- By CNI
- Category: နိုင်ငံရေး
- Hits: 2876
CNI International News
ဘန်ကောက်၊ ဩဂုတ် ၁၆
ရာထူးမှဖယ်ရှားခြင်းခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ နေရာကို အစားထိုး ရန်အတွက် သက်ဆင်၏ သမီးဖြစ်သူ ပေတုန်တန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်လိုက်ကြောင်း ဖြူးထိုင်းပါတီ က ကြေညာခဲ့သည်။
ပေတုန်တန်နှင့် ချိုင်ကာဆမ်တို့ နှစ်ဦးထဲမှ တစ်ဦးကို ထိုင်းဝန်ကြီးချုပ်အသစ် ခန့်အပ်ရေးအတွက် ဖြူးထိုင်းပါတီ အတွင်း ဩဂုတ် ၁၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
အာဏာရ ဖြူးထိုင်းပါတီမှ လွှတ်တော်အမတ်အချို့သည် ပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်တင်သွင်းခဲ့သည်။

ပေတုန်တန်၊ ဆရီသာ၊ ချိုင်ကာဆမ်ကို တွေ့ရစဉ်
လွှတ်တော်သည်လည်း ဆရီသာ၏ နေရာကို အစားထိုးမည့် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရန် ဩဂုတ် ၁၆ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။
ပေတုန်တန်ကို ဝန်ကြီးချုပ်ရာထူးနေရာ လျာထားမှုသည် ဩဂုတ် ၁၅ ရက် ညပိုင်းက သက်ဆင် (Thaksin Shinawatra)၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြသည့် ပါတီတာဝန်ရှိသူများ၏ သဘောတူညီချက်နှင့် ကွဲလွဲနေလိမ့်မည် ဖြစ်သည်။
ပါတီတာဝန်ရှိသူများက ချိုင်ကာဆမ် နိတိသီရိ (Chaikasem Nitisiri) ကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း အဖြစ် အဆိုပြုရန် ဆန္ဒရှိနေကြသည်။
Source: Thai PBS World
- By CNI
- Category: နိုင်ငံရေး
- Hits: 3011
CNI International News
အက်ရှ်ဗေးလ်၊ ဩဂုတ် ၁၆
အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် ဩဂုတ် ၁၄ ရက်က မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ်၊ အက်ရှ်ဗေးလ် (Asheville) မြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌ ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris) ၏ မူဝါဒများနှင့် ပုဂ္ဂိုလ်ရေးများကို ဝေဖန်ထိုးနှက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်၏ မဟာမိတ်များ၊ အလှူရှင်များနှင့် အကြံပေးများကမူ အမေရိကန်ဒုတိယသမ္မတ ဟားရစ်၏ ဉာဏ်ရည် ဉာဏ်သွေးကို ဝေဖန်တိုက်ခိုက်နေမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကာ ထရမ့်အနေဖြင့် ဟားရစ်၏ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း အောင်မြင်ခြင်း မရှိခဲ့သည့် မူဝါဒများကို ထောက်ပြပြီး ဝေဖန်ထိုးနှက်မှု ကိုသာ အာရုံစိုက်ရန် အကြံပြုခဲ့သည်။
ထရမ့်သည် ထိုမဲဆွယ်စည်းရုံးပွဲတွင် ဟားရစ်၏ လူမျိုးရေးနှင့် မူဝါဒများအကြောင်းကို ယခင်မဲဆွယ်စည်းရုံးပွဲများ ထက် ပိုပြီး အသေးစိတ် ပြောကြားခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်
သို့သော် ထရမ့်သည် ဟားရစ်၏ ပုဂ္ဂိုလ်ရေးကို အဆက်မပြတ် ဝေဖန်ထိုးနှက်ခဲ့ပြီး ဟားရစ်ကို "ရူးနှမ်းသူ" ဟု ပြောဆိုသုံးနှုန်းခဲ့ကာ ဟားရစ်၏ ရီမောသံသည် အလွန်ဆိုးရွားကြောင်း၊ ပြဿနာများနှင့် ရင်ဆိုင်နေရသူများ သည်သာ ထိုကဲ့သို့ ရီမောလေ့ရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက သမ္မတဂျိုးဘိုင်ဒန် (Joe Biden) သည် အမေရိကန်သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့ ပြီးနောက် ဟားရစ်သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ပေါ်ထွက်လာခဲ့ပြီး ကတည်းက ရွေးကောက်ပွဲ ပြိုင်ပွဲလမ်းကြောင်းသည် သိသာစွာ ပြောင်းလဲသွားခဲ့သည်။
