CNI International News

ဒူဘိုင်း၊ ဩဂုတ် ၂၀

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် (Mohammed bin Salman) သည် ယီမင်ရှိ ဟူရ်သီသူပုန် များကို စစ်ပွဲဆင်နွှဲကြောင်း ကြေညာချက်ကို ထုတ်ပြန်ချိန်တွင် ဖခင်ဖြစ်သည့် ဘုရင်ကြီး ဆယ်လ်မန် (King Salman) ၏ လက်မှတ်ကို အတုထိုးခဲ့ပြီး တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့သည်ဟု ဆော်ဒီအရာရှိဟောင်း တစ်ဦးက စွပ်စွဲခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ဆော်ဒီထောက်လှမ်းရေးအရာရှိဟောင်း ဆာအက် အယ် ဂျာဘရီ (Saad al-Jabri) သည် ဩဂုတ် ၁၉ ရက်က ဘီဘီစီ သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီ အာဏာပိုင်များကမူ ထိုအကြောင်းအရာကို ချက်ချင်းမှတ်ချက် မပေးခဲ့သော်လည်း အယ်ဂျာဘရီကို ဆော်ဒီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရာရှိဟောင်းအဖြစ် သုံးနှုန်းဖော်ပြခဲ့သည်။

အယ်ဂျာဘရီသည် လက်ရှိတွင် ပြည်ပြေးဘဝဖြင့် ကနေဒါနိုင်ငံတွင် နေထိုင်လျှက်ရှိပြီး ဆော်ဒီအစိုးရသည် ဆော်ဒီ၌ရှိနေသည့် ၎င်း၏ ကလေးနှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဘုရင်ကြီး ဆယ်လ်မန်ကို တွေ့ရစဉ်

ထို့နောက် အယ်ဂျာဘရီနှင့် ဆော်ဒီအစိုးရအကြား နှစ်ပေါင်းများစွာကြာ သဘောထား ကွဲလွဲမှုများဖြစ်ပွားခဲ့ပြီး သူ့ကလေး ၂ ဦးကို ထောင်ဒဏ်ချမှတ်မှုသည် သူ့အား ဆော်ဒီသို့ ပြန်လာစေရန် ဖိအားပေးခြင်းဖြစ်ကြောင်း အယ်လ်ဂျာဘရီက ပြောကြားခဲ့သည်။

အိမ်ရှေ့မင်းသား မိုဟာမက်သည် သူ့ဖခင်ဖြစ်သည့် ဘုရင်ကြီးဆယ်လ်မန် (၈၈ နှစ်) ကိုယ်စား ပြည်တွင်း/ပြည်ပ ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံနေပြီး ဆော်ဒီအာရေဗျနိုင်ငံကို အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်နေ ချိန်တွင် ထိုစွပ်စွဲချက်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အယ်ဂျာဘရီကမူ အိမ်ရှေ့မင်းသား မိုဟာမက်သည် ယီမင်တွင် စစ်ပွဲကြေညာသည့် တော်ဝင်အမိန့် ပြန်တမ်း ထုတ်ပြန်ချိန်တွင် သူ့ဖခင်၏ လက်မှတ်ကို ကိုယ်စားထိုးခဲ့ခြင်းဖြစ်ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနမှ ခိုင်လုံ သည့် သတင်းအရင်းအမြစ်တစ်ခုက အတည်ပြုခဲ့သည်ဟု ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

"ယီမင်မှာ စစ်ပွဲဆင်နွှဲခွင့်ပြုတဲ့ တော်ဝင်အမိန့်ပြန်တမ်း ထွက်လာတုန်းက ကျနော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ သူက တော်ဝင်အမိန့် ပြန်တမ်းအတွက် သူ့ဖခင်ရဲ့ လက်မှတ်ကို အတုထိုးခဲ့ပါတယ်။ ဘုရင်ကြီးရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကတော့ ယိုယွင်းလာခဲ့ပါတယ်" ဟု အယ်ဂျာဘရီက ပြောကြားခဲ့သည်။

ယီမင်စစ်ပွဲ နယ်မြေကိုတွေ့ရစဉ်

ဆော်ဒီအာရေဗျသည် ယီမင်စစ်ပွဲအတွင်း အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟူရ်သီသူပုန်အဖွဲ့ကို တိုက်ခိုက်သည့် အာရပ်ညွန့်ပေါင်းတပ်ဖွဲ့ကို ဦးဆောင်၍ တိုက်ခိုက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်စုနီးပါး ကြာမြင့် လာခဲ့ပြီဖြစ်သည်။

ထိုအချိန်က အိမ်ရှေ့မင်းသား မိုဟာမက်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး ဟူရ်သီသူပုန်များကို တိုက်ခိုက်မည်ဆိုသည့် ကတိကဝတ်များနှင့်အတူ စစ်ပွဲကြေညာကာ အမှန်တကယ် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အယ်ဂျာဘရီသည် တစ်ချိန်က ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ် (Mohammed bin Nayef) ၏ တာဝန်ထမ်းဆောင်ပေးခဲ့သူဖြစ်သည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ဘုရင်ကြီးဆယ်လ်မန်က နာယက်ဖ်၏ အိမ်ရှေ့စံနေရာကို သားဖြစ်သူ မိုဟာမက်ထံ လွှဲပြောင်းပေးအပ်ခဲ့ကာ နာယက်ဖ်သည် လက်ရှိတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်ဟု ယူဆခံထားရသည်။

Source: အေပီ