
ထိုအလုပ်သင် ဆရာဝန်အမျိုးသမီး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း ဒေါသထွက်ခဲ့ကြ သည်။
၂၀၁၂ ခုနှစ်က နယူးဒေလီ (New Delhi) မြို့တော်ရှိ ဘတ်စ်ကားပေါ်တွင် အသက် ၂၃ နှစ်အရွယ် ကျောင်းသူ တစ်ဦး အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရမှု ဖြစ်စဉ်အပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကဲ့သို့ ယခုဖြစ်စဉ်သည်လည်း နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သည်။
ဆန္ဒပြမှုကို ဦးဆောင်သူများကမူ နိုင်ငံအတွင်း တင်းကျပ်သည့် ဥပဒေများ ထုတ်ပြန်ထားသည့်တိုင် အမျိုးသမီး များသည် လိင်အကြမ်းဖက်မှုကို ဆိုးဆိုးရွားရွား ဆက်လက် ကြုံတွေ့ခံစားနေရသည်ဟု ပြောကြားခဲ့သည်။
အမျိုးသမီးဆရာဝန် မုဒိန်းကျင့် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်တွင် ဆေးရုံရှိ ရဲတပ်ဖွဲ့ အကူဝန်ထမ်းတစ်ဦးကို ရာဇဝတ်မှုဖြင့် ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုအား ဖက်ဒရယ်ရဲတပ်ဖွဲ့က တာဝန်ယူ လုပ်ဆောင်လျက်ရှိသည်။
အိန္ဒိယသမ္မတ ဒရူပါဒီ မာမူ (Droupadi Murmu) ကလည်း ထိုဖြစ်စဉ်ကြောင့် တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4797
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂၉
ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) သည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အတွက် ၎င်း၏ အစီအစဉ်အား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို တင်ပြသွားမည်ဟု ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှား၏ ကာ့စ် (Kursk) ဒေသကို ဝင်ရောက်တိုက်ခိုက်သည့် သီတင်းပတ် ၃ ပတ်ကြာ စစ်ဆင်ရေးသည် စစ်ပွဲ အဆုံးသတ်မည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေးနှင့် သံတမန်ရေး ဆွေးနွေးမှု များသည်လည်း ထိုအစီအစဉ်ထဲတွင် ပါဝင်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
"ဒီအစီအစဉ်ရဲ့ အဓိကအချက်ကတော့ စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို ဖိအားပေးမှာ ဖြစ်ပါတယ်။ ကျနော် အဲဒီလိုလုပ် ချင်ပါတယ်။ အဲဒါမှ ယူကရိန်းအတွက် တရားမျှတမှုရှိမှာပါ" ဟု ဇာလန်းစကီးက ကိယက်ဗ် (Kyiv) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဇာလန်းစကီးကို တွေ့ရစဉ်
စစ်ပွဲအဆုံးသတ်မည့် အစီအစဉ်၏ နောက်ထပ် အသေးစိတ်အချက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော် လည်း သူသည် ထိုအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) ၊ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့နှင့်လည်း ဆွေးနွေးသွားမည်ဟု ဆိုသည်။
ဇာလန်းစကီးသည် နယူးယောက် (New York) မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ရန် စက်တင်ဘာလတွင် အမေရိကန်သို့ သွားရောက်ဖို့ စီစဉ်ထားသည်။ ထိုခရိးစဉ်အတွင်း ဘိုင်ဒန်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဒုတိယအကြိမ် ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံတွင် ရုရှားဘက်မှ ကိုယ်စားလှယ်များကို တက်ရောက်စေလိုကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဇာလန်းစကီးကို တွေ့ရစဉ်
ဇွန်လအတွင်းက ဆွစ်ဇာလန်နိုင်ငံတွင် ပထမအကြိမ် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ၌ ဇာလန်စကီးသည် ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြခဲ့သည်။ ထိုညီလာခံတွင် ရုရှားကို ချန်လှပ်ထားခဲ့သည်။