ရွေးကောက်ပွဲအကြို လူထုဆန္ဒကောက်ယူသည့် စစ်တမ်းများတွင် ဟားရစ်သည် ထရမ့်နှင့် လူထုထောက်ခံမှုနှုန်း ကွာဟချက်ကို ကျဉ်းမြောင်းစေရန် ကြိုးပမ်းခဲ့ပြီး အချို့စစ်တမ်းများတွင်မူ ထရမ့်ထက်ပင် လူကြိုက်များမှု ပိုမို များပြားနေသည်။
ဟားရစ်၏ လူကြိုက်များမှု မြင့်တက်လာခြင်းကို ထရမ့်က ဝေဖန်ထိုးနှက်မှုများဖြင့် တုန့်ပြန်ခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဟားရစ်၏ မိခင်သည် အိန္ဒိယသူဖြစ်ပြီး ဖခင်သည် ဂျမေကာနိုင်ငံသားဖြစ်သဖြင့် လူမည်းတစ်ဦး၏ လက္ခဏာ အဖြစ် ထရမ့်က သွယ်ဝိုက်ပြောဆိုခဲ့သည်။
ထရမ့်၏ မဟာမိတ်အချိုကမူ ထိုကဲ့သို့ ပြောဆိုမှုများသည် ထရမ့်၏ မဲဆွယ်စည်းရုံးမှုကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
"ပုဂ္ဂိုလ်ရေးအရပြောရရင် ကာမယ်လာရဲ့ လူမျိုးရေး လက္ခဏာနဲပတ်သက်ပြီး ကျနော့်အတွက် ဘာမှ ထူးထူး ခြားခြား မရှိပါဘူး" ဟု ဇူလိုင်လကုန်က ထရမ့်၏ တွဲဖက်ကိုယ်စားလှယ်လောင်း ဂျေဒီ ဗန့်စ် (JD Vance) ကို ရွေးချယ်သည့် အခမ်းအနားကို လက်ခံကျင်းပပေးခဲ့သည့် အဓိက ရီပတ်ဘလစ်ကန် အလှူရှင် ဘီလ်ဘင်း (Bill Bean) က ပြောကြားခဲ့သည်။
မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲ၌ ထရမ့်က ဟားရစ်၏ ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်ခဲ့ပြီးနောက် ၎င်း၏ ကိုယ်ပိုင် မူဝါဒများကို ထုတ်ဖော်ပြောဆိုခဲ့သည်။
သမ္မတအဖြစ် ရွေးကောက်ခံရပါက ၁၂ လမှ ၁၈ လအတွင်း စွမ်းအင်နှင့် မီတာခများကို လျှော့ချပေးသွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 4737
CNI International News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅
ဘင်္ဂလားဒေ့ရှ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မူဟာမက် ယူနွတ် (Muhammad Yunus) သည် လူ ၁၇ ဦး ပါဝင်သည့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဦးဆောင်သူ ဖြစ်လာခဲ့သည်။
ထိုကြားဖြတ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ (Sheikh Hasina) ကို ရာထူးမှ နုတ်ထွက်စေခဲ့ သည့် ဆန္ဒပြမှုကို ဦးဆောင်သော ကျောင်းသားခေါင်းဆောင် နှစ်ဦး၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာနှစ်ဦး၊ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ဦး၊ စစ်ဗိုလ်ချုပ် တစ်ဦးနှင့် ယခင်အစိုးရအဖွဲ့ထဲမှ တာဝန်ထမ်းဆောင်နေသူအချို့ ပါဝင်ခဲ့သည်။
ယူနွတ်ကို စစ်တကောင်းမြို့(Chittagong) အနီးရှိ ကျေးရွာတစ်ရွာတွင် ၁၉၄၀ ခုနှစ်က မွေးဖွားလာခဲ့ခြင်းဖြစ်ကာ မွေးချင်း ၉ ဦးတွင် တတိယမြောက် ဖြစ်သည်။
သူသည် ၁၉၆၁ ခုနှစ်တွင် ဒါကာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
ထို့နောက် စီးပွားရေးပညာရပ်တွင် ၎င်း၏ Ph.D ဘွဲ့အတွက် Fullbright ပညာသင်ဆုဖြင့် ၁၉၆၅ ခုနှစ်၌ အမေရိကန်နိုင်ငံ၊ ဗန်ဒါဘေ့ဒ် (Vanderbilt) တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ကာ ၁၉၆၉ ခုနှစ်မှာ ပြီးဆုံးခဲ့သည်။

ရှိတ်ဟာစီနာကို တွေ့ရစဉ်
သူသည် အမေရိကန် တန်နက်က်ဆီ (Tennessee) ပြည်နယ်၊ မစ်ဒယ်တန်နက်ဆီပြည်နယ် တက္ကသိုလ် (Middle Tennessee State University) တွင် လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်လာခဲ့သည်။
