- By CNI
- Category: နိုင်ငံရေး
- Hits: 4965
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၀
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိသည့် လွတ်မြောက်နယ်မြေ တစ်နေရာမှာ အခြေခံစစ်သင်တန်းဆင်းပွဲ တစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့မှာ ပြုလုပ်သွားခဲ့သည်။
အဆိုပါ အခြေခံစစ်သင်တန်း ဆင်းပွဲသည် SNA ၏ မိန်းဆိုင်တိုင်းနိုင်းဟု ခေါ်သော ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်က SNA သင်တန်းဆင်းပွဲ ကျင်းပနေစဉ်
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် တပ်မဟာ ၄ ခုကို ဖွဲ့စည်းထားပြီး အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက် အပါအဝင် စစ်ကိုင်းတိုင်းဒေ သကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းမှာ လှုပ်ရှားလျက်ရှိ သည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အပါအဝင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3477
CNI International News
နယူးယောက်၊ ဩဂုတ် ၂၀
အမေရိကန်ဒုတိယသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) သည် ရွေးကောက်ပွဲအကြို ပြုလုပ်သည့် လူထု သဘောဆန္ဒ စစ်တမ်းကောက်ယူမှုများတွင် ပြိုင်ဘက်ဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ထက် ထောက်ခံမှုနှုန်း ၃ ရာခိုင်နှုန်း အသာစီးရနေသည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။
CBS News နှင့် YouGov အဖွဲ့တို့က ပြုလုပ်ခဲ့သည့် စစ်တမ်းများတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းက လာမည့် သမ္မတရွေးကောက်ပွဲတွင် ဟားရစ်ကို မဲပေးမည်ဟု ဖြေဆိုခဲ့ကြပြီး ထရမ့်ကို မဲပေးမည်ဟု ဖြေဆိုကြသူ စုစုပေါင်းမှာ ၄၈ ရာခိုင်နှုန်းရှိခဲ့သည့် ရလာဒ်ထွက်ပေါ်ခဲ့သည်။
ထို့ပြင် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန်များအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မဲယိမ်းပြည်နယ်များတွင် မူ ဟားရစ်နှင့် ထရမ့်တို့၏ ထောက်ခံမှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းစီ တူညီမှုရှိနေသည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဩဂုတ် ၁၄ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ခဲ့သည့် ထိုစစ်တမ်းတွင် ပါဝင်ဖြေဆိုသော မဲဆန္ဒရှင် အရေအတွက် ၃၃၀၀ ခန့်ရှိခဲ့ပြီး ၂ ဒသမ ၁ လိုတိုးပိုလျှော့ဖြစ်သည့် ရလဒ်မှာ ၂ ဒသမ ၁ ပွိုင့်ရှိခဲ့သည်။
အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်၌ သမ္မတရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်ပြီး လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် ဇူလိုင် ၂၁ ရက်တွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းအဖြစ်မှ နုတ်ထွက်သွားခဲ့သည်။
ထို့နောက် ဟားရစ်ကို အစားထိုး ယှဉ်ပြိုင်သူအဖြစ် ကြေညာခဲ့သည်။ ထရမ့်သည် ဟားရစ်၏ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 3540
CNI International News
ဒူဘိုင်း၊ ဩဂုတ် ၂၀