ယူကရိန်းသည် ထိုညီလာခံကို တက်ရောက်ရန် ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့သော်လည်း တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်းမရှိပေ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ် (Sergei Lavrov) ကမူ ဩဂုတ် ၆ ရက်က ကာ့စ်ဒေသကို ယူကရိန်း တပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအစဉ်များ ပျက်သုဉ်းသွားခဲ့ကြောင်း ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းကို သွားရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် ဩဂုတ် ၂၇ ရက်က ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် ပြောဆိုရာတွင် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာရေးကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1665
CNI International News
မော်စကို၊ ဩဂုတ် ၂၈
အစ္စရေးနှင့် ဟားမာ့စ်အကြား ဖြစ်ပွားနေသည့် စစ်ပွဲတွင် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုသည် အောင်မြင်ခဲ့ ခြင်း မရှိသဖြင့် အမေရိကန်ကာကွယ်ရေးလော်ဘီများသည် စစ်ပွဲကို ပိုမိုကျယ်ပြန့်စေရန် လုပ်ဆောင်နေသည်ဟု အမေရိကန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ရုရှား၏ Sputnik သတင်းဌာနမှ ဖော်ပြခဲ့သည်။
ဂါဇာစစ်ပွဲတွင် အစ္စရေးသည် အမေရိကန်၏ အကာအကွယ်ကို အပြည့်အဝ မရကြောင်း ပြသနေပြီး လက်ဘနွန် နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။
အဆိုပါ စစ်ပွဲ ပိုမိုကျယ်ပြန့်လာမည့် အခြေအနေသည် အစ္စရေးအစိုးရအတွက် စိုးရိမ်စရာကောင်းကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးရုံးတွင် ထိပ်သီးလုံခြုံရေးမူဝါဒ ကျွမ်းကျင်သူအဖြစ် ကာလကြာရှည် ထမ်းဆောင်ခဲ့ဖူးသည့် မိုက်ကယ် မာလွတ်ဖ် (Michael Maloof) က ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းကတည်းက အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသတွင်း ကြီးမားကျယ်ပြန့်သည့် စစ်ပွဲဖြစ်လာမည့် အခြေအနေကို ရောက်ရှိစေခဲ့သလို အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်ဟု အမေရိကန်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်နိုင်မည် မဟုတ်သဖြင့် ပဋိပက္ခသည် ပိုမိုအရှိန်မြင့်တက်လာသည်ဟု မာလွတ်ဖ်က ပြောသည်။
"နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် အားထုတ်ကြိုးပမ်းတာမျိုး မရှိပါဘူး။ အပစ်အခတ် ရပ်စဲဖို့ လုပ်မယ်ဆိုရင် သူ့ရဲ့ ပုံရိပ်ကျဆင်းသွားပါလိမ့်မယ်။ ဒါအပြင် အစ္စရေးအစိုးရအဖွဲ့ထဲက သဘောထား တင်းမာတဲ့ ဝန်ကြီးတွေနဲ့လည်း ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ အဲဒါကြောင့် သူတို့ဟာ ဂါဇာ၊ အနောက်ဘက် ကမ်းနဲ့ အခုဆိုရင် လက်ဘနွန်နိုင်ငံတွေကိုပါ တိုက်ခိုက်နေတာဖြစ်ပါတယ်" ဟု မာလွတ်ဖ်က ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်ကိုတွေ့ရစဉ်
အစ္စရေးသည် လက်ဘနွန်ကို တိုက်ခိုက်မည့် အစီအစဉ်ကို အမေရိကန်ကို ကြိုတင် အသိပေး အကြောင်းကြား ခဲ့သည်ဆိုသည့် သတင်းသည် ဩဂုတ် ၂၅ ရက်က ပထမဆုံး ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကာကွယ်ရေး လော်ဘီများကလည်း စစ်ပွဲကို ဆက်လက် ဖြစ်ပွားစေချင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်တွင် ဟစ်ဇ်ဘိုလာ တပ်မှူး ဖူအက် ရှူကာ (Fuad Shukr) သတ်ဖြတ် ခံရမှုကို လက်တုန့်ပြန်သည့် အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို ဒုံးကျည်အစင်း ၃၂၀ ကျော်နှင့် ဒါဇင်နှင့်ချီသည့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။
