- By CNI
- Category: နိုင်ငံရေး
- Hits: 3802
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၆
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် (Paetongtarn Shinawatra) က မကြာမီ ထုတ်ပြန်မည့် ၎င်း၏မူဝါဒများ သည် ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ချမှတ်ခဲ့သည့် မူဝါဒများနှင့် တူညီနေလိမ့်မည် ဟု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
သို့သော် ထိုင်းလူမျိုးများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်တွင် အချို့အချက်များကို ပြောင်းလဲ မည်ဟု ၎င်းက ပြောသည်။
ပေတုန်တန်သည် ဖြူးထိုင်းပါတီ၏ ယာယီဌာနချုပ်ဖြစ်သည့် Shinawatra Tower 3 တွင် စက်တင်ဘာ ၅ ရက်က ၎င်း၏ မူဝါဒများကို အပြီးသတ်နိုင်အောင် ရေးဆွဲလျက်ရှိသည်။
ထိုအဆောက်အအုံအတွင်း ပေတုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဝင်ရောက်သွားခဲ့သည်ကို တွေ့ရသော်လည်း သက်ဆင်သည် သတင်းထောက်များနှင့် စကားပြော ရန် ငြင်းဆိုခဲ့သည်။
ပေတုန်တန်ကမူ ၎င်းရေးဆွဲနေသော မူဝါဒ ကြေညာချက်တွင် ပါရှိသည့် အကြောင်းအရာများသည် ယခင်အစိုးရ အဖွဲ့၏ မူဝါဒများနှင့် တူညီလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်နဲ့ သက်ဆင်ကို တွေ့ရစဉ်
"တည်ဆဲ မူဝါဒတွေကိုပဲ အဓိကထားပြီး ပြန်လည်ထည့်သွင်းသွားမှာပါ။ ဒါပေမယ့် ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်မှာတော့ အပြောင်းအလဲ အနည်းငယ် ရှိပါလိမ့်မယ်" ဟု ပေတုန်တန်က ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးချိန်ကာလက ကတိကဝတ်ဖြစ်သည့် ထိုင်းလူမျိုးများအား ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့ မည့် အစီအစဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ပေးမည့် အစီအစဉ်တွင် အပြောင်းအလဲ အနည်းငယ်ပြုလုပ်ရန် လိုအပ်ကြောင်း၊ ထိုအစီအစဉ်တွင် အချို့သောသူများကို ဒစ်ဂျစ်တယ်ငွေကြေးအစား ငွေသားများ ထုတ်ပေးမည့် ပြောင်းလဲချက် လည်း ပါဝင်လိမ့်မည်ဖြစ်ကြောင်း လက်ထောက်ဘဏ္ဍာရေးဝန်ကြီး ဂျာလာပန် အမ်မွန်ဗီဗက် ( Julapun Amornvivat) က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် မူဝါဒများတွင်လည်း ဆရီသာ၏ မူဝါဒါများအတိုင်း ဆက်လက် လုပ်ဆောင် မည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
"ဝန်ကြီးချုပ်နေရာ အပြောင်းအလဲ ရှိခဲ့ပေမယ့် ဖြူးထိုင်းပါတီဟာ ညွန့်ပေါင်းအစိုးရရဲ့ အဓိက ပါတီတစ်ခုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယခင်ဝန်ကြီးချုပ် ဆရီသာ လက်ထက်က စတင်ကျင့်သုံးခဲ့သည့် နိုင်ငံတကာ ကုန်သွယ်ရေး မူဝါဒများ ကိုလည်း အပြောင်းအလဲမရှိ ဆက်လက် လုပ်ဆောင်မည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 588
CNI International News
မော်စကို၊ စက်တင်ဘာ ၆
တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်မှုကို ဆက်လက် လုပ်ဆောင်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်း မလေးရှား၏ စွမ်းအင်တူးဖော်မှုများကို တရုတ်က ကန့်ကွက်သည့် သံတမန် မှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့ပြီးနောက် အန်ဝါက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံပိုင် Petronas ရေနံကုမ္ပဏီသည် မလေးရှား၏ အထူးစီးပွားရေးဇုန်အတွင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်များကို တူးဖော်လျက်ရှိသည်။
