၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇
ကိုဗစ်-၁၉ ကူးစက်ရောဂါ အကြောင်းပြချက်ဖြင့် တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့မှစတင် ပိတ်လိုက်ခြင်းကြောင့် တရုတ်ထုတ်ကုန်များကို အဓိကထား ကုန်သွယ်လုပ်ကိုင်နေသည့် အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းအများစု ရပ်နားထားရကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းထားသည့် အဝတ်အထည်၊ ဖိနပ်နှင့် အိတ်အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုးတို့သည် တရုတ်နယ်စပ်ဂိတ်ပိတ်လိုက်သည့်အချိန်တွင် တရုတ်နိုင်ငံဘက်ရှိ ဂိုဒေါင်များတွင် ပိတ်မိနေပြီး မြန်မာနိုင်ငံသို့ ပြန်မဝင်ရောက်နိုင်သည့်အတွက် အခက်တွေ့နေရကြောင်း အွန်လိုင်းအရောင်းအဝယ် လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့က နယ်စပ်ဂိတ်ကပိတ်၊ ပစ္စည်းက ရောက်မလာနိုင်တော့ ကျနော်တို့လည်း လုပ်ငန်း ရပ်နား ထားလိုက်တယ်။ အကုန် ရပ်နားထားလိုက်တယ် ကျနော်တို့လုပ်ငန်းကို” ဟု တရုတ်တိုက်ရိုက် အဝယ် တော်လုပ်ငန်း လုပ်ဆောင်နေသူတစ်ဦးဖြစ်သူ ကိုစိုး(အမည်လွှဲ) က ပြောသည်။
အလားတူ တရုတ်နိုင်ငံမှ အဝတ်အထည်နှင့် ဖိနပ်များကို တင်သွင်းနေသူတစ်ဦးဖြစ်သည့် မသီရိ (အမည်လွှဲ)က “အခက်အခဲတော့ ရှိတာပေါ့။ သူတို့ကျမကို ပိုက်ဆံပေးပြီး မှာ ထားတဲ့ပစ္စည်းတွေ ကျမ အချိန်မီ မပို့ပေးနိုင်တော့ ကျမ တာဝန်များတယ်လေ။ အခုလည်း ပစ္စည်းအထဲမှာ ပိတ်မိနေတယ်။ ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး လေနော်။ ကျမပစ္စည်းက ၆ လပိုင်းက စပိတ်တာဆိုတော့ အခုနဲ့ တွက်ကြည့်ရင် ၆ လလောက် ရှိပါပြီ” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ ဂိတ်ကို တရုတ်နိုင်ငံဘက်မှ ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သော်လည်း တရုတ်နိုင်ငံတွင် ပိတ်မိနေ သည့် မြန်မာကုန်ကားများ အားလုံးနီးပါးထွက်ခွာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်အသီးသီးတွင် ကားအစီးရေ ရာကျော် ပိတ်မိနေကာ လက်ရှိတွင် ကျင်စန်းကျော့ဂိတ်မှ တစ်ရက်လျှင် ငါးစီးသာ ထွက်ခွာခွင့်ပြုနေခြင်းဖြစ်ပြီး အွန်လိုင်းအရောင်းအဝယ်ပစ္စည်းများဖြစ်သည့် အဝတ်အထည်နှင့် အလှကုန်ပစ္စည်း ကားများမှာမူ ထွက်ခွာခွင့်မရသေးကြောင်း အွန်လိုင်းအရောင်း အဝယ်လုပ်ကိုင်သူများက ပြောသည်။
တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် အွန်လိုင်းအရောင်းအဝယ်နှင့် သက်ဆိုင်သည့် ပစ္စည်းများကို ရေလမ်း ကြောင်း၊ လေကြောင်းလိုင်းနှင့် အခြားလမ်းကြောင်းများမှ ထုတ်ယူလျှင် ရနိုင်သော်လည်း ကုန်ကျစရိတ် ကြီး မားခြင်းကြောင့် အဆင်မပြေကြောင်း မသီရိ(အမည်လွှဲ)က CNI သို့ ပြောသည်။
“အခုက တစ်ရက်ကို ငါးစီး၊ ဒါတောင် ကျမတို့ရဲ့အထည်လုပ်ငန်းနဲ့ ပတ်သက်တာတွေ မထုတ်နိုင်သေးဘူး။ တရုတ် ဘက်က ခွင့်မပြုသေးဘူးလေ။ တရုတ်ဘက်က သူတို့သတ် မှတ်ထားတဲ့ ကုန်တွေပဲ ထုတ်ပေးသေးတာ။ စား သောက်ကုန်နဲ့ ဆေးဝါးပစ္စည်း ထင်တာပဲ။ ကျမလည်း အဲလောက်တော့ မသိဘူး။ လောလောဆယ်က အထည် ပစ္စည်းက ထုတ်ဖို့ မဖြစ်နိုင်သေးဘူး သူတို့ တရားဝင်လမ်းကြောင်းပေါ့။ တခြားလမ်းကနေ ထုတ်ဖို့ ဆိုရင်လည်း တန်ဆာခက ဈေးက ဆယ်ဆလောက်ဆိုတော့ ထွက်ဖို့ အဆင်မပြေသေးဘူး။ ခါတိုင်းက တစ် သောင်းလောက် ပေးရတဲ့အိတ်က အခုက တစ်သိန်းကျော်သွားပြီလေ။ တရုတ်ငွေ ယွမ်နဲ့ တွက်ရင် ၃၀၀ ကျော် ၄၀၀ ထဲသွားတယ်။ တစ်ရာကို သုံးသောင်းနှုန