အမေရိကန်အစိုးရရှေ့နေ စတိဗ် ဂျေးလ် (Steve Gill) ကမူ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ် နိုင်ပြီဟု ယူဆနေသဖြင့် လက်ဘနွန်နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။
"ဒါပေမယ့် သူတို့ (အစ္စရေး) အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆက်ပြီး တိုက်မယ်ဆိုရင် ဟစ်ဇ်ဘိုလာတွေရဲ့ တုန့်ပြန် တိုက်ခိုက်မှုဟာ ဟားမာ့စ်အဖွဲ့ထက် ၁၀ ဆ ပိုမိုပြင်းထန်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဟစ်ဇ်ဘိုလာအဖွဲ့မှာ လက်နက်ကိုင်အင်အား၊ ရော့ကတ်တွေ၊ ဒုံးကျည်တွေက ဟားမာ့စ်အဖွဲ့ထက် ပိုမိုများပြားနေလို့ပါပဲ" ဟု ဂျေးလ်က ပြောကြားခဲ့သည်။
Source: Sputnik
- By CNI
- Category: နိုင်ငံရေး
- Hits: 2219
CNI International News
ဘန်ကောက်၊ ဩဂုတ် ၂၈
ထိုင်းဝန်ကြီးချုပ်အဖြစ် လွှတ်တော်က အတည်ပြု ရွေးချယ်ခံရပြီးနောက် အစိုးရအဖွဲ့စာရင်းကို ကြေညာရ တော့မည်ဖြစ်သည့်အတွက် ပေတုန်တန် အနေဖြင့် အတားအဆီးများဖြင့် ကြုံတွေ့ရနိုင်သလားဆိုကာ နိုင်ငံတကာမှ စောင့်ကြည့်နေကြသည်။
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က သူသည် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့စာရင်းတွင် ပါဝင်မည့်သူများကို ကြေညာတော့မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
၎င်း၏ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ထဲတွင် ပါဝင်လာနိုင်ခြေရှိကြောင်း ဝေဖန်မှုများ ထွက်ပေးနေချိန်တွင် ပေတုန်တန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်နဲ့ သက်ဆင်ကို တွေ့ရစဉ်
ပေတုန်တန်သည် ဩဂုတ် ၁၈ ရက်က လွှတ်တော်တွင် ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမဲများ လုံလောက်စွာ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
သို့သော်လည်း ပေတုန်တန်၏ ဖြူးထိုင်းပါတီသည် အစိုးရအဖွဲ့အတွင်း ပါဝင်မည့် ဝန်ကြီးနေရာများအတွက် ကိုယ်စားလှယ်လောင်းများကို အဆိုပြုတင်သွင်းရန် ရုန်းကန်နေရသည်။
ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ အဖြစ်မျိုး မဖြစ်စေရန် အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ အတွက် အဆိုပြုခံရသူများသည် စေ့စေ့စပ်စပ် စစ်ဆေးခံရမည်ဖြစ်ဖြစ်သည်။
ဆရီသာသည် ရာဇဝတ်မှုဖြင့် စီရင်ချက်ချခံခဲ့ရသည့် နိုင်ငံရေးအမည်းစက်ရှိသူ ပီချစ် ချူအန်ဘန် (Phichit Chuenban) အား အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာပေးခဲ့သဖြင့် ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးက ၎င်းကို ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။
အစိုးရဖွဲ့ရန် အဓိက ပြဿနာမှာ ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် (Gen Prawit Wongsuwan) ၏ Palang Pracharath ပါတီဖြစ်နေကြောင်း သိရသည်။

ပေတုန်တန်ကိုတွေ့ရစဉ်
အဘယ်ကြောင့်ဆိုသော် ပရာဝစ်၏ ပါတီသည် အစိုးရအဖွဲ့အတွက် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို အဆိုပြု တင်သွင်းထားခြင်းကြောင့် ညွန့်ပေါင်းအဖွဲ့အတွင်း နှစ်ဖွဲ့ကွဲနေကြောင်း ပေတုန်တန်က သတင်းထောက် များကို ပြောကြားခဲ့သည်။