တရုတ်သည် သယံဇာတပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်အားလုံး နီးပါးကို ပိုင်ဆိုင် ကြောင်း ကြေညာထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
"ကျနော်တို့က ကျနော်တို့ရဲ့ ရေပြင်တွေထဲမှာရှိတဲ့ ရေနံတွေကိုပဲ တူးဖော်နေတာ ဖြစ်ပါတယ်" ဟု ရုရှားသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် အန်ဝါက သတင်းထောက်များကို ပြောကြားခဲ့သည်။

အန်ဝါ အီဘရာဟင်မ်နဲ့ ပူတင်ကို တွေ့ရစဉ်
ထို့ပြင် မိမိတို့၏ သဘောထားကို တရုတ်အား ရှင်းလင်းပြောကြားမည်ဖြစ်ပြီး မိမိတို့တွင် ရန်လိုသည့် ရည်ရွယ် ချက်မျိုး မည်သည့်အခါကမျှ မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
"တရုတ်က မိတ်ဆွေကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ကလည်း ကျနော်တို့ နယ်နိမိတ်ထဲမှာရှိတဲ့ ရေနံတွေကို တူးဖော်မှု အပါအဝင် စီးပွားရေး လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာပါ" ဟု အန်ဝါက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင် သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Inquirer.net ဝက်ဘ်ဆိုက်တွင် မလေးရှားသည် တရုတ်၏ နယ်နမိတ်အတွင်းသို့ ဝင်ရောက်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်နေ ကြောင်း၊ ထိုတူးဖော်မှုများကို ရပ်တန့်ရန် တရုတ်က တောင်းဆိုထားသည့် သံတမန်မှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုသံတမန်မှတ်တမ်း ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပြီး ထိုမှတ်တမ်းထဲတွင် ပါရှိသည့် အကြောင်းအရာများကိုမူ ငြင်းဆိုခဲ့ခြင်းမရှိပေ။
Source: CAN
- By CNI
- Category: နိုင်ငံရေး
- Hits: 851
CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၅
တရုတ် ဒုစရိုက်အဖွဲ့များနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲခံထားရပြီး ဝရမ်းပြေးတစ်ဦးဖြစ်သည့် ဖိလစ်ပိုင်၏ မြို့တော်ဝန်ဟောင်း အလိုက်စ် ဂို (Alice Guo) ကို အင်ဒိုနီးရှားတွင် ဖမ်းဆီးရမိခဲ့ကြောင်း ဖိလစ်ပိုင် တရားရေး ဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်အမည် ဂိုဟွာပင်း (Guo Hua Ping) ဟု လူသိများသည့် ဂိုသည် ပြစ်မှုဆိုင်ရာ အရှုပ်တော်ပုံတစ်ခုအတွက် လွှတ်တော်တွင်း စုံစမ်းစစ်ဆေးမှုကို တက်ရောက်ရန် ငြင်းဆိုခဲ့ပြီးနောက် တိမ်းရှောင်နေသဖြင့် ဖိလစ်ပိုင်အထက် လွှတ်တော်က ဂိုကို ဖမ်းဆီးရန် အလိုရှိကြောင်း ကြေညာခဲ့သည်။
ဂိုကမူ ၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်များကို ငြင်းဆိုခဲ့ပြီး သူသည် မနာလိုမုန်းထားသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သာမန် ဖိလစ်ပိုင်နိုင်ငံသား တစ်ဦးသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ မြို့တော်ဝန်ဟောင်း အလိုက်စ်ဂိုကို တွေ့ရစဉ်