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) သည် ယီမင်ရှိ ဟူရ်သီသူပုန် များကို စစ်ပွဲဆင်နွှဲကြောင်း ကြေညာချက်ကို ထုတ်ပြန်ချိန်တွင် ဖခင်ဖြစ်သည့် ဘုရင်ကြီး ဆယ်လ်မန် (King Salman) ၏ လက်မှတ်ကို အတုထိုးခဲ့ပြီး တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်ဟု ဆော်ဒီအရာရှိဟောင်း တစ်ဦးက စွပ်စွဲခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဆော်ဒီထောက်လှမ်းရေးအရာရှိဟောင်း ဆာအက် အယ် ဂျာဘရီ (Saad al-Jabri) သည် ဩဂုတ် ၁၉ ရက်က ဘီဘီစီ သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆော်ဒီ အာဏာပိုင်များကမူ ထိုအကြောင်းအရာကို ချက်ချင်းမှတ်ချက် မပေးခဲ့သော်လည်း အယ်ဂျာဘရီကို ဆော်ဒီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရာရှိဟောင်းအဖြစ် သုံးနှုန်းဖော်ပြခဲ့သည်။
အယ်ဂျာဘရီသည် လက်ရှိတွင် ပြည်ပြေးဘဝဖြင့် ကနေဒါနိုင်ငံတွင် နေထိုင်လျှက်ရှိပြီး ဆော်ဒီအစိုးရသည် ဆော်ဒီ၌ရှိနေသည့် ၎င်း၏ ကလေးနှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဘုရင်ကြီး ဆယ်လ်မန်ကို တွေ့ရစဉ်
ထို့နောက် အယ်ဂျာဘရီနှင့် ဆော်ဒီအစိုးရအကြား နှစ်ပေါင်းများစွာကြာ သဘောထား ကွဲလွဲမှုများဖြစ်ပွားခဲ့ပြီး သူ့ကလေး ၂ ဦးကို ထောင်ဒဏ်ချမှတ်မှုသည် သူ့အား ဆော်ဒီသို့ ပြန်လာစေရန် ဖိအားပေးခြင်းဖြစ်ကြောင်း အယ်လ်ဂျာဘရီက ပြောကြားခဲ့သည်။
အိမ်ရှေ့မင်းသား မိုဟာမက်သည် သူ့ဖခင်ဖြစ်သည့် ဘုရင်ကြီးဆယ်လ်မန် (၈၈ နှစ်) ကိုယ်စား ပြည်တွင်း/ပြည်ပ ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံနေပြီး ဆော်ဒီအာရေဗျနိုင်ငံကို အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေ ချိန်တွင် ထိုစွပ်စွဲချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
အယ်ဂျာဘရီကမူ အိမ်ရှေ့မင်းသား မိုဟာမက်သည် ယီမင်တွင် စစ်ပွဲကြေညာသည့် တော်ဝင်အမိန့် ပြန်တမ်း ထုတ်ပြန်ချိန်တွင် သူ့ဖခင်၏ လက်မှတ်ကို ကိုယ်စားထိုးခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနမှ ခိုင်လုံ သည့် သတင်းအရင်းအမြစ်တစ်ခုက အတည်ပြုခဲ့သည်ဟု ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
"ယီမင်မှာ စစ်ပွဲဆင်နွှဲခွင့်ပြုတဲ့ တော်ဝင်အမိန့်ပြန်တမ်း ထွက်လာတုန်းက ကျနော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ သူက တော်ဝင်အမိန့် ပြန်တမ်းအတွက် သူ့ဖခင်ရဲ့ လက်မှတ်ကို အတုထိုးခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကတော့ ယိုယွင်းလာခဲ့ပါတယ်" ဟု အယ်ဂျာဘရီက ပြောကြားခဲ့သည်။

ယီမင်စစ်ပွဲ နယ်မြေကိုတွေ့ရစဉ်
ဆော်ဒီအာရေဗျသည် ယီမင်စစ်ပွဲအတွင်း အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟူရ်သီသူပုန်အဖွဲ့ကို တိုက်ခိုက်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ကို ဦးဆောင်၍ တိုက်ခိုက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စုနီးပါး ကြာမြင့် လာခဲ့ပြီဖြစ်သည်။
ထိုအချိန်က အိမ်ရှေ့မင်းသား မိုဟာမက်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး ဟူရ်သီသူပုန်များကို တိုက်ခိုက်မည်ဆိုသည့် ကတိကဝတ်များနှင့်အတူ စစ်ပွဲကြေညာကာ အမှန်တကယ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အယ်ဂျာဘရီသည် တစ်ချိန်က ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ် (Mohammed bin Nayef) ၏ တာဝန်ထမ်းဆောင်ပေးခဲ့သူဖြစ်သည်။
ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဘုရင်ကြီးဆယ်လ်မန်က နာယက်ဖ်၏ အိမ်ရှေ့စံနေရာကို သားဖြစ်သူ မိုဟာမက်ထံ လွှဲပြောင်းပေးအပ်ခဲ့ကာ နာယက်ဖ်သည် လက်ရှိတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်ဟု ယူဆခံထားရသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 4785
CNI International News
ဘန်ကောက်၊ ဩဂုတ် ၁၉
ထိုင်းနိုင်ငံတွင် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ် သစ်အဖြစ် တင်မြှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အနေဖြင့် ဖျက်သိမ်း ခံခဲ့ရသည့် Move Forward Party (MFP)၏ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီ
(PP) နှင့် ဆက်လက် ယှဉ်ပြိုင်ရန် အစွမ်းကုန် လုပ်ဆောင်သွားမည့်သဘော သက်ရောက်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
နိုင်ငံရေး အတွေ့အကြုံမရှိသည့် ပေတုန်တန် (၃၇ နှစ်) သည် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဝန်ကြီးချုပ်ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရန် ဩဂုတ် ၁၆ ရက်က အောက်လွှတ်တော်တွင် မဲပေးရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကွန်ဆာဗေးတစ်ပါတီများနှင့် မဟာမိတ်ဖွဲ့ခဲ့သည့် ဖြူးထိုင်းပါတီသည် လက်ရှိတွင် PP နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက် ကွန်ဆာဗေးတစ် အင်အားစု အသစ်တစ်ခုဖြစ်လာသည်ဟု ယူဆရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

MFP ပါတီခေါင်းဆောင်နဲ့ ထောက်ခံသူများကို တွေ့ရစဉ်
ကွန်ဆာဗေးတစ် အင်အားစုများကလည်း ထိုင်း၏ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် PP နှင့် ယှဉ်ပြိုင်ရန် ၎င်းတို့၏ မဟာဗျူဟာများအတိုင်း ဆက်လက် လုပ်ဆောင်ခဲ့သည်။
ယခုအချိန်တွင် ဖြူးထိုင်းကို ကွန်ဆာဗေးတစ် အင်အားစုအတွင်းသို့ ဆွဲသွင်းလာခဲ့ခြင်းဖြစ်သည်ဟု King Prajadhipok's Institute မှ ဒီမိုကရေစီ ဆန်းသစ်ပြောင်းလဲရေးရုံး၏ ညွှန်ကြားရေးမှူး စတီသွန်း သန်နာနီသီချော့ (Stithorn Thananithichot) က ပြောကြားခဲ့သည်။
ဩဂုတ် ၁၄ ရက် ညပိုင်းကလည်း ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ ထိပ်သီးခေါင်းဆောင်များသည် ဘန်ကောက် မြို့တော်ရှိ သက်ဆင်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြပြီး ဝန်ကြီးချုပ်နေရာအတွက် တရားရေးဝန်ကြီးဟောင်း လည်းဖြစ် အစိုးရရှေ့နေချုပ်လည်းဖြစ်သည့် ချိုင်ကာဆမ် နီတိသီရိ (Chaikasem Nitisiri) ကိုရွေးချယ်ရန် သဘောတူခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ဩဂုတ် ၁၅ ရက်တွင်မူ ဖြူးထိုင်းပါတီ အလုပ်အမှုဆောင်ဘုတ်အဖွဲ့က ပေတုန်တန်ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ကြသည်။

ပေတုန်တန်ကို တွေ့ရစဉ်
ထိုသို့ လုပ်ဆောင်ခြင်းသည် ဖြူးထိုင်းပါတီ အနေဖြင့် ယခင်က အရေးနိမ့်ခဲ့သည့် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင် များ၏ ထောက်ခံမှုကို ပြန်လည်ရရှိစေရန် နောက်ဆုံး ရွှေ့ကွက်တစ်ခုဖြစ်ကြောင်း၊ ထိုအစီအစဉ်သည် အလုပ် မဖြစ်ပါက PP ကို ယှဉ်ပြိုင်ရန် မဟာဗျူဟာအသစ်တစ်ခု လိုအပ်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ စတီသွန်းက ပြောကြားခဲ့သည်။