“Palang Pracharath ပါတီအနေနဲ့ ဒီပြဿနာကို ကျေလည်အောင် လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒါကြောင့် ကျမတို့ဟာ အခြေအနေကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။
အစိုးရအဖွဲ့တွင် ပါဝင်မည့်သူများစာရင်းကို အမြန်ဆုံး အပြီးသတ်လိုကြောင်း၊ ထိုသို့ အမြန်အပြီး သတ်လိုရခြင်းမှာ ထိုင်းနိုင်ငံအတွက် ဖြေရှင်းရန်လို အပ်သည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ အများအပြားရှိနေခြင်းကြောင့် ဖြစ်ကြောင်း ပေတုန်တန်က ပြောသည်။
အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများစာရင်းကို စက်တင်ဘာလ အစောပိုင်းတွင် ဘုရင့်ထံ တင်ပြသွားမည်ဖြစ်ပြီး ဘုရင်၏ အတည်ပြုချက် ရရှိခဲ့မည်ဆိုပါက ကျမ်းသစ္စာကျိန်ဆို သွားမည်ဖြစ်ကြောင်း ပေတုန်တန်က ပြောကြားခဲ့ သည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 1711
CNI International News
မိုင်ယာမီ၊ ဩဂုတ် ၂၈
ပြီးခဲ့သည့်လက ဗင်နီဇွဲလားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်များသည် ပွင့်လင်းမြင်သာမှုနှင့် မှန်ကန်မှု အားနည်းခဲ့ကြောင်း ဗင်နီဇွဲလား ရွေးကောက်ပွဲအရာရှိတစ်ဦးက ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုရွေးကောက်ပွဲတွင် မဲရလဒ်များကို အတိုက်အခံများက ခိုင်မာသည့် သက်သေများဖြင့် တင်ပြခဲ့သည့်တိုင် ရွေးကောက်ပွဲအာဏာပိုင်များက လက်ရှိသမ္မတ နီကိုလက်စ် မာဒူရို (Nicolás Maduro) ကို အနိုင်ရကြောင်း ကြေညာခဲ့သည်။
သို့သော် ပြည်ပနိုင်ငံများက ထိုရွေးကောက်ပွဲရလဒ်ကို သံသယရှိနေကြသည်။
ဗင်နီဇွဲလား အမျိုးသားရွေးကောက်ပွဲကောင်စီ အဖွဲ့ဝင် ၅ ဦးအနက် တစ်ဦးဖြစ်သည့် ဟွမ် ကားလို့စ် ဒယ်လ်ပီနို (Juan Carlos Delpino) ကတော့ ဇူလိုင် ၂၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲနေ့၌ မူမမှန်သည့် အခြေအနေများရှိခဲ့ကြောင်း လူမှုမီဒီယာမှာ ရေးသားဖော်ပြခဲ့သည်။

ဟွမ် ကားလို့စ် ဒယ်လ်ပီနိုကို တွေ့ရစဉ်
မဲရုံများတွင် မဲရေတွက်မှုများသည် နှေးကွေးနေခဲ့ပြီး အတိုက်အခံများဘက်မှ စေတနာ့ဝန်ထမ်း မဲရေတွက်သူ အချို့သည် မဲရုံများအတွင်းမှ မောင်းထုတ်ခံခဲ့ရသည်။
ထိုဖြစ်စဉ်များသည် ပွင့်လင်းမြင်သာမှုရှိသည့် မဲရေတွက်မှု လုပ်ငန်းစဉ်ဖြစ်စေရန် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဒယ်လ်ပီနိုက ပြောသည်။
ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် မဲရေတွက်မှုများ နာရီနှင့်ချီ ကြာမြင့် ခဲ့ပြီး မဲရလဒ် စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းသာ စုဆောင်းနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲအာဏာပိုင်များက ၎င်းအား အကြောင်းကြားခဲ့သည်ဟု ဒယ်လ်ပီနိုက ပြောကြားခဲ့သည်။
ထိုသို့ ပွင့်လင်းမြင်သာမှုမရှိသော အခြေအနေကို ဆန့်ကျင်ကြောင်း ဆန္ဒပြသည့် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်၏ မဲရေတွက်မှုကို တက်ရောက်ကြည့်ရှုခဲ့ခြင်း မရှိကြောင်းနှင့် ရွေးကောက်ပွဲကောင်စီဥက္ကဋ္ဌ အဲလ်ဗစ် အမ်မိုရိုဆို(Elvis Amoroso) ၏ သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြော သည်။

ဗင်နီဇွဲလား ရွေးကောက်ပွဲကောင်စီကိုတွေ့ရစဉ်