လက်ရှိ အခြေအနေကို မိမိတို့၏ မိတ်ဆွေများဖြစ်သည့် အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ က အတည်ပြုခဲ့ကြောင်း၊ လက်ရှိတွင် မစ္စစ်ဂိုသည် ဂျာကာတာ (Jakarta)မြို့တော်ရှိ အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ အချုပ်ခန်းတွင်ရှိနေကြောင်း ဖိလစ်ပိုင် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂိုသည် စက်တင်ဘာ ၃ ရက် ညသန်းခေါင်ယံမတိုင်မီ ဂျာကာတာမြို့တော်၏ တန်ဂါရန် (Tangerang) မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့် ဂိုအား သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်နှင့် တရားရေး လုပ်ထုံးလုပ်နည်းများအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရေးဝန်ကြိး ဂျီးဆပ် ခရစ်ပင် ရမ်မူလာ (Jesus Crispin Remulla) က ပြောကြားခဲ့သည်။
Source: SCMP
- By CNI
- Category: နိုင်ငံရေး
- Hits: 2145
CNI International News
ဘေကျင်း၊ စက်တင်ဘာ ၅
အနာဂတ်တွင် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲများနှင့် ထိုင်ဝမ်အရေးတွင် ဒရုန်းများသည် အဓိကကျသော အခန်းကဏ္ဍ မှ ပါဝင်လာနိုင်သဖြင့် တရုတ်နှင့် အမေရိကန်သည် ဒရုန်းစစ်ဆင်ရေးများနှင့်ပတ်သက်ပြီး ပြိုင်ဆိုင်မှုများ မြင့်တက် နေသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
မကြာသေးမီက တရုတ်စစ်တပ်သည် ဒရုန်း အများအပြား ပါဝင်သည့် ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှုများကို ခုခံ တွန်းလှန်နိုင်သော ၎င်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် လေကြောင်းကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု များကို ပြုလုပ်ခဲ့သည်။
ထိုစစ်ရေး လေ့ကျင့်မှုတွင် အရွယ်အစားသေးငယ်ပြီး ပျံသန်းနေသည့် ဒရုန်းများကို တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ရန် စိန်ခေါ်မှုများရှိနေကြောင်း ရလဒ်များ ထွက်ပေါ်ခဲ့သည်။

စစ်ဘက်သုံး ဒရုန်းများကိုတွေ့ရစဉ်
တရုတ်နိုင်ငံပိုင် CCTV ရုပ်သံ၏ ဖော်ပြချက်အရ ထိုစစ်ရေး လေ့ကျင့်မှုတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) သည် ပထမအသုတ် ဒရုန်းအုပ်စုလိုက် တိုက်ခိုက်မှုကို လေယာဉ်ပစ် သေနတ်များဖြင့် တိုက်ခိုက်ခဲ့ရာ၌ ၄၀ ရာခိုင်နှုန်းသာ ထိရောက်မှုရှိခဲ့ကြောင်း သိရသည်။
PLA မြေပြင်တပ်ဖွဲ့၏ အမှတ် ၇၇ တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သည့် တန်ရှောင်လုံ (Duan Xiaolong) က ဒရုန်း များ၏ အရွယ်အစား သေးငယ်မှု၊ လျင်မြန်စွာ ပျံသန်းမှုနှင့် လမ်းကြောင်းပြောင်း ပျံသန်းမှုများကြောင့် ထိုဒရုန်း များကို ထိမှန်အောင်ပစ်ခတ်ရန် ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်သည် ဆန်းသစ်တီထွင်မှုရှိပြီး ပိုမိုလျင်မြန်သည့် ဒရုန်းများကို ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် လုပ်ဆောင်နေချိန်တွင် ဒရုန်းများ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ကာကွယ်ရန်လည်း လုပ်ဆောင်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဒရုန်းတစ်စင်းကိုတွေ့ရစဉ်
ထို့အတူ အမေရိကန်ကလည်း ဒရုန်းများ၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် နည်းလမ်းအသစ်များ ရှာဖွေနေပြီး ကုန်ကျစရိတ်များကို ချိန်ညှိရန် စီစဉ်နေသည်ဟု Proceedings သတင်းဝက်ဘ်ဆိုက်တွင် ဩဂုတ်လက ရေးသား ခဲ့သည့် ဆောင်းပါးရှင် ကားလ်ဖလင်း၏ ဆောင်းပါးထဲ၌ ဖော်ပြခဲ့သည်။