၁၉၇၁ ခုနှစ်က ပါကစ္စတန်စစ်တပ်ကို ဆန့်ကျင်သည့် ခွဲထွက်ရေးစစ်ပွဲအတွင်း ယူနွတ်သည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည်။
သူသည် အမေရိကန်နိုင်ငံ၊ နက်ရှ်ဗေးလ် (Nashville) မြို့တွင် အရပ်ဖက်ကော်မတီတစ်ရပ် တည်ထောင်ကာ ပါကစ္စတန်အား စစ်ဘက်ဆိုင်ရာ အကူအညီပေးမှုကို ရပ်တန့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် သတင်းအချက်အလက် စင်တာတစ်ခု ထားရှိရန် ကူညီခဲ့သည်။
ထိုစင်တာသည် အမေရိကန်လွှတ်တော်ကို စည်းရုံးရေးဆင်းရန်အတွက် ထားခြင်းဖြစ်သည်။
ယူနွတ်သည် ဆင်းရဲချို့တဲ့သော ကျေးရွာများတွင် အသေးစား ငွေချေးမှုတစ်ရပ်ကို စီစဉ်ပေးခြင်းဖြင့် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ရပ်ကို ဖန်တီးပေးနိုင်ခဲ့သည်။
Ref: Wikipedia
- By CNI
- Category: နိုင်ငံရေး
- Hits: 1845
CNI International News
ကဘူး၊ ဩဂုတ် ၁၅
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်ခဲ့သည်မှာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် တာလီဘန်တို့သည် သူပုန်ဘဝမှ အာဏာပိုင်ဘဝအဖြစ် အသွင်ကူးပြောင်းခဲ့သည်။
ထို့နောက် နိုင်ငံအတွင်း အစ္စလာမ်မစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန် ကြိုးပမ်းနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တာလီဘန်တို့၏ အုပ်ချုပ်မှုကို ပြည်တွင်းစိန်ခေါ်မှုများ မရှိသကဲ့သို့ ပြည်ပနိုင်ငံများကလည်း တာလီဘန်တို့ကို ထောက်ပံ့ပေးရန် စိတ်ဝင်စားပုံ မပေါ်ကြပေ။
ထို့ကြောင့် တာလီဘန်တို့ အာဏာပြန်ရလာမှုနှင့်ပတ်သက်ပြီး သိရှိရမည့်အချက် ၅ ချက်ကို အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
အုပ်ချုပ်မှုပုံစံ
************
တာလီဘန်အဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သည့် ဟိုင်ဘာတူလာ အက်ခွန်ဇာဒါ (Hibatullah Akhundzada) သည် ပိရမစ်ပုံစံရှိသည့် အုပ်ချုပ်မှုစနစ်တွင် အမြင့်ဆုံးနေရာ၌ ရှိနေသည်။
တာလီဘန်အဖွဲ့၏ မူဝါဒအားလုံးကို အက်ခွန်ဇာဒါက ချမှတ်ခြင်းဖြစ်ပြီး ကျန်သည့် တာလီဘန်တစ်ဖွဲ့လုံးက လိုက်နာရသည်။
ဗလီများနှင့် ဘာသာရေး ခေါင်းဆောင်များသည်လည်း အက်ခွန်ဇာဒါအောက်တွင် အရေးကြီးသည့် နေရာ၌ ရှိနေသည်။
တစ်နည်းဆိုရပါက တာလီဘန်အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ရှိသူများသည် အက်ခွန်ဇာဒါနှင့် ဘာသာရေး ဆရာများ၏ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ပေးရခြင်းဖြစ်သည်ဟု Crisis Group ၏ တောင်အာရှ အစီအစဥ်မှ ကျွမ်းကျင်သူ အီဘရာဟင် ဘာဟစ် (Ibraheem Bahiss) ကပြောကြားခဲ့သည်။

တာလီဘန်နဲ့ အမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်
ရာထူးခန့်အပ်မှုများ
*****************
ယခု တာလီဘန် အစိုးရအဖွဲ့သည် မျက်မှောက်ခေတ် အာဖဂန်နစ္စတန်တွင် အင်အားအတောင့်တင်းဆုံး အစိုးရ ဖြစ်ပြီး ကျေးရွာအဆင့်အထိပင် အမိန့်ပြန်တမ်းများကို ထုတ်နိုင်သည်ဟု ဘာဟစ်က ပြောသည်။
ပြည်သူ့ဝန်ထမ်းများသည် ၎င်းတို့အုပ်ချုပ်သည့် ရာထူးနေရာများနှင့် ကိုက်ညီသည့် ပညာအရည်အချင်းနှင့် အတွေ့အကြုံများရှိသည်ဟု ထင်ရသည်။