"ရွေးကောက်ပွဲရလဒ်က ပြည်သူတွေရဲ့ မဲဆန္ဒကို ကိုယ်စားမပြုခဲ့တာကြောင့် ကျနော် အရမ်းဝမ်းနည်းမိပါတယ်။ ရွေးကောက်ပွဲရလဒ်ဟာ ကျနော်တို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းမပေးနိုင်ဘဲ အမျိုးသားညီညွတ်ရေးကိုလည်း မြှင့်တင်မပေးနိုင်သလို ဗင်နီဇွဲလားပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား သံသယတွေကို ကြီးထွားစေ ခဲ့ပါတယ်" ဟု ဒယ်လ်ပီနိုက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ မာဒူရိုသည် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၁ သန်းကျော် ရရှိခဲ့ပြီး ပြန်လည်ရွေးကောက် ခံရကြောင်း ပြောကြားခဲ့ပြီးနောက် ဒယ်လ်ပီနို၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အမေရိကန်၊ ဥရောပသမဂ္ဂအပြင် ဗင်နီဇွဲလား၏ လက်ဝဲယိမ်း မဟာမိတ်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ကိုလံဘီယာနှင့် မက္ကဆီကိုနိုင်ငံတို့ကပင် ရွေးကောက်ပွဲ မှတ်တမ်းများကို ထုတ်ပြန်ရန် တိုက်တွန်းနေသည့်တိုင် မာဒူရို၏ အစိုးရအဖွဲ့က ရွေးကောက်ပွဲမှတ်တမ်းများကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1110
CNI International News
ဘေကျင်း၊ ဩဂုတ် ၂၈
တရုတ်နှင့် အမေရိကန်ကြား ထိုင်ဝမ်အရေး ဆက်ဆံရေးတင်းမာနေစဉ် နှစ်နိုင်ငံထိပ်သီး အရာရှိများ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။
နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဂျိတ် ဆူလေဗန် (Jake Sullivan) သည် တရုတ်သို့ ရောက်ရှိလာခဲ့ပြီး တရုတ်၏ ထိပ်သီးအရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆူလေဗန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) အပါအဝင် အခြားထိပ်သီးအရာရှိများနှင့် ဩဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား အရှေ့အလယ်ပိုင်းရေး၊ ယူကရိန်းစစ်ပွဲ၊ တောင်တရုတ်ပင်လယ်အရေး၊ ထိုင်ဝမ်အရေးနှင့် ကုန်သွယ်ရေး အပါအဝင် အကြောင်းအရာအများအပြားကို ဆွေးနွေးကြမည်ဖြစ်သည်။
ဆူလေဗန်သည် ဩဂုတ် ၂၇ ရက်က ဘေကျင်း (Beijing) မြို့တော်သို့ ရောက်ရှိလာသည့် အချိန်တွင် ဝမ်ယိနှင့် ဘေကျင်းမြို့တော် မြောက်ဘက်ရှိ အပန်းဖြေ စခန်းတစ်ခုတွင် တွေ့ဆုံခဲ့သည်။
တရုတ်နှင့် အမေရိကန်၏ ဆက်ဆံရေးသည် ရှုပ်ထွေးပွေလီမှုများဖြင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးကို လွှမ်းမိုးထား ပြီး အတိမ်းအစောင့်မခံနိုင်သော ဆက်ဆံရေးမျိုးဖြစ်ကြောင်း ဝမ်ယိက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂျိတ်ဆူလေဗန် တရုတ်ကို ရောက်လာစဉ်
နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ဆက်လက်တည်ငြိမ်ပြီး ကောင်းမွန်မှုရှိစွာဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လိမ့်မည် ဟု မျှော်လင့်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
ဝမ်ယိနှင့် တံခါးပိတ်ဆွေးနွေးပွဲ မပြုလုပ်မီ ဆူလေဗန်က ၎င်းတို့နှစ်ဦးသည် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် နှစ်နိုင်ငံအကြား သဘောတူညီမှုများနှင့် သဘောထားချင်း မတိုက်ဆိုက်မှုများရှိနေသည့် အကြောင်း အရာများကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဘိုင်ဒန်သည် ၎င်း၏ သမ္မတသက်တမ်း ကုန်ဆုံးကာနီးလာချိန်တွင် တရုတ်နှင့် တင်းမာမှု များကို ဘေးချိတ်ထားပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) အပေါ် ဩဇာလွှမ်းမိုးမှုရှိစေရန် သံတမန်နည်း အရ ကြိုးပမ်းလျက်ရှိသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ကလည်း ဘိုင်ဒန်၏ မဟာဗျူဟာအတိုင်း ဆက်လက် ကျင့်သုံးဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူမျာက ပြောကြားခဲ့သည်။