အထူးသဖြင့် စျေးပေါပြီး အရေအတွက် အများအပြား ထုတ်လုပ်ထားသည့် ဒရုန်းများကို မြေပြင်မှ ဝေဟစ်ပစ် ဒုံးကျည် (SAM) များအသုံးပြုပြီး ပစ်ခတ်ရာတွင် ကုန်ကျစရိတ် အလွန်များပြားနေကြောင်း ကားလ်ဖလင်းက ပြောသည်။
လက်ရှိ ယူကရိန်းစစ်ပွဲတွင် ဖြစ်ပွားနေသည့် အခြေအနေများအရ ကင်မရာများ တပ်ဆင်ထားသော အသေးစား ဒရုန်းများသည် ဒေါ်လာ ရာဂဏန်းသာ ကုန်ကျမည်ဖြစ်သော်လည်း ရုရှားတပ်များ အသုံးပြုနေသည့် အီရန်လုပ် တိုက်ပွဲဝင် Shahed-136 ဒရုန်းများသည် တစ်စင်းလျှင် ဒေါ်လာ ၂ သောင်းအထိ ကုန်ကျမည်ဖြစ်သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 1575
CNI International News
ကာရာကက်စ်၊ စက်တင်ဘာ ၅
ဗင်နီဇွဲလားလုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရလိုလားသည့် လက်နက်ကိုင်အဖွဲ့များသည် ဇူလိုင်လအတွင်းက ပြုလုပ် ခဲ့သည့် သမ္မတရွေးကောက်ပွဲအပြီးတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကို ပြင်းထန်စွာ နှိမ်နင်းခဲ့ပြီး နိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
အမျိုးသားအစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ colectivos ဟု လူသိများသည် လက်နက်ကိုင်အဖွဲ့များသည် ဇူလိုင် ၂၈ ရက် က ရွေးကောက်ပွဲအပြီး ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူ ၂၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။
လူငယ်များ အပါအဝင် ထောင်နှင့်ချီသည့် ဆန္ဒပြသူများသည် ရွေးကောက်ပွဲအာဏာပိုင်အဖွဲ့က သမ္မတ နီကိုလပ်စ် မာဒူရိုကို ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် လမ်းများပေါ်သို့ထွက်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

colectivos ဟု လူသိများသည် လက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ်
ထိုဆန္ဒပြသူများကို မာဒူရိုနှင့် ၎င်း၏ United Socialist ပါတီ၏ မဟာမိတ်များက အင်အားသုံး၍ ဖြိုခွင်းခဲ့ကာ တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းမှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သလို Operation Knock Knock အမည်ရှိ စစ်ဆင်ရေးဖြင့် ဆန္ဒပြမှုများတွင် ပါဝင်သူများကို အစိုးရအား သတင်းပေးရန် အစိုးရသစ္စာခံများကို တိုက်တွန်းခဲ့ သည်။
"ဗင်နီဇွဲလားမှာ ကျနော်တို့ မြင်တွေ့နေရတဲ့ အဲဒီလို ဖိနှိပ်မှုတွေက တုန်လှုပ်ဖို့ ကောင်းလောက်အောင် ရက်စက် ကြမ်းကြုတ်လှပါတယ်။ ပြည်ပနိုင်ငံတွေ အနေနဲ့ ဗင်နီဇွဲလားပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်အောင် လိုအပ်တဲ့ အစီအစဉ် လုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်" ဟု HRW ၏ အမေရိကနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး ဟွမ်နီတာ ဂိုဘာတပ်စ် (Juanita Goebertus) က ပြောကြားခဲ့သည်။
ဆန္ဒပြသူ ၂၃ ဦးနှင့် ဘိုလစ်ဗီးယား အမျိုးသား အစောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုနှင့်ပတ်သက်သည့် သက်သေ အထောက်အားများကို ဗင်နီဇွဲလားနိုင်ငံအတွင်းရှိ ဒေသခံ လူ့အခွင့်အရေးအဖွဲ့များထံမှ ရရှိခဲ့ကြောင်း HRW က ပြောကြားခဲ့သည်။

ဗင်နီဇွဲလား ဆန္ဒပြသူများနဲ့ လုံခြုံရေးတပ်ဖွဲ့ အဓိကရုန်းဖြစ်နေစဉ်
ဆန္ဒပြသူ အများစု သတ်ဖြတ်ခံခဲ့ရသည့် ကာလမှာ ဇူလိုင် ၂၉ ရက်နှင့် ဇူလိုင် ၃၀ ရက်များတွင်ဖြစ်ကြောင်း HRW က ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြသူများ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များအနက် ဖြစ်စဉ် ၁၁ ခုကို HRW က သီးခြား မှတ်တမ်းတင်နိုင်ခဲ့သည်။