သို့သော် တာလီဘန် ဦးဆောင်သည့် ပြည်သူ့ဝန်ထမ်းများသည် ၎င်းတို့ ကိုင်တွယ်ရသည့် ဌာနများနှင့်ပတ်သက်ပြီး ကိုက်ညီသည့် ဗဟုသုတမရှိဘဲ ဘာသာရေးအဆုံးအမကိုသာ အားကိုးအားထား ပြုနေသည်ဟု အရှေ့အလယ်ပိုင်း အင်စတီကျု၏ ပညာရှင် ဂျာဗစ် အာမက် (Javid Ahmad) က ပြောကြားခဲ့သည်။
စီးပွားရေးအခြေအနေ
*********************
အာဖဂန်နစ္စတန်၏ စီးပွားရေးမှာ အားအင်ချိနဲ့နေပြီး ၂၀၁၃ ခုနှစ်တွင် ပြည်ပ၏ ကူညီထောက်ပံ့မှုများသည် နိုင်ငံ့ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။
လွန်ခဲ့သည့် ၃ နှစ်အတွင်း ကုလသမဂ္ဂသည် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များမှတစ်ဆင့် အာဖဂန်ကို ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ထောက်ပံ့ခဲ့သည်။
အမေရိကန်သည် အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး တာလီဘန်တို့ အာဏာရလာကတည်းက အကူအညီ ဒေါ်လာ ၃ ဘီလျံကျော် ထောက်ပံ့ခဲ့သည်။

တာလီဘန်ခေါင်းဆောင်တွေကို တွေ့ရစဉ်
နိုင်ငံတကာဆက်ဆံရေး
**********************
အာဖဂန်နစ္စတန်သည် ကြီးမားသည့် အိမ်နီးချင်းများစွာရှိသည့် သေးငယ်သည့် နိုင်ငံဖြစ်သည်။
လက်ရှိအချိန်အထိ တာလီဘန်အဖွဲ့ကို အာဖဂန်နစ္စတန်၏ တရားဝင်အစိုးရအဖြစ် မည်သည့်နိုင်ငံကမျှ အသိအမှတ် ပြုမထားသေးပေ။
သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် ရုရှားကို ဆက်ဆံရေးသည် တာလီဘန်အဖွဲ့အတွက် အလွန်အရေးကြီးသည်။
မည်သို့ပင်ဆိုစေ တာလီဘန်တို့ အာဏာပြန်ရလာသည့် အချိန်ကာလ ၃ နှစ် ကြာလာချိန်တွင် ပင်လယ်ကွေ့နိုင်ငံ များသည် တာလီဘန်အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာကြသည်။
လုံခြုံရေးအခြေအနေ
*********************
တာလီဘန်တို့သည် အာဏာပြန်ရလာကတည်းက စစ်ရေးဂိတ်များ ထူထောင်ခြင်း ကျည်ကာကားများနှင့် ကင်းလှည့်ခြင်း၊ သောင်းနှင့်ချီသည့် တိုက်ခိုက်ရေးသမားများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက်ချထားခဲ့သည်။
သို့သော် အာဖဂန်နစ္စတန်တွင် လုံခြုံမှုမရှိသေးဘဲ အထူးသဖြင့် အမျိုးသမီးများနှင့် လူနည်းစုများအတွက် အန္တရာယ်များရှိနေဆဲ ဖြစ်သည်။
ထို့ပြင် မကြာသေးမီက တာလီဘန်အဖွဲ့၏ ရန်ဘက်အဖွဲ့ဖြစ်သည့် အိုင်အက်စ်အဖွဲ့သည် နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 3612
CNI International News
လီမာ၊ ဩဂုတ် ၁၅
ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး၌ သမ္မတ မာဒူရို (Nicolas Maduro) သည် အာဏာဆက်လက် တည်မြဲစေရန်အတွက် စစ်တပ်ခေါင်းဆောင်များအပေါ် မှီခိုနေကြောင်း အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို (Maria Corina Machado) က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့ဖြစ်သည့် CNE သည် ဇူလိုင် ၂၈ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် မာဒူရို ထပ်မံ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
သို့သော် အတိုက်အခံများကတော့ ထိုရွေးကောက်ပွဲတွင် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းဖြစ်သည့် အက်မန်ဒို ဂွန်ဇာလက် (Edmundo Gonzalez) အနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့သလို CNE သည် မာဒူရို၏ သစ္စာခံအဖွဲ့ ဖြစ်ကြောင်း စောဒကတက်ခဲ့သည်။
ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့သည် မဲရေတွက်မှု အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ၎င်း၏ ဝက်ဘ်ဆိုက် ကိုလည်း ဇူလိုင် ၂၉ ရက်ကတည်းက ပိတ်ချခဲ့သည်။

အတိုက်အခံခေါင်းဆောင် မာချာဒိုကိုတွေ့ရစဉ်
အတိုက်အခံများကမူ မဲရေတွက်မှုကို အွန်လိုင်းတွင် တင်ခဲ့ပြီး ဂွန်ဇာလက်သည် မာဒူရိုထက် မဲနှစ်ဆခန့် ပိုမို ရရှိကြောင်း ပြသခဲ့သည်။
ဩဂုတ် ၁၃ ရက်က ကိုလံဘီယာ၊ အီကွေဒေါနှင့် ပီရူးနိုင်ငံများမှ မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် မာချာဒိုက ရွေးကောက်ပွဲရလဒ်အား လေးစားရန် မာဒူရိုကို ဖိအားပေးရန်အတွက် ဩဂုတ် ၁၇ ရက်တွင် ဆန္ဒပြမှုများပြုလုပ်ဖို့ ပြည်တွင်း/ပြည်ပရှိ ဗင်နီဇွဲလား နိုင်ငံသားများ ကို တိုက်တွန်းခဲ့သည်။
"မာဒူရိုက ထိပ်သီးစစ်ခေါင်းဆောင်တွေရဲ့ အကာအကွယ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။ သူတတ်နိုင်တာ အဲဒါပဲရှိပါ တယ်" ဟု မာချာဒိုက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားစစ်တပ်သည် ၂၀၁၃ ခုနှစ်ကတည်းက အာဏာရလာခဲ့သည့် မာဒူရိုကို ကာလကြာရှည် ထောက်ခံပေး ခဲ့ပြီး ရွေးကောက်ပွဲ စတင်ခဲ့ချိန်ကတည်းက စစ်ခေါင်းဆောင်များသည် အစိုးရနှင့် သဘောထားကွဲလွဲသည့် အရိပ်လက္ခဏာများကို ပြသခဲ့ခြင်းမရှိပေ။

ဗင်နီဇွဲလားနိုင်ငံမှာ မာဒူရိုကို ဆန့်ကျင်နေကြစဉ်
မာချာဒိုသည် မာဒူရိုအား ထောက်ခံခြင်းမပြုရန် စစ်တပ်ကို စာရေးသားပေးပို့ခဲ့ပြီးနောက် လူထုဆူပူအုံကြွမှု ဖြစ်စေရန် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကို သွေးထိုးလှုံ့ဆော်မှုဖြင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရသည်။
"မာဒူရိုဟာ သူ့ရဲ့ ရွေးချယ်မှုတွေကို မှားယွင်းစွာ လေ့လာချိန်ဆခဲ့ပါတယ်။ အာဏာလွှဲပြောင်းရေးရဲ့ သဘော တရားတွေကို လက်ခံဖို့ အကောင်းဆုံး နည်းလမ်းကတော့ သူ့ကို ဖိအားပေးဖို့ လိုပါတယ်။ အဲဒါမှ သူနားလည် လာမှာပါ" ဟု မာချာဒိုက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် ဆန္ဒပြသူများကို အကြမ်းဖက် သည့် ပြစ်မှုကျူးလွန်သူများအဖြစ် ပြောကြားကာ အင်အားသုံးဖြိုခွင်းခဲ့သည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူပေါင်း ၂၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သဖြင့် လူထုသည် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြရန် ကြောက်ရွံ့ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 2984
CNI International News
တိုကျို၊ ဩဂုတ် ၁၅
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ (Fumio Kishida) က စက်တင်ဘာလတွင် ပြုလုပ်မည့် ပါတီခေါင်းဆောင် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ဩဂုတ် ၁၄ ရက်က ကြေညာခဲ့သဖြင့် နောက်ထပ်ဝန်ကြီးချုပ် သစ် ရွေးကောက်တင်မြှောက်ရန် လမ်းကြောင်းပွင့်သွားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကီရှီဒါသည် ၂၀၂၁ ခုနှစ်က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရပြီး ၎င်း၏ သုံးနှစ်သက်တမ်းသည် စက်တင်ဘာတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
LDP သည် လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ထားသဖြင့် လာမည့် စက်တင်ဘာတွင် ပြုလုပ်မည့် ပါတီဥက္ကဋ္ဌ သစ် ရွေးကောက်ပွဲ၌ အနိုင်ရရှိသူသည် ကီရှီဒါ၏ ဝန်ကြီးချုပ်နေရာကို အစားထိုး တာဝန်ယူရမည်ဖြစ်သည်။