သို့သော် တရုတ်၏ မြင့်တက်လာသည့် နိုင်ငံခြားရေးမူဝါဒများကို ရင်ဆိုင်ရာတွင် ဘိုင်ဒန်၏ ချဉ်းကပ်မှုသည် အလွန်ပျော့ပြောင်းလွန်းသည်ဟု သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ယူဆထားသည်ဟုလည်း လေ့လာသူများက ပြောကြား ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1799
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၂၇
ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ၂ နှစ်ခွဲခန့် ကြာမြင့်လာချိန်တွင် စစ်ပွဲပြီးဆုံးမည့် အရိပ် လက္ခဏာများ မမြင်တွေ့ရသေးကြောင်း Asia times မှ ဖော်ပြခဲ့သည်။
သို့သော် ယူကရိန်းရော၊ ရုရှားပါ ၎င်းတို့ အနိုင်ရရှိနေသည်ဟု အသီးသီးက ကြေညာနေသည့်တိုင် လက်ရှိတွင် နှစ်ဖက်စလုံး နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelensky) ကမူ ခရိုင်းမီးယားဒေသ အပါအဝင် စစ်ပွဲ အတွင်း ရုရှားတပ်များ သိမ်းပိုက်ခဲ့သည့် နယ်နိမိတ်အားလုံးကို ပြန်လည်သိမ်းယူနိုင်ရန်နှင့် နေတိုးအဖွဲ့ဝင် ဖြစ်လာရန် ကြိုးပမ်းနေရသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကလည်း ယူကရိန်းထံမှ သိမ်းပိုက်ထားသော နယ်နိမိတ်ကို ယူကရိန်းကို ပြန်မပေးရန်၊ ယူကရိန်းကို နေတိုးအဖွဲ့အတွင်း မဝင်ရောက်စေရန်နှင့် ရုရှား၏ ဩဇာခံနိုင်ငံဖြစ်စေရန် ကြိုးပမ်းနေရသည်။
တစ်နည်းဆိုရလျှင် ယူကရိန်းရော၊ ရုရှားပါ တစ်ဖက်နှင့်တစ်ဖက် ချွင်းချက်မရှိ လက်နက်ချရန် အပြန်အလှန် တောင်းဆိုနေကြသော်လည်း မကြာသေးမီက ကမ္ဘာ့သမိုင်းကို ပြန်လည်သုံးသပ်မည်ဆိုပါက ယူကရိန်းစစ်ပွဲသည် နှစ်ဖက်စလုံးအတွက် နစ်နာနေသည့် အခြေအနေကို ပြသနေသည်။
ဒုတိယကမ္ဘာစစ်သည် ဂျပန်၊ ဂျာမနီနှင့် အီတလီ အစရှိသည့် ဝင်ရိုးတန်း နိုင်ငံများဘက်မှ ပြတ်သားစွာ ရှုံးနိမ့်ခဲ့ ပြီးနောက် အဆုံးသတ်သွားခဲ့သည်။

ယူကရိန်းစစ်ပွဲကို တွေ့ရစဉ်
ကိုရီးယား၊ ဗီယက်နမ် စစ်ပွဲများမှအစ အီရန်-အီရတ် စစ်ပွဲအဆုံး ဖြစ်ပွားခဲ့သည့် စစ်ပွဲများသည်လည်း ဆွေးနွေး ညှိနှိုင်းမှုများ၊ အလျှော့အတင်း၊ အပေးအယူများ သို့မဟုတ် ပိုနေမြဲကျားနေမြဲ အခြေအနေများအတိုင်း အဆုံးသတ် သွားခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်သည်။
အီရတ်နှင့် အာဖဂန်နစ္စတန်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ၌ အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ညွန့်ပေါင်း တပ်များသည် အစပိုင်းတွင် အောင်မြင်သလိုရှိခဲ့သော်လည်း ထိုနိုင်ငံများအတွင်းရှိ ၎င်းတို့၏ ပြိုင်ဘက်အင်အားစု များကို ရေရှည်ထိန်းထားနိုင်စွမ်း မရှိခဲ့သည်ကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ယနေ့ အချိန်အထိ ပူတင်၏ ယူကရိန်းစစ်ပွဲသည် နေတိုးအဖွဲ့ကို ပိုမိုစုစည်းခိုင်မာစေပြီး အင်အားကောင်းစေခဲ့ကာ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ အင်အားလျော့ကျခြင်း၊ ယူကရိန်းတွင် အမျိုးသားရေးစိတ်များ ပိုမိုခိုင်မာလာ စေခြင်း အစရှိသည့် အခြေအနေများကို ပေါ်ပေါက်စေခဲ့သည်။
ယူကရိန်းအတွက်လည်း နိုင်ငံအတွင်း စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများ အလွန်များပြားနေပြီး စစ်ပွဲပြီးဆုံး ခဲ့မည်ဆိုသည့်တိုင် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ယူကရိန်း-ရုရှား စစ်ပွဲသည် လက်ရှိ အခြေအနေများအရ နှစ်ဖက်စလုံးတွင် နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ခြင်းဖြစ်သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1996