"ဒီအစီအစဉ်က အောင်မြင်လိမ့်ပါမယ်။ အစိုးရအဖွဲ့အနေနဲ့ ဂရုတစိုက် ချဉ်းကပ်ဆောင်ရွက် ရပါလိမ့်မယ်။ အထူးသဖြင့် မမျှော်လင့်ဘဲ ကြုံတွေ့လာရနိုင်တဲ့ တရားရေးဆိုင်ရာ ဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဂရုစိုက်ရမှာပါ။ ကွန်ဆာဗေးတစ် အင်အားစုတွေကို စိတ်ဆိုးအောင်မလုပ်တာ ပိုကောင်းပါလိမ့်မယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ရှင်နာဝပ် မိသားစု၏ ဝန်ကြီးချုပ်ဖြစ်လာသည့် ပေတုန်တန်အပေါ် လူထု၏ မျှော်လင့်ချက်များ ကြီးမားနေ သည့်အတွက် နိုင်ငံရေးအခြေအနေသည် ပိုမိုပြင်းထန်လာလိမ့်မည်ဟုလည်း စတီသွန်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 2968
CNI International News
ကာရာကက်စ်၊ သြဂုတ် ၁၉
ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကက်စ် (CARACAS) မြို့တော်တွင် သြဂုတ် ၁၇ ရက်က အတိုက်အခံများက သမ္မတ ရွေးကောက်ပွဲ ရလဒ်များကို ထုတ်ပြန်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည့် သမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Maduro) ကို ထောက်ခံသူများကလည်း မာဒူရိုအား ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြ သည်ဟု Sputnik သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။
အတိုက်အခံများဘက်မှ ဆန္ဒပြသူများသည် ကာရာကက်စ်မြို့တော်ရှိ အဓိကလမ်းမတစ်ခုပေါ်တွင် စုရုံးခဲ့ကြသည်။
ထိုဆန္ဒပြမှုကို အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) လည်း ပူးပေါင်း ပါဝင်ခဲ့သည်။
သို့သော် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတိုက်အခံများ၏ ကိုယ်စားလှယ်လောင်းဖြစ်သူ အက်ဒ်မန်ဒို ဂွန်ဇာလက်ဇ် (Edmundo Gonzalez) သည် ဆန္ဒပြမှုတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုကို တွေ့ရစဉ်
မာဒူရိုကို ထောက်ခံသူများကလည်း တန်ပြန်သပိတ်ပုံစံဖြင့် သီးခြားတစ်နေရာတွင် စုရုံးဆန္ဒပြခဲ့ကြသည်။
"ဇူလိုင် ၂၈ ရွေးကောက်ပွဲမှာ သမ္မတမာဒူရိုရဲ့ အနိုင်ရမှုနဲ့ မာဒူရိုကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုတဲ့ အနေနဲ့ ကျနော်တို့ လမ်းပေါ်ထွက်လာခဲ့ကြတာပါ " ဟု အသက် ၂၈ နှစ်အရွယ် ကာရာကက်စ်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သည့် ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲအပြီး တစ်ရက်အကြာတွင် အမျိုးသား ရွေးကောက်ပွဲကောင်စီက သမ္မတမာဒူရိုသည် မဲရာခိုင်နှုန်း ၅၁ ရာခိုင်နှုန်းရရှိခဲ့ကာ ၂၀၂၅-၂၀၃၁ သက်တမ်း အတွက် ထပ်မံရွေးကောက်ခံခဲ့ရကြောင်း ကြေညာခဲ့သည်။
ထိုကြေညာချက် ထွက်ပေါ်ခဲ့သည့် ဇူလိုင် ၂၉ ရက်မှာပင် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ကာရာကက်စ် မြို့တော်၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ထို့နောက် ဆန္ဒပြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျောက်ခဲများ၊ ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့ ကြသည်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကိုတွေ့ရစဉ်
အစိုးရရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ဆန္ဒပြသူများ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအရာရှိ ၇၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး လူပေါင်း ၁၀၆၂ ဦးကို အကြမ်းဖက်မှု၊ အမုန်းတရား ပျံ့ပွားစေရန် သွေးထိုးလှုံ့ဆော်မှု၊ နိုင်ငံပိုင် အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးမှုများဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။
ဗင်နီဇွဲလားအစိုးရကမူ ထိုရွေးကောက်ပွဲကို နိုင်ငံအချို့က ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကြေညာခဲ့သည်။
ရုရှားနိုင်ငံကမူ ဗင်နီဇွဲလား အတိုက်အခံများ အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မှုကို ဝန်ခံရန် တိုက်တွန်းခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ၏ တည်ငြိမ်ရေးကို ဖျက်ဆီးရန် ကြိုးပမ်းနေသည့် တတိယနိုင်ငံများကို ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် (Dmitry Peskov) က သတိပေးခဲ့သည်။
Source: Sputnik
- By CNI
- Category: နိုင်ငံရေး
- Hits: 2139
CNI International News
ဘန်ကောက်၊ သြဂုတ် ၁၉
ထိုင်းဘုရင်သည် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန်ရှင်နာဝပ်ကို ဝန်ကြီးချုပ်အဖြစ် သြဂုတ် ၁၈ ရက်တွင် အတည်ပြု ထောက်ခံပေးခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ပေတုန်တန်သည် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက်ဝန်ကြီးချုပ်အဖြစ် တရားဝင်ဖြစ်လာခဲ့သည်။
ဘန်ကောက်မြို့တော်ရှိ ဖြူးထိုင်းပါတီဌာန၏ ရုံးခန်းတည်ရှိသည့် Voice Space အဆောက်အအုံတွင် ပြုလုပ်သော အခမ်းအနား၌ အောက်လွှတ်တော် အတွင်းရေးမှူးချုပ် အာပတ် ဆူခါနွတ် (Arpath Sukhanunth) က ထိုင်းဘုရင် ၏ တော်ဝင်အတည်ပြု ထောက်ခံစာကို ဖတ်ကြားခဲ့သည်။
သြဂုတ် ၁၇ ရက်က ဘုရင်၏ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ်မှ အလုံးစုံလွတ်မြောက်သွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) နှင့် ဖြူးထိုင်းပါတီ၏ ထိပ်သီးတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ထိုအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ပေတုန်တန်နဲ့ ဖခင် သက်ဆင်ကို တွေ့ရစဉ်
တော်ဝင်အတည်ပြု ခန့်အပ်လွှာကို ဖတ်ကြားပြီးနောက် ဝန်ကြီးချုပ်သစ် ဖြစ်လာသည့် ပေတုန်တန်က ဘုရင့်၏ တော်ဝင်အတည်ပြု ခန့်အပ်ခံရမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားများ ကို သစ္စာစောင့်သိပြီး ရိုးသားစွာဖြင့် အစွမ်းကုန် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့ သည်။
ထို့ပြင် ကျန်ရှိနေသည့် ဝန်ကြီးချုပ်သက်တမ်း သုံးနှစ်တာ ကာလအတွင်း လွှတ်တော်အမတ်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံး၏ အတွေးအမြင်များ၊ သဘောထားများကို နားထောင်သွားမည်ဖြစ်ကြောင်း လည်း ပေတုန်တန်က ပြောကြားခဲ့သည်။
ထိုင်းပြည်သူများ အားလုံးအတွက် အခွင့်အလမ်းများနှင့် သာတူညီမျှမှုများကို ဖော်ဆောင်ရန် ကြီးမားသည့် တာဝန် ကို ဝန်ကြီးချုပ် တစ်ဦးတည်းဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ထိုင်းလူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများကို ရယူလိုကြောင်း ပေတုန်တန်က မေတ္တာရပ်ခံခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