အသစ်တက်လာမည့် ဝန်ကြီးချုပ်သည် ပါတီအတွက် ပိုမိုကောင်းမွန်သည့် အပြောင်းအလဲကို ပြသနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ထို့နောက် ကီရှီဒါကလည်း ခေါင်းဆောင်သစ်ကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

ကီရှီဒါကိုတွေ့ရစဉ်
"LDP ပါတီ အသစ် ပြန်လည်ဖွဲ့စည်းမှုကို ပြသဖို့ လိုပါတယ်။ အပြောင်းအလဲတွေကို ပြသဖို့ ပထမဆုံး ခြေလှမ်း ကတော့ ကျနော်ဟာ ဝန်ကြီးချုပ်ရာထူးက အနားယူဖို့ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ပါတီခေါင်းဆောင် ရွေးကောက်ပွဲကို ကျနော်ဝင်ပြိုင်တော့မှာ မဟုတ်ပါဘူး" ဟု ကီရှီဒါက ပြောကြားခဲ့သည်။
မကြာသေးမီက LDP ပါတီ၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများနှင့်အတူ ကီရှီဒါအပေါ် လူထုထောက်ခံမှု နှုန်းသည် ၂၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းခဲ့ကာ ဖိအားများနှင့်ရင်ဆိုင်ခဲ့သည်။
ကီရှီဒါကမူ ခေါင်းဆောင်သစ် ရွေးချယ်ပြီးချိန်တွင် ပါတီဝင်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် လူထု၏ နားလည်မှုကို ရရှိနိုင်သည့် နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
LDP ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသူများထဲတွင် ပါတီအတွင်းရေးမှူးချုပ် တိုရှီမစ်ဆု မိုတီဂီ (Toshimitsu Motegi) ၊ ဒစ်ဂျစ်တယ်ဝန်ကြီး တာရို ကိုနို (Taro Kono) ၊ စီးပွားရေးဝန်ကြီး ဆာနာအီ တာကိုင်ချီ (Sanae Takaichi) နှင့် နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) တို့အပါအဝင် ထိပ်သီး LDP လွှတ်တော်အမတ်များ ပါဝင်နေသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိသူသည် ကီရှီဒါ၏ ပါတီဥက္ကဋ္ဌ နေရာကို အစားထိုး ဝင်ရောက် တာဝန်ယူရမည်ဖြစ်ပြီး လွှတ်တော်တွင် ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု ခန့်အပ်ခံရမည်ဖြစ်သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1194
CNI International News
ဒါကာ၊ ဩဂုတ် ၁၅
ပြီးခဲ့သည့်လက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွင်း သတ်ဖြတ်မှုများနှင့် ရမ်းကားဖျက်ဆီးမှုများ တွင် ပါဝင်သူများကို အရေးယူရန်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ် ဟာစီနာ (Sheikh Hasina) က တောင်းဆိုခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချသည့်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ စတင်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ဟာစီနာကို ဖြုတ်ချရန် တောင်းဆိုသည့် အခြေအနေအထိ အရှိန်မြင့်တက်လာခဲ့သည့် ဆူပူအုံကြွ မှုများအတွင်း လူပေါင်း ၃၀၀ ခန့် သေဆုံးခဲ့သည်။
ဆန္ဒပြမှုများအတွင်း စျေးဆိုင်ပိုင်ရှင်တစ်ဦး သေဆုံးမှုတွင် ဟာစီနာ၏ အခန်းကဏ္ဍ ပါဝင်မှု ရှိ/မရှိ စုံစမ်းစစ်ဆေး ရန် တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟာစီနာ၏ သားဖြစ်သူက သူ့မိခင်၏ တောင်းဆိုချက်ကို X လူမှု မီဒီယာ၌ တင်ခဲ့သည်။
"ဇူလိုင်လအတွင်းက တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူတွေအများကြီး သေဆုံးခဲ့ကြပါတယ်။ ဒီသေဆုံး မှုတွေ၊ ရမ်းကားဖျက်ဆီးမှုတွေအတွက် တာဝန်ရှိတဲ့ နောက်ကွက်က လက်သည်တွေကို စုံစမ်းစစ်ဆေး ဖော်ထုတ် ပြီး အရေးယူဖို့ ကျမ တိုက်တွန်းပါတယ်" ဟု ဟာစီနာက ပြောကြားခဲ့သည်။