CNI International News
ဆိုးလ်၊ ဩဂုတ် ၂၇
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un)သည် ပစ်မှတ်ကို ဝင်တိုက်ပြီး ဖောက်ခွဲဖျက်ဆီး သည့် အသေခံဒရုန်း (suicide drone) အမျိုးအစားအသစ်များ စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် မောင်းသူမဲ့ယာဉ်များအတွက် AI နည်းပညာများ ထုတ်လုပ်ရန်လည်း သုတေသနပညာရှင်များကို တိုက်တွန်းခဲ့သည်။
ဩဂုတ် ၂၄ ရက်က ကင်မ်သည် မြောက်ကိုရီးယား၏ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီ၏ ဒရုန်းဌာနကို သွားရောက် ခဲ့ပြီး အသေခံဒရုန်းများက သတ်မှတ်ထားသည့် ပစ်မှတ်များကို တိကျစွာ တိုက်ခိုက်နိုင်ခဲ့သော စမ်းသပ်မှုများကို ကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အသေခံဒရုန်းပစ်လွှတ်နေစဉ်
ထို့ပြင် ကင်မ်က မောင်းသူမဲ့ တိုက်ခိုက်ရေး ရေယာဉ်များ၊ မဟာဗျူဟာမြောက် ကင်းထောက်ဒရုန်းများနှင့် ဘက်စုံ သုံး ဒရုန်းများကဲ့သို့ နည်းဗျူဟာမြောက် ခြေလျင်တပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေး တပ်ဖွဲ့များအတွက် အသုံးပြုနိုင် မည့် အသေခံဒရုန်းများကို ပိုမိုထုတ်လုပ်ရန်လည်း တိုက်တွန်းခဲ့သည်။
ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်ပြီး ပစ်မှတ်ကိုဝင်တိုက်ကာ ဖောက်ခွဲဖျက်ဆီးသည့် ထိုအသေခံဒရုန်းများ သည် ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် လက်နက်များ ဖြစ်သည်။
အခြေခံအားဖြင့် အသေခံဒရုန်းများသည် ဖောက်ခွဲရေးပစ္စည်းများကို တင်ဆောင်ပျံသန်းကာ သတ်မှတ်ထားသည့် ပစ်မှတ်၏ တည်နေရာကို သွားရောက်ပြီး ပစ်မှတ်အား ဒရုန်းပေါ်ရှိ လက်နက်ထိပ်ဖူးဖြင့် ဝင်တိုက်ကာ ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်သည်။
နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မတူညီသည့် အသေခံဒရုန်း အမျိုးအစား ၄ ခုကို ပြသထားပြီး အချို့ဒရုန်းများသည် မြေပေါ်မှ ပျံမတက်မီ အသေးစားဒုံးအင်ဂျင်၏ အကူအညီဖြင့် ပစ်လွှတ်ရသည့် ဒရုန်း အမျိုးအစားများ ဖြစ်သည်။

အသေခံဒရုန်းကို တွေ့ရစဉ်
မြောက်ကိုရီးယား၏ ဒရုန်းများသည် ရုရှား၏ ZALA Lancet ဒရုန်း၊ အီရန်၏ Shahed ဒရုန်းများနှင့် အသွင်အပြင် ဆင်တူမှု ရှိ/မရှိကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။
"အတိတ်ကာလက မြောက်ကိုရီးယားနဲ့ ရုရှားအကြား ဆက်ဆံရေး ဖလှယ်မှုတွေအရ ရုရှားဟာ မြောက်ကိုရီးယား ကို ဒရုန်းအချို့ လက်ဆောင်ပေးခဲ့တယ်ဆိုတာ ကျနော်တို့ သိရှိထားပါတယ်။ အဲဒီဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ လေ့လာမှုတွေ လုပ်ဖို့လိုပါတယ်" ဟု JCS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကမူ ယခုအကြိမ်သည် မြောက်ကိုရီးယား၏ အသေခံ ဒရုန်းများကို ထုတ်ဖော်ပြသသည့် ပထမဆုံးအကြိမ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1766
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၇
အမေရိကန်သည် တရုတ်နှင့် မြောက်ကိုရီးယားတို့၏ ဒုံးကျည် ခြိမ်းခြောက်မှုများရန်ကို ကာကွယ်ရန်နှင့် အသာစီး ရစေရန် အားထုတ်ကြိုးပမ်းမှုအဖြစ် အင်ဒို-ပစိဖိတ်ဒေသရှိ ကာကွယ်ရေးကဏ္ဍအား အဆင့်မြှင့်တင်နေပြီး သမားရိုးကျ မဟုတ်သည့် အစီအစဉ်များကို ဖော်ဆောင်နေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။