အခမ်းအနား ပြုလုပ်သည့် Voice Space အဆောက်အအုံတွင် ပေတုန်တန်သည် ဝန်ကြီးချုပ်၏ တရားဝင် ယူနီဖောင်းဖြစ်သည့် အဖြူရောင်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဖြူးထိုင်းပါတီ၏ အဓိကအရာရှိများလည်း တရားဝင် ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။
ထို့နောက် ပေတုန်တန်၏ ဖခင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အခြားမိသားစုများလည်း အခမ်းအနား ကို တက်ရောက်လာခဲ့ပြီး သက်ဆင်က သူ့သမီးဖြစ်သူ ပေတုန်တန်အတွက် ဂုဏ်ယူမိကြောင်းနှင့် ပျော်ရွှင်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် အာဏာရညွန့်ပေါင်းပါတီများမှ အဓိက တာဝန်ရှိသူများကလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်သစ် ပေတုန်တန်ကို ဆုမွန်ကောင်း တောင်းခဲ့ကြသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1672
CNI International News
ဘေကျင်း၊ ဩဂုတ် ၁၇
အမေရိကန်နှင့် ဂျပန်အကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ကြောင်း ကြေညာရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးသီတင်းပတ်အတွင်း ဂျပန်နိုင်ငံ တိုကျို (Tokyo) မြို့တော်တွင် အမေရိကန်နှင့် ဂျပန် နိုင်ငံခြား ရေးဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံမှုကို ဒေါသတကြီး စောင့်ကြည့်ခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။
ထိုတွေ့ဆုံမှုတွင် အမေရိကန်အစိုးရက ဂျပန်ရှိ ၎င်း၏ စစ်တပ်ကွပ်ကဲရေးဌာနကို ပူးတွဲတပ်ဖွဲ့ဌာနချုပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။
ထိုဌာနချုပ်သည် ဂျပန်စစ်တပ်၏ အသစ်တည်ထောင်ခဲ့သည့် ပူးတွဲစစ်ဆင်ရေးဌာနနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ တရုတ်ကို ဝေဖန်ထားသော ပူးတွဲ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ သည်။
ထို့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေမှုအား ချက်ချင်း ရပ်တန့်ရန်၊ ထိပ်တိုက်တွေ့မည့် အခြေအနေ ဖန်တီးနေမှုကို ရပ်တန့်ရန်၊ စစ်အေးတိုက်ပွဲအသစ် ဖန်တီးနေခြင်း အား ရပ်တန့်ရန် အမေရိကန်နှင့် ဂျပန်ကို တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဂျပန်အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်အတွက် ၎င်း၏ အာရှမဟာမိတ် ဖြစ်သည့် ဂျပန်၏ လိုအင်ဆန္ဒများကို တားဆီးနိုင်စွမ်းမရှိသော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။
တရုတ်သည် ၎င်း၏ အလိုဆန္ဒများအတိုင်း ဂျပန်က လိုက်လျောစေရန် ကြိုးပမ်းခဲ့သည်။
ပထမအချက်မှာ ဂျပန်အနေဖြင့် အခြားအစိုးရများနှင့်အတူ တရုတ်နှင့် တရုတ်၏ မူဝါဒများကို ဝေဖန်ခြင်း မရှိစေရန် တရုတ်အစိုးရက လိုလားသည်။

ဂျပန်နဲ့ တရုတ်အလံကို တွေ့ရစဉ်
ဒုတိယအချက်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၏ ကြီးမားသည့် အပြစ်များကြောင့် နိုင်ငံတကာက ဂျပန်ကို ဒေသတွင်း အရေးမပါသည့် ကဏ္ဍတွင်ထားရှိစေရန် တရုတ်က လိုလားသည်။
တတိယအချက်မှာ ဂျပန်အနေဖြင့် နယ်နိမိတ် အငြင်းပွားမှုများတွင် တရုတ်၏ ကြေညာချက်အားလုံးကို လိုက်လျောစေရန် တရုတ်က လိုလားသည်။
စတုတ္ထအချက်မှာ ဂျပန်၏ စစ်တပ်အင်အား အားနည်းစေရန်၊ အမေရိကန်နှင့် ပူးပေါင်းခြင်း မရှိစေရန်နှင့် ဒေသတွင်း တရုတ်ကို စိန်ခေါ်နိုင်စွမ်း မရှိသည့်အခြေအနေကို တရုတ်က လိုလားသည်။
