CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅

တစ်ကီလိုလျှင် ၅ ယွမ်နှင့်အောက်သို့ ကျဆင်းသွားသည့် တရုတ်သို့ တင်ပို့နေသော မြန်မာဖရဲများမှာ ၃ ယွမ်နှင့် အောက်အထိသို့ ဈေးကျနိုင်သည်ဟု ကုန်သည်များက သုံးသပ်ခန့်မှန်းထားကြသည်။

တရုတ်သို့ တင်ပို့သည့် မြန်မာဖရဲဈေးကွက်သည် ယခင်က တစ်ကီလိုလျှင် ၇ ယွမ်အထိ ပေါက်ဈေး ရရှိခဲ့ သော်လည်း ဇန်နဝါရီ ၁၀ ရက်မှစတင်ကာ ၅ ယွမ်နှင့်အောက်သို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ကိုအောင်ဆက်နိုင်က “၃ ယွမ်လောက်အထိ ရောက်သွားနိုင်တယ်။ ဘာလို့ဆို ဒါကလက်ရှိ ၅ ယွမ်ဆိုတာက ပုံမှန်သွားနေတဲ့ဈေးနှုန်းပေါ့။ တစ်ကီလိုကို ၇ ယွမ် လောက်အထိ ရလိုက်တဲ့အချိန်ရှိတယ်။ သို့သော်လည်း ပုံမှန်အချိန်မှာမဟုတ်တဲ့အတွက် ကားတစ်စီးကို တစ်တန် နှစ်တန်လောက်ပဲထွက်တယ်။ စဆင်းတဲ့အချိန်မှာ ၅ ယွမ်လောက်က စဆင်းတာပေါ့။ ကျနော်တို့ မှန်းထားတာ ကတော့ နောက်ထပ် နှစ်ပတ်လောက်အထိကတော့ ၃ ယွမ်လောက်အထိ အခန့်မသင့်ရင် ဆင်းသွားနိုင်တယ်။ ကျနော်တို့က ပုံမှန်ဆိုလို့ရှိရင် ဒီအချိန်က ဇန်နဝါရီ နောက်ဆုံးအပတ်လောက်ဆိုရင်တော့ နည်းနည်းလေးတက် လေ့ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်အခြေအနေက ဘာဖြစ်လို့ ဈေးကျလဲဆိုတော့ လတ်လတ် ဆတ်ဆတ် အသီးရဲ့အရည်အသွေးက မဝင်နိုင်တော့ဘူး။ မဝင်နိုင်တဲ့အတွက်ကြောင့် ဟိုဘက်ထဲကို ရောက်သွားတဲ့အချိန်မှာ အသီးတွေ တော်တော်များက နာနေပြီပေ့ါ။ အကောင်းထွက်တယ်လို့ပြောပေမယ့် ကား ၄၊ ၅၊ ၆ စီး ပေါင်းတောင် မှပဲ ကားတစ်စီးစာ မရဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တရုတ်ကားပေါ်သို့တင်ပြီးသော်လည်း မဝင်နိုင်သေးသည့် အစီးရေ(၄၀၀) ခန့်ရှိကြောင်းနှင့် တစ်ရက် လျှင် ပျမ်းမျှအစီးရေ ၂၀ လောက်သာ ဝင်နေရကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများက တရုတ်ခေါက်တိုကားငှားရမ်းခသည် ယွမ် သုံးသောင်းခွဲ(မြန်မာငွေ သိန်းတစ်ရာကျော်) ခန့်ရှိခဲ့ရာမှ လက်ရှိတွင် ယွမ် တစ်သောင်း(မြန်မာငွေ သိန်း ၃၀)ခန့်သို့ ကျဆင်းသွားကြောင်း ခွာညိုသစ်သီးပွဲရုံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံဘက်သို့ ဖရဲသခွားတင်ပို့မှုသည် ကုန်သည်နှင့်တောင်သူများအတွက် ၇၀ ရာခိုင်နှုန်းခန့် အရှုံးပေါ်ခဲ့ကာ ယခုနှစ်သည် ပို၍အထိနာမည်ဖြစ်ကြောင်း အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ကိုအောင်ဆက်နိုင်က ဆက်ပြောသည်။

“ပြီးခဲ့တဲ့နှစ်ကလည်း မထိဘူးမဟုတ်ဘူး ထိပါတယ်။ ဒါပေမယ့် ဒီနှစ်သည် ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီး အထိနာ ပါလိမ့်မယ်။ ရှုံးဖို့ကတော့ ၉၉ ရာခိုင်နှုန်းလောက်ရှိနေပြီ။ ဖရဲတောင်သူတွေကို အကြံပြုချင်တာကတော့ ကျနော် တို့က ဈေးကွက်ပေါ့နော် ပြည်တွင်းဈေးကွက်ပေါ့။ ခက်တာက ကျနော်တို့ ပြည်တွင်းစားသုံးအားက ကျနော်တို့ နိုင်ငံရဲ့ စိုက်တဲ့ထွက်တဲ့နှုန်းရဲ့ ၁၀ ရာခိုင်နှုန်းမရှိပါဘူး။ local ဈေးကွက်က အရမ်းကျဉ်းပါတယ်။ စိုက်ဧကလည်း လျော့ကျပါတယ်။ သို့သော် ကိုယ့်နိုင်ငံတစ်ခုတည်းနဲ့သက်ဆိုင်တာမဟုတ်ဘူး။ တဖက်နိုင်ငံနဲ့လည်း သက်ဆိုင်တဲ့ မူဝါဒဖြစ်တဲ့အတွက်ကြောင့် ဒီ မူဝါဒတွေ အဆင်ပြေချောမွေ့ဖို့၊ အခက်အခဲတွေ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ ဆိုတာက နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းပြီးဆောင်ရွက်မှ အဆင်ပြေမှာပါ”ဟု ၎င်းက ဆိုသည်။

တောင်သူများအနေဖြင့် ဆောင်းဖရဲ စိုက်ပျိုးမှုအား အနည်းငယ်သာ စိုက်ပျိုးကြတော့ပြီး ဖရဲအများစုသည် တရုတ် သို့ တင်ပို့ရန် သွားနေကြသည့်အတွက် ယခုလက်ရှိတွင် ပြည်တွင်း၌ ဖရဲသီးရှားနေကာ ဈေးအနည်းငယ် ကောင်း နေကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ဖရဲတန်ချိန် ၈၀၀၀၀၀(ရှစ်သိန်း) တင်ပို့နိုင်ခဲ့ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဖရဲ တန်ချိန် ‌၆၀၀၀၀၀(ခြောက်သိန်း) တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ဖရဲတစ်ကီလို ၅ ယွမ်နှင့်အောက်အထိ ကျဆင်း၊ တောင်သူနှင့်ကုန်သည်အရှုံးပေါ်

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - မြန်မာဘက်ခြမ်း၌ ကားပြောင်းလဲရာတွင် နေရာအခက်အခဲကြောင့် ဖရဲများ ပျက်စီး

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - မူဆယ် ၁၀၅ မိုင်သို့ ၂၅ ရက်ကျော်မှ ရောက်ရှိသည့် ဖရဲများ တရုတ်သို့ တင်ပို့ခွင့်မပြု

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ဖရဲရောင်းကွင်းသို့ အချိန်မီသွားခွင့်မရ၍ တရုတ်ရောက် မြန်မာဖရဲများပျက်စီး

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ဖရဲရောင်းကွင်းသို့ ဖရဲကား ၅ စီးရောက်ပြီး တစ်စီးမှာ လုံးဝပျက်စီး၍ ၄ စီးသာရောင်းခဲ့ရ

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ကုန်သွယ်ရက် ပုံမှန်ထက်ကြာမြင့်မှုကြောင့် ဈေးကောင်းမရမည်ကို ဖရဲတောင်သူများ စိုးရိမ်

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - - - ယခုနှစ် ဖရဲသခွားစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းအထိ လျော့ကျ