ဟာစီနာ၏ အစိုးရအဖွဲ့ဝင် အချို့သည်လည်း ပြစ်မှုဆိုင်ရာ အမှုအခင်းနှင့် ရင်ဆိုင်နေရသည်။

ရှိတ်ဟာစီနာကို ဆန့်ကျင်နေကြသူများကိုတွေ့ရစဉ်
တရားရေးဝန်ကြီးဟောင်း အနီဆူလ် ဟက် (Anisul Huq) နှင့် ဟာစီနာ၏ အကြံပေးပုဂ္ဂိုလ် ဆယ်လ်မန် အက်ဖ် ရာမန် (Salman F Rahman) တို့သည် လူနှစ်ဦးကို သတ်ဖြတ်မှုတွင် အားပေးလှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံထားရ ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ဟာစီနာကို လူသတ်မှုဖြင့် အမ်မီယာ ဟမ်ဇာ (Amir Hamza) အမည်ရှိ ပုဂ္ဂိုလ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အောက်ရုံးတရားသူကြီးက ကြားနာစစ်ဆေးရန် လက်ခံခဲ့ကြောင်း ဟမ်ဇာ၏ ရှေ့နေဖြစ်သူ အန်ဝါရူ အစ္စလာမ် (Anwarul Islam) က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥပဒေအရ ရာဇဝတ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် ပထမဆုံးအဆင့် ဖြစ်သည့် စွပ်စွဲခံပုဂ္ဂိုလ်များကို လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားမှုကို လက်ခံရန် ဒါကာမြို့တော်တရားရုံးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
စတိုးဆိုင်ပိုင်ရှင်တစ်ဦး သတ်ဖြတ်ခံရမှုတွင် လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသူများထဲတွင် ဟာစီနာအပြင် ၎င်းတို့ပါတီဖြစ်သည့် Awami League ပါတီ၏ အတွင်းရေးမှူးချုပ် အိုဘိုင်ဒူကွာဒါ (Obaidul Quader) ၊ ပြည်ထဲရေးဝန်ကြီးဟောင်း အဆာဒူဇာမန် ခန်း ကာမယ် (Asaduzzaman Khan Kamal) နှင့် ရဲအရာရှိ လေးဦးလည်း ပါဝင်ခဲ့သည်။
အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် ဆန္ဒပြမှုများ အရှိန်ပြင်းထန် လာချိန်တွင် ဩဂုတ် ၅ ရက်က ရာထူးမှ နုတ်ထွက်ပြီး ၎င်း၏ အိမ်တော်ကိုစွန့်ခွာကာ အိန္ဒိယသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1570
CNI News
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄
ထိုင်းဝန်ကြီးချုပ် ဆရီသာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ရာထူးမှဖယ်ရှားရန် သြဂုတ် ၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ဝန်ကြီးချုပ် ဆရီသာသည် ရာဇဝတ်မှုဖြင့် စီရင်ချက် ချခံခဲ့ရသူ မစ္စတာပီချစ်ကို အစိုးရအဖွဲ့အတွင်း ရာထူး ခန့်အပ်ခဲ့ခြင်းကြောင့် ကျင့်ဝတ်ချိုးဖောက်သည်ဟုဆိုကာ တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆရီသာကို ရာထူးမှဖယ်ရှားရန် မဲခွဲဆုံးဖြတ်ရာတွင် ၅ မဲအနက် ၄ မဲက သဘောတူကြောင်း မဲပေးခဲ့ခြင်းဖြစ်သည်။
ဆရီသာကို ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံရေးတွင် အကျပ်အတည်းဖြစ်ပေါ် လာနိုင်ကြောင်း သုံးသပ်လျက်ရှိနေသည်။
တခြားတစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အတိုက်အခံပါတီဖြစ်သည့် Move Forward Party(MFP)ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သလို ပါတီခေါင်းဆောင်များကိုလည်း နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ် ပင်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1735
CNI International News
မော်စကို၊ ဩဂုတ် ၁၄