နောက်ဆုံးအချက်မှာ ဂျပန်အနေဖြင့် တရုတ်ကို အဆင့်မြင့်န ည်းပညာများနှင့် ကျွမ်းကျင်ပညာရပ်များ ထောက်ပံ့ပေးရန်၊ တရုတ်၏ နည်းပညာကဏ္ဍကို ကူညီပေးစေရန် တရုတ်က လိုလားသည်။
သို့သော်လည်း ဂျပန်သည် တရုတ်၏ လိုအင်ဆန္ဒများအတိုင်း လိုက်လုပ်ခြင်းမရှိဘဲ ထိုလိုအင်ဆန္ဒများနှင့် ဆန့်ကျင်ဘက် လမ်းကြောင်းကိုသာ လျှောက်လှမ်းနေသဖြင့် တရုတ်က ဂျပန်အပေါ် ဒေါသထွက်နေခြင်း ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 2384
CNI International News
မွမ်ဘိုင်း၊ သြဂုတ် ၁၇
အိန္ဒိယတွင် မကြာသေးမီက အမျိုးသမီးဆရာဝန်တစ်ဦး အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်ကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယဆရာဝန်များအသင်းက နိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသော ဆရာဝန်များကို ဆန္ဒပြမှုများပြုလုပ်ရန်နှင့် မဖြစ်မနေကုသရမည့် ရောဂါများကိုသာ ကုသပေးရန် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တား (Kolkata) မြို့ရှိ ဆေးပညာကောလိပ်တွင် အလုပ်လုပ်နေသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် သွေးစွန်းနေသည့် မွေ့ယာပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သီတင်းတစ်ပတ်ကြာသည့် အချိန်အထိ ထိုအမှုနှင့်ပတ်သက်ပြီး လူထုက ဒေါသထွက်နေကြခြင်းဖြစ်သည်။
သေဆုံးခဲ့သည့် ဆရာဝန်သည် အလုပ်ချိန် ၃၆ နာရီ အဆိုင်းကို တာဝန်ကျခဲ့ပြီး နာရီ ၂၀ နီးပါးကြာ အလုပ်လုပ်ခဲ့ ပြီးနောက် ကောလိပ်၏ စာသင်ခန်းကျယ်တစ်ခုအတွင်းရှိ ကောဇောပေါ်တွင် တရေးတမော အနားယူအိပ်စက် ခဲ့ကြောင်း R G Kar Medical College မှ ဝန်ထမ်းတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုကဲ့သို့ အမျိုးသမီးများကို ဆန့်ကျင်သည့် အကြမ်းဖက်မှုများ မြင့်တက်လာမှုအား တားဆီးရန် တင်းကြပ်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အတွက် ဆရာဝန်များနှင့် အမျိုးသမီးအခွင့်အရေးအဖွဲ့များက ဦးဆောင်ပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်
"ဒီအချိန်မှာ စိတ်ခံစားမှုတွေက ပြောင်းလဲသွားပါပြီ။ ဒီနိုင်ငံရဲ့ ဆရာဝန်လောကမှာ အမျိုးသမီးတွေက အများစု ဖြစ်ပါတယ်။ သူတို့အတွက် ဘေးကင်းလုံခြုံမှုရှိစေဖို့ တောင်းဆိုသွားမှာပါ" ဟု အဖွဲ့ဝင် အင်အား ၄၀၀,၀၀၀ ရှိ သည့် အိန္ဒိယဆေးပညာအသင်း (IMA)၏ ဥက္ကဋ္ဌ အာရ်ဗွီ အဆိုကန် (R V Asokan) က ပြောကြားခဲ့သည်။
သြဂုတ် ၁၇ ရက်မှစပြီး အရေးပေါ် ကုသရေးဌာနများမှလွဲ၍ ကျန်သည့် ဆေးကုသရေးဝန်ဆောင်မှုများအားလုံးကို ပိတ်ပစ်ရန် နိုင်ငံအတွင်းရှိ ဆရာဝန်များအား IMA က သြဂုတ် ၁၂ ရက် နှောင်းပိုင်းတွင် တိုက်တွန်းခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Narendra Modi)၏ အာဏာရ BJP ပါတီ အပါအဝင် နိုင်ငံရေးပါတီများကလည်း ဆန္ဒပြမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူများကိုတွေ့ရစဉ်