ထို့နောက် သေဆုံးကြောင်း အတည်ပြုချက်များ၊ အတည်ပြုထားသည့် ဗွီဒီယိုများနှင့်ဓာတ်ပုံများကို စိစစ်သုံးသပ်ခဲ့ သလို မျက်မြင် သက်သေများ၊ ဒေသခံသတင်းရင်းမြစ် ၂၀ ဦးနှင့် အင်တာဗျူး ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် သေမှုသေခင်း စုံစမ်းသည့် မှုခင်းပညာရှင်များ၊ ဒဏ်ရာများနှင့် လက်နက်များကို လေ့လာသည့် လက်နက် ကျွမ်းကျင်သူများနှင့်လည်း တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု HRW က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
- By CNI
- Category: နိုင်ငံရေး
- Hits: 1224
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၅
ယူကရိန်း၏ နိုင်ငံတကာဆက်ဆံရေးတွင် အဓိကနေရာမှ ပါဝင်ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာ (Dmytro Kuleba) သည် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုမတိုင်မီ စက်တင်ဘာ ၄ ရက်တွင် ရာထူးမှ နုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
အသက် ၄၃ နှစ်အရွယ် ကူလီဘာသည် ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ပြောကြားခြင်းမရှိခဲ့ပေ။
ထို့နောက် ကူလီဘာ နုတ်ထွက်မှုကို လွှတ်တော်အမတ်များက အစည်းအဝေးအတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ရုစလမ် စတက်ဖန်ချော့ (Ruslan Stefanchuk) က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေသည်မှာ ၂ နှစ်ခွဲခန့် ကြာမြင့်လာချိန်တွင် အစိုးရအဖွဲ့ကို ပိုမိုခိုင်မာစေရန်အတွက် ပြန်လည်ဖွဲ့စည်းမည့် အခြေအနေကို ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) က ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရိပ်အမြွက် ပြောကြားခဲ့သည်။
ယူကရိန်းတွင် ဆင်နွှဲနေသည့် ရုရှား၏ စစ်ပွဲကာလအတွင်း ကူလီဘာသည် ဇာလန်းစကီး ပြီးပါက ယူကရိန်း သတင်းစကားများကို နိုင်ငံတကာသို့ ပေးပို့နေသည့် ဒုတိယမြောက် ထိပ်သီးအရာရှိဖြစ်ပြီး နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများစွာ ပြုလုပ်ခဲ့သူဖြစ်သည်။

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်းက ပျက်စီးမှုကိုတွေ့ရစဉ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ရုရှား၏ ကျူးကျော် ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လ ထဲတွင် ကူလီဘာသည် တရုတ်သို့ ရောက်ရှိခဲ့သည့် ရာထူးအမြင့်ဆုံး ယူကရိန်းအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။
လက်ရှိ အစိုးရအဖွဲ့ထဲမှ ရာထူးနေရာ ထက်ဝက်ကျော်ကို အပြောင်းအလဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇာလန်းစကီး၏ အာဏာရပါတီမှ ခေါင်းဆောင်ဖြစ်သူ ဒါဗုသ် အာရာခါမီယာ (Davyd Arakhamiia) က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စက်တင်ဘာ ၄ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်၌ လူသစ်များကို ရာထူးခန့်အပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုအချိန်အတောအတွင်း လီဗျူ (Lviv) မြို့တွင် ရုရှား၏ ညအချိန် တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံးကာ လူပေါင်း ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် အန်ဒရီ ဆာဒေ့ါဗ်ယီ (Andrii Sadovyi) က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ထို့ပြင် ဇာလန်စကီး၏ မွေးရပ်မြို့ဖြစ်သည့် ခရစ်ဗီရီ (Kryvyi Rih) မြို့တွင်လည်း ရုရှား၏ တိုက်ခိုက်မှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသအကြီးအကဲ ဆာဟီ လုဆက် (Serhii Lysak) က စက်တင်ဘာ ၄ ရက် နံနက်ပိုင်း တွင် ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI International News
ကာဘူးလ်၊ စက်တင်ဘာ ၄
အာဖဂန်နစ္စတန်တွင် တာလီဘန်အစိုးရအဖွဲ့သည် အများပြည်သူပိုင်နေရာများတွင် အမျိုးသမီးများ၏ အသံများနှင့် မျက်နှာများကို ဖော်ပြခြင်းမပြုရန် တားမြစ်ထားသည့် အကျင့်စာရိတ္တ ထိန်းသိမ်းရေးဥပဒေများကို တင်းကျပ်စွာ ထုတ်ပြန်ထားသဖြင့် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုဥပဒေများအရ အမျိုးသမီးများသည် အမျိုးသားအုပ်ထိန်းသူ မပါဘဲ အငှားကားများကို ငှားရမ်းနိုင်မည် မဟုတ်ပေ။
ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် တာလီဘန်အဖွဲ့၏ ဥပဒေများအရ အမျိုးသမီးများသည် အများပြည်သူပိုင် နေရာများတွင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည့် ဝတ်စုံအား အချိန်ပြည့် ဝတ်ဆင်ရမည်ဖြစ်ပြီး စကားသံကို လည်း ထွက်ပေါ်ခြင်းမပြုရန် တားမြစ်ထားသည်။
အမျိုးသမီးများ၏ အသံသည် တဏှာရာဂကို ဖြစ်ပေါ်စေနိုင်သဖြင့် ထိုကဲ့သို့ တားမြစ်ရခြင်းဖြစ်ကြောင်း တာလီဘန်အဖွဲ့က ပြောာကားခဲ့သည်။
တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ဟိုင်ဘာတူလာ အက်ခန်ဇာဒါ (Hibatullah Akhundzada) ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့သည့် ဥပဒေပိုဒ်ခွဲ ၃၅ ချက်ပါ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဥပဒေတွင် ကိုယ်ပိုင် ကားများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ သို့မဟုတ် အစ္စလာမ်မစ် တရားဥပဒေများနှင့်မညီသည့် အခမ်းအနားများတွင် တေးသီချင်းများ ဖွင့်လှစ်နားဆင်ခြင်းကိုလည်း တားမြစ်ပိတ်ပင်ခဲ့သည်။

တာလီဘန်တွေနဲ့ အမျိုးသမီးတွေကို တွေ့ရစဉ်
ထို့ပြင် အမျိုးသားများ အနေဖြင့်လည်း မုတ်ဆိပ်မွေး အရှည်ထားရန်၊ ခွေးတိုက်ပွဲနှင့် အခြား တိရစ္ဆာန်အချင်းချင်း တိုက်သည့် တိုက်ပွဲများ (ဥပမာ-ကြက်တိုက်ပွဲများ) ကဲ့သို့ လူကြိုက်များသည့် ဖျော်ဖြေပွဲ အခမ်းအနားများကိုလည်း ပိတ်ပင်ခဲ့သည်။
"တာလီဘန်တွေ အာဏာပြန်ရလာတော့ ကျနော် မုတ်ဆိပ်ရိပ်လို့ မရတော့ပါဘူး။ အခုဆို ကျနော့် မုတ်ဆိပ်တွေ က ရှည်လာပါပြီ။ အခုလို မုတ်ဆိပ်အရှည်နဲ့နေရတာ အဆင်မပြေပါဘူး" ဟု အာဖဂန်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မိုဟာမက် အက်ခ်ဘာ (Muhammad Akbar) က ပြောကြားခဲ့သည်။
ထိုအကျင့်စာရိတ္တ ထိန်းသိမ်းရေးဥပဒေများကို ချိုးဖောက်ပါက ကနဦးအဆင့် သတိပေးခြင်းမှအစ၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း၊ ရက်အနည်းငယ်ကြာ ထောင်ဒဏ် ချမှတ်ခံရခြင်းနှင့် အခြားအပြစ်ပေးနည်းများဖြင့် အရေးယူ ခံရလိမ့်မည်ဟု တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်နှစ်က အကျင့်စာရိတ္တ ချိုးဖောက်မှုဆိုင်ရာ ပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၃,၀၀၀ ခန့်ရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 3537
CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၄
ဩဂုတ် ၇ ရက်က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) အနီးတွင် တေလာဆွစ်ဖ် (Taylor Swift) ၏ ဂီတ ဖျော်ဖြေပွဲ အပါအဝင် ကြီးမားသည့် ပွဲအခမ်းအနားများကို တိုက်ခိုက်ရန် စီစဉ်နေသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဩစတြီးယားအာဏာပိုင်များက ကြေညာခဲ့သည်။
အဆိုပါ တိုက်ခိုက်ရန် စီစဉ်မှုများသည် အိုင်အက်စ်အဖွဲ့၏ ခြိမ်းခြောက်မှုများ ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။
အဆိုပါ သံသယရှိသူနှစ်ဦးမှာ အသက် ၁၉ နှစ်အရွယ်နှင့် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်များဖြစ်ပြီး အိုင်အက်စ်နှင့် အယ်ကေဒါအဖွဲ့များ၏ အစွန်းရောက်ဝါဒဖြန့်မှုကို ခံခဲ့ရဖွယ်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့ပြင် ဩဂုတ် ၂၃ ရက်ကလည်း ဂျာမနီနိုင်ငံ၊ ဆိုလင်ဂျန် (Solingen) မြို့တွင် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရခဲ့သည့် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က ၎င်းတို့ လုပ်တာဖြစ်ကြောင်း တာဝန်ခံထွက်ဆိုခဲ့သည်။

အိုက်အက်စ် အဖွဲ့ကိုတွေ့ရစဉ်
အထက်ဖော်ပြပါ ဖြစ်စဉ်များအရ အိုင်အက်စ်အဖွဲ့သည် ၎င်းတို့၏ ခြိမ်းခြောက်မှုများကို ကမ္ဘာကသိစေရန် ပြသနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
အိုင်အက်စ်အဖွဲ့သည် ၎င်းတို့ အင်အားအကောင်းဆုံး အချိန်ဖြစ်သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အကြား အီရတ်နှင့် ဆီးရီးယာတွင် အစ္စလာမ်မစ် ခါလီဖိတ်ဟု ခေါ်သည့် မွတ်စလင်အရပ်သား အုပ်ချုပ်သူများ၏ နယ်မြေတစ်ခုကို ထူထောင်ခဲ့ပြီး နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
အိုင်အက်စ်အဖွဲ့သည် နိုင်ငံပေါင်း ၈၀ ကျော်မှ အမျိုးသားများ၊ အမျိုးသမီးများကို တပ်သားသစ်အဖြစ် စုဆောင်း နိုင်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယားရှိ ကာ့ဒ်၊ ရှာဘက်၊ ခရစ်ယာန်၊ ယာဇီဒီနှင့် အခြားလူနည်းစုများအပေါ် ရက်စက် ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။
ထို့နောက် နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ အခြားနိုင်ငံများနှင့် အဖွဲ့အစည်းပေါင်း ၈၀ ကျော် ပါဝင်သည့် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့၍ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ၂၀၁၉ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့ ကျရှုံးသွားခဲ့ကာ နိုင်ငံတကာမီဒီယာများ၏ အာရုံစိုက်မှုလည်း လျော့ကျသွားခဲ့သည်။

အိုက်အက်စ်တပ်သားကို တွေ့ရစဉ်
သို့သော် မကြာသေးမီ နှစ်များအတွင်း အိုင်အက်စ်အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာ သည်ကို နိုင်ငံတကာ သတင်းများတွင် မြင့်တွေ့လာရသဖြင့် အိုင်အက်စ်အဖွဲ့ တစ်ကျော့ပြန် အင်အားကြီးမားလာ မည့် အရေးကို စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။