ယူကရိန်းသည် ရုရှားနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်နေပြီး ရုရှား၏ တည်ငြိမ်မှုကို ပျက်ယွင်းစေရန် ကြိုးပမ်းနေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) က ပြောကြားခဲ့သည်။
ထိုတိုက်ခိုက်မှုအတွက် ယူကရိန်းအနေဖြင့် ကြီးကြီးမားမား တုန့်ပြန်ခံရလိမ့်မည်ဟု ပူတင်က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
"ရန်သူတွေဟာ ကျိန်းသေပေါက် ကြီးမားတဲ့တုန့်ပြန်မှုကို ခံရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေအားလုံး ချွင်းချက်မရှိဘဲ အောင်မြင်ပြည့်မြောက် လာပါလိမ့်မယ်" ဟု ပူတင်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရုရှား၏ ကာ့စ် (Kursk) ဒေသ အနောက်ဘက်ပိုင်း နယ်မြေများကို သိမ်းယူခဲ့သည်။
ထိုကျူးကျော် ဝင်ရောက်မှုသည် ယူကရိန်း-ရုရှားစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ယူကရိန်းက ရုရှားနယ်စပ်ကို အကြီးမားဆုံး ဝင်ရောက်တိုက်ခိုက်မှုဖြစ်ခဲ့သည်။

ကာ့ဒ်ဒေသကို တွေ့ရစဉ်
ယူကရိန်းတပ်များ၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် ရုရှားကလည်း ယူကရိန်းတပ်များကို ဟန့်တားရန် စစ်သားများကို လျင်မြန်စွာ ဖြန့်ကြက်ချထားခဲ့ပြီး ကာ့စ်ဒေသသို့ နောက်ထပ် တပ်ဖွဲ့များနှင့် အရင်းအမြစ်များ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်တွင် ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
"ကားတွေသယ်တဲ့ နောက်တွဲယာဉ် အကြီးစားတွေပေါ်မှာ စစ်သုံးထရပ်ကားတွေကို ပေးပို့ခဲ့ပါတယ်။ ယူကရိန်း တပ်တွေ အထိုင်ချတဲ့ နေရာတွေကို ပိတ်ဆို့ထားပြီး လမ်းကြောင်းတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့ လုပ်ဆောင်ခဲ့ပါ တယ်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုစကီး (Oleksandr Syrskyii) ကမူ ယူကရိန်းသည် ကာ့စ်ဒေသ၏ ၁၀၀၀ စတုရန်းကီလိုမီတာကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဩဂုတ် ၁၂ ရက်က ပြောကြားခဲ့ပြီး ၎င်း၏ သတင်းပေးပို့မှုကို ယူကရိန်းသမ္မတဇာလန်းစကီး (Volodymyr Zelenskyy) က Telegram တွင် ဖော်ပြခဲ့သည်။

ပူတင်ကို တွေ့ရစဉ်
ဩဂုတ် ၁၂ ရက်ကလည်း ဇာလန်းစကီးသည် ရုရှား၏ ကာ့စ်ဒေသအတွင်းသို့ ယူကရိန်းတပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေကြောင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့ပြီး စစ်ပွဲသည် ရုရှားနိုင်ငံထံသို့ ပြန်လည်ဦးတည်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းတပ်များ ကာ့စ်ဒေသသို့ ဝင်ရောက်တိုက်ခိုက်သည့် ပထမဆုံး ၆ ရက်အတွင်း လူနေရပ်ကွက် ၂၈ ခု ပျက်စီးခဲ့ပြီး ယူကရိန်းတပ်များသည် ရုရှား၏ နယ်နိမိတ်အတွင်းသို့ ၁၂ ကီလိုမီတာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အကျယ် ၄၀ ကီလိုမီတာတွင် တပ်များဖြန့်ထားကြောင်း ကာ့စ်ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇီ စမီယာနော့ဗ် (Alexei Smirnov) က ပူတင်ကို ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး လူပေါင်း ၁၂၁,၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကာ ရုရှားအစိုးရကလည်း လူပေါင်း ၁၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး ရန် စီစဉ်နေကြောင်း စမီယာနော့ဗ်က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