ဘောလီးဝုဒ် သရုပ်ဆောင်များ၊ အခြားထင်ရှား ကျော်ကြားသူများနှင့် နိုင်ငံရေးသမားများကမူ ထိုရာဇဝတ်မှုကို ထိတ်လန့်တုန်လှုပ်ကြောင်း ပြောကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ပြင်းထန်စွာ အပြစ်ပေးရန် တိုက်တွန်းခဲ့ သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံရဲအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကို ဆေးရုံတင်ရာတွင် ကူညီဆောင်ရွက် ပေးရသည့် လစာနည်းပါးသော စေတနာ့ဝန်ထမ်းရဲတပ်ဖွဲ့ အကူတစ်ဦးကို ဖမ်းဆီး၍ တရားစွဲဆိုထားသော်လည်း ဆန္ဒပြသူများကမူ ထိုလုပ်ဆောင်မှုသည် လုံလောက်ခြင်း မရှိကြောင်း၊ ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆို နေကြသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 5764
CNI International News
ဘန်ကောက်၊ ဩဂုတ် ၁၇
ထိုင်းလွှတ်တော်သည် ဩဂုတ် ၁၇ ရက်က ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သဖြင့် ပေတုန်တန် သည် ၎င်း၏ဖခင် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) နှင့် အဒေါ်ဖြစ်သူ (Yingluck
Shhinawatra) တို့ ပြီးလျှင် ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့သည့် တတိယမြောက် ရှင်နာဝပ် မိသားစုဝင် ဖြစ်လာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် ယခုသီတင်းပတ်အတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့သည့် ဆရီသာ သာဗီဆင် (Srettha Thavisin) နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။
သူသည် ဝန်ကြီးချုပ်ရာထူး နေရာအတွက် အမည်စာရင်း တင်သွင်းခံရသည့် တစ်ဦးတည်းသော ကိုယ်စားလှယ် လောင်းဖြစ်ပြီး လွှတ်တော်တွင် ၎င်းအား မဲပေးရွေးချယ်ရာတွင် ထောက်ခံမဲ ၃၁၉ မဲ၊ ဆန့်ကျင်မဲ ၁၄၅ မဲရရှိခဲ့ သည်။

ပေတုန်တန်နဲ့ သက်ဆင်ကိုတွေ့ရစဉ်
ပေတုန်တန်အနေဖြင့် ဝန်ကြီးချုပ် နေရာအတွက် ထောက်ခံမဲ ၂၄၈ မဲ ရရှိရန်လိုအပ်သဖြင့် လိုအပ်သည့် မဲအရေ အတွက်ထက် ပိုမိုရရှိခဲ့ခြင်းလည်းဖြစ်သည်။
အမည်ပြောင် အွန်အင် (Ung Ing) ဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ပေတုန်တန်သည် ထိုင်း၏ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သလို ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သည်။
ပေတုန်တန်သည် သက်ဆင်နှင့် ခွန်ယင်း ပေါ့ဂျာမန် နာ ပွန်ဘီရာ (Khunying Potjaman Na Pombejra) တို့၏ တတိယမြောက် သားသမီးဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကာလအတွင်း ၎င်း၏ ဒုတိယမြောက်ရင်သွေးကို မွေးဖွားခဲ့သည်။

ပေတုန်တန်နဲ့ သူ၏ ရင်သွေးကို တွေ့ရစဉ်
ပေတုန်တန်သည် ပါတီခေါင်းဆောင် တစ်ဦးသာဖြစ်ပြီး လွှတ်တော်အမတ် မဟုတ်သဖြင့် မဲခွဲဆုံးဖြတ်ချိန်တွင် လွှတ်တော်ထဲ၌ ရှိမနေခဲ့ဘဲ မဲခွဲဆုံးဖြတ်မှုကို Voice TV ရုပ်သံဌာနမှတစ်ဆင့် ကြည့်ရှုခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၁၅ ရက် ညပိုင်းတွင် ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းပါတီ ၉ ခုသည် ပေတုန်တန်အား ဝန်ကြီးချုပ်နေရာအတွက် အဆိုပြု တင်သွင်းခဲ့ချိန်ကတည်းက သူသည် ဝန်ကြီးချုပ်ဖြစ်ရန် သေချာသလောက် ဖြစ်ခဲ့သည်။
ညွန့်ပေါင်းပါတီ ခေါင်းဆောင်များက ပေတုန်တန်ကို ထောက်ခံကြောင်း တညီတညွတ်တည်း ပြောကြားခဲ့ကြပြီး ပေတုန်တန်နှင့် ယှဉ်ပြိုင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများကို အမည်စာရင်း တင်သွင်းမည် မဟုတ် ကြောင်း အတည်ပြုခဲ့သည်။
Source: Thai PBS World