ထိုတိုက်ခိုက်မှုများအနက် အထင်ရှားဆုံး ဖြစ်စဉ်တစ်ခုမှာ ယခုနှစ် မတ်လအတွင်းက အိုင်အက်စ်အဖွဲ့၏ တောင်-ဗဟိုအာရှ အဖွဲ့ခွဲဖြစ်သည့် အိုင်အက်စ်-ခိုရာဆန် (IS-Khorasan) အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ရှိ Crocus City Hall ကပွဲခန်းမကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၁၄၅ ဦး သေဆုံးသွားခဲ့သည်။
ထိုဖြစ်စဉ်သည် အိုင်အက်စ်အဖွဲ့ အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသထက်ကျော်လွန်ပြီး အင်အားကြီးနိုင်ငံများတွင် တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် စွမ်းဆောင်ရည်ကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Asia Times
- By CNI
- Category: နိုင်ငံရေး
- Hits: 4350
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ၏ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးသည် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ပေတုန်တန် အနေဖြင့် ဝန်ကြီးချုပ်သက်တမ်းကို အပြည့်အဝ တာဝန်ထမ်းဆောင်လိုပါက သတိကြီးစွာ ထားပြီး ချဉ်းကပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယခင်ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) သည်လည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးသည့် ပီချစ် ချူအန်ဘန် (Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူး ခန့်အပ်ခဲ့သဖြင့် ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှု ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၎င်းကို ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။
လက်ရှိတွင်လည်း ပေတုန်တန်သည် ဆရီသာကဲ့သို့ အလားတူ ဖြစ်စဉ်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်ဟု အမည်မဖော် လိုသည့် ကျွမ်းကျင်သူတစ်ဦးက The Nation သို့ ပြောကြားခဲ့သည်။

ဆရီသာကို တွေ့ရစဉ်
အစိုးရအဖွဲ့ဝင် ၃၆ ဦးအနက် ၁၁ ဦးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ ထို ၁၁ ဦး အနက် ၃ ဦးမှာ ဖြူးထိုင်းပါတီမှဖြစ်ပြီး ၃ ဦးမှာ Bhumjaithai ပါတီမှဖြစ်ကာ ၂ ဦးမှာ ဒီမိုကရက်ပါတီမှ ဖြစ်သည်။
နောက် ၂ ဦးမှာ အခြားနိုင်ငံရေး အင်အားစုမှဖြစ်ပြီး နောက်ဆုံး ၁ ဦးမှာ Ruam Thai Sang Chart ပါတီမှ ဖြစ် ကြောင်း အဆိုပါကျွမ်းကျင်သူက ပြောကြားခဲ့သည်။
ထိုသို့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသူများထဲမှ လူအချို့၏ အမည်များကို ထုတ်ဖော် ပြောဆိုခဲ့သည်။
အထက်ဖော်ပြပါ ၁၁ ဦးအနက် ၅ ဦးသည် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) ၏ စုံစမ်းစစ်ဆေးမှုကို ခံနေရသော်လည်း ထိုအမှုများနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း NACC က ပြောကြားခဲ့သည်။
ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရသူများအနက် ဒီမိုကရက်တစ်ဦးဖြစ်သည့် လက်ထောက် ကျန်းမာရေးဝန်ကြီး ဒက်ခိခေါင်ထောင်း (Dech-it Khaothong)၊ စက်မှုရေးရာဝန်ကြီးဖြစ်သည့် Ruam Thai Sang Chart ပါတီမှ အကာနက်ပရွန်ဖန် (Akanat Promphan)၊ လက်ထောက် ပြည်ထဲရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသည့် Bhumjaithai ပါတီမှ ချာဒါ ထိုင်းဆက် (Chada Thaiset) နှင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ချာလမ်ချိုင်း သီရိအွန် (Chalermchai Sri-on) တို့ပါဝင်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
Source: The Nation