အမေရိကန်လေတပ် စစ်ဦးစီးချုပ် ဒေးဗစ် အော်လ်ဗင် (David Allvin) သည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန် စစ်တပ်၏ အသင့်အနေအထားရှိမှုကို တိုးမြှင့်ရန်အတွက် Agile Combat Employment (ACE) အမည်ရှိ မဟာဗျူဟာကို အထောက်အကူဖြစ်စေနိုင်မည့် ကာကွယ်ရေး စွမ်းဆောင်ရည်များအား ဖော်ဆောင်နေသည်ဟု ယခုလအတွင်း Defense One သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ACE မဟာဗျူဟာသည် အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသည့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများ၊ အထူးသဖြင့် တရုတ် နှင့် ဆက်နွှယ်သော အနာဂတ်ပဋိပက္ခများ၌ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရေးနှင့် ကြံ့ကြံ့ခံ ရပ်တည်နိုင်ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသော မဟာဗျူဟာတစ်ခုဖြစ်သည်။

အမေရိကန်လေတပ် စစ်ဦးစီးချုပ် ဒေးဗစ် အော်လ်ဗင်ကို တွေ့ရစဉ်
အလွယ်တကူ မပြတ်တောက်နိုင်သည့် ဆက်သွယ်ရေး အစီအစဉ်များ၊ ကြိုတင်နေရာယူ လက်နက်တပ်ဆင်မှု၊ အလိုက်သင့် ပြုပြင်နိုင်သော ထောက်ပို့စနစ်များ၊ ပူးတွဲ ထိန်းချုပ်ကွပ်ကဲရေး အစီအစဉ်များက ထိုမဟာဗျူဟာကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟုဆိုသည်။
ထို့ပြင် ထိုမဟာဗျူဟာအရ စစ်ဆင်ရေးများ လုပ်ဆောင်နိုင်စွမ်း၊ ရန်သူများ၏ ဆုံးဖြတ်ချက်ကို ဝေဝါးစေရန်နှင့် မတူညီသည့် ပတ်ဝန်းကျင် အခြေအနေများတွင် နယ်ပယ်ကဏ္ဍအသီးသီး၌ အမေရိကန်တပ်ဖွဲ့များ၏ ထိရောက် သော လှုပ်ရှားဆောင်ရွက်မှုများကို စိတ်ချသေချာစေရန်လည်း ရည်ရွယ်ထားသည်။
ထိုမဟာဗျူဟာကြောင့် အမေရိကန်လေတပ်၏ ထောက်ပို့ အစီအစဉ်များ၊ ထိန်းချုပ်ကွပ်ကဲမှု ပုံစံများ၊ စစ်ဆင်ရေး ဆိုင်ရာ အစီအစဉ်ရေးဆွဲမှု၊ အခြေအနေပေါ် မူတည်၍ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းနှင့် ပူးတွဲတပ်ဖွဲ့များ အချင်းချင်း သဟဇာတရှိစွာ ချိတ်ဆက်ဆောင်ရွက်မှု တို့တွင် ကြီးမားသည့် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ် နေသည်ဟု Defense One မှ ဖော်ပြခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသအရေး အမေရိကန်၊ ဂျပန်၊ အိန္ဒိယ ခေါင်းဆောင်များ ဆွေးနွေးကြစဉ်
အမေရိကန်သည် တရုတ်နှင့် မြောက်ကိုရီးယား၏ မြင့်တက်လာသည့် ဒုံးကျည် ခြိမ်းခြောက်မှုများကြောင့် ပစိဖိတ်ဒေသရှိ စစ်စခန်းများကို အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ရန် အရေးတကြီး လိုအပ်သည်ဟုလည်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇွန်လက အမေရိကန်လွှတ်တော်ဆိုင်ရာ သုတေသနဌာန (CRS) ၏ ထုတ်ပြန်ချက်တွင် ပစိဖိတ်ဒေသ ရှိ အမေရိကန် စစ်စခန်းများသည် ခေတ်မီ ဒုံးကျည်နည်းပညာများ ပိုင်ဆိုင်ထားသည့် တရုတ်နှင့် မြောက်ကိုရီးယား တို့၏ ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြခဲ့သည်။
အထူးသဖြင့် တရုတ်၏ သမားရိုးကျ ဒုံးကျည်များ၊ နျူကလီးယားလက်နက် တပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည် များနှင့် အသံထက်မြန်သော ဟိုက်ပါဆောနစ် ဒုံးကျည်များသည် ဒေသတွင်း အမေရိကန် တပ်ဖွဲ့များနှင့် အခြေခံ အဆောက်အအုံများအတွက် ခြိမ်းခြောက်မှု ဖြစ်နေသည်ဟုလည်း CRS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: Asia Times
