၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇

မြန်မာဖရဲကား အစီး ၂၀ ကျော်သည် တရုတ်ဘက်သို့ တင်ပို့ရောင်းချရန် ရောက်ရှိနေသည်မှာ ၁၀ ရက်ကျော် ကြာပြီဖြစ်သော် လည်း လက်ရှိအချိန်ထိ ဖရဲရောင်းကွင်းသို့ အချိန်မီသွားခွင့်မရ၍ အရည်များထွက်ကာ ပျက်စီးနေခြင်းများ ရှိကြောင်း သိရ သည်။

တရုတ်သို့ မတင်ပို့မီ သတ်မှတ်ထားသည့် ကိုဗစ် စံချိန်စံညွှန်းနှင့်အညီ လုပ်ဆောင်ရသည့်အတွက် အချိန်ကြာမြင့်ခြင်းနှင့် တရုတ်နိုင်ငံဘက်ရှိ အကောက်ခွန်ဌာနမှ ကုန်သွယ်ရေးစနစ် ပြောင်းလဲလိုက်ခြင်းတို့ကြောင့် ဖရဲရောင်းကွင်းသို့ အချိန်မီ သွားရောက်နိုင်ခြင်းမရှိဖြစ်ကာ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေရသည်ဟု စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က ဆိုသည်။

၎င်းက “ရောင်းကွင်းရောက်ရင် သွန်ပစ်ရုံပဲရှိတော့တယ်။ ရက်က တော်တော်ကို ကြာနေပြီ။ ဘယ်လိုမှလည်း လုပ်ပေးလို့ မရတော့တဲ့ အခြေအနေမျိုး ဖြစ်နေတာ။ သူတို့စစ်ဆေးရမယ့် အချက်အလက်တွေ မပြည့်စုံသေးဘူးလို့တော့ ပြောတာပဲ။ အသီးအပေါ်မှာပဲ မူတည်သွားမှာပဲ အသီးကောင်းသေးတယ်ဆိုရင်တော့ ရွေးပြီး ရောင်းလို့ဝယ်လို့ ဖြစ်သေးတယ်ဆိုတဲ့ ဟာလေးတွေကိုတော့ ရောင်းလို့ရမှာပဲလေ။ တကယ်လို့ အသီးက ပုပ်နေပြီဆိုရင် တစ်စီးလုံး မရောင်းရနိုင်ခြေလည်း ဖြစ်သွား နိုင်တာပေါ့။ ဆုံးရှုံးနစ်နာမှုကတော့ အများကြီးရှိတာပေါ့။ သူက ကုန်စိမ်းဆိုတော့ ဒီလောက်ရက်ကြာမှာတော့ အဲ့လိုဖြစ်မှာပဲ ပေါ့”ဟု CNI သို့ ပြောသည်။

ဖရဲ‌ရောင်းကွင်းသို့ လက်ရှိအချိန်ထိ မရောက်ရှိသေးသည့်အတွက် ထိုဖရဲများ၏ ဈေးကွက် အနေအထားအား မသိရှိရသေး ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ စိုင်းခင်မောင်က ဆိုသည်။

၎င်းက “အရောင်းအဝယ် အနေအထားအရ ဘယ်လောက်ထိ ကောင်းနေတယ်ဆိုတာတော့ ပြောလို့မရသေးဘူး။ ဒါက ဝယ်လက်ရဲ့ Demand ပေါ်မှာလည်း မူတည်တယ်။ ဟိုဘက်မှာလည်း ပစ္စည်းပျက်နေတယ်၊ ဈေးကောင်းလည်း ရနေတယ် ဆိုရင်တော့ ကားတစ်စီးမှာ ဆယ်ရာခိုင်နှုန်းလောက် အပျက်အဆီးရှိရင်တော့ လက်ခံနိုင်မယ့် အနေထားပေါ့။ အဓိကကတော့ ဘာလဲဆိုတော့ ဈေးကွက်ကိုပဲ မျှော်လင့်ရမှာပေါ့လေ”ဟု CNI သို့ ပြောသည်။

ပုံ-ဖရဲကားများကိုတွေ့ရစဉ်။

လက်ရှိတွင် ဖရဲရောင်းကွင်းသို့ မသွားနိုင်သေးဘဲ ဖြစ်နေသည့် ဖရဲကားများမှာ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် မျက်နှာချင်း ဆိုင်ကွင်းထဲတွင် အစီး ၃၀ ကျော် ၊ ၁၀၅ မိုင် ဖရဲရောင်းကွင်းတွင် အစီးရေ ၃၀ ဝန်းကျင်၊ လွယ်အင် ကားချိန်းကွင်းတွင် အစီးရေ ၅၀ ခန့် စသည့် ရှိနေသည်။

အဆိုပါ အနေအထားကြောင့် ပြန်လှည့်ရန် ပြင်နေသည့် ဖရဲကားများရှိကြောင်း သိရသည်။မကြာသေးခင်က တရုတ်နိုင်ငံ သည် Border Trade(နယ်စပ်ကုန်သွယ်ရေး)စနစ်မှ Normal Trade(ပုံမှန်ကုန်သွယ်ရေး) စနစ်သို့ ပြောင်းလဲ လိုက်သည်။

ထိုသို့ ပြောင်းလဲလိုက်သည့်အတွက် ကုန်သွယ်မှုမှာ ပို၍ အကျပ်ရိုက်နိုင်ပြီး Normal Trade စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် တန်ချိန် သတ်မှတ်ချက်များရှိလာကြောင်း၊ ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်း တင်ပို့မှုစနစ်ဖြင့် အခွန်ကောက်ခံမည်ဖြစ် ကြောင်း၊ တရုတ်သို့တင်ပို့သည့် ကုန်ပစ္စည်းအားလုံးသည်လည်း အဝင်ကျပ်ကုန်ကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကုန်သည်နှင့် တောင်သူများအတွက် ကုန်ကျစရိတ် ပိုမိုများပြားလာနိုင်သလို ပို့ကုန်များထဲမှ အသီးအနှံ ပို့ကုန်များအပေါ် ပို၍ ရိုက်ခတ်မှုဖြစ်စေသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “အကောက်ခွန် ဥပဒေပြင်လိုက်တော့ အသီးအနှံ သမားတွေက ပိုထိတယ်။ တိုးမြှင့်လိုက်တော့ ဘာပဲပြောပြော လုပ်ရကိုင်ရတာ တော်တော်ခက်သွားတာပေါ့။ အရင်က ပေးရတဲ့ အခွန်နှုန်း ထားတွေက ဒီဘက်မှာလည်း ပေးရတယ်၊ ဟိုဘက်မှာလည်း ပေးရတယ်ဆိုတော့ တို့အရောင်းအဝယ် လုပ်တဲ့နေရာမှာ ထိခိုက် တဲ့ သဘောလေးတွေ ပါလာတာပေါ့။ တိုးမြှင့်လိုက်တဲ့အတွက် ကုန်ကျစရိတ်တွေ ပိုကျသွားတယ်” ဟု CNI သို့ ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပြုရာတွင် ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းသည် ကုန်ကျစရိတ် ကြီးမားသည့်အတွက် နှစ်နိုင်ငံဘက်ခြမ်း၌ ပိတ်မိနေသည့် ကုန်ကားများအား ရှင်းလင်းသည့်အနေဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ကုန်ကားများ ဖြင့် ကုန်သွယ်မှု ပြုလုပ်နေကြခြင်း ဖြစ်သည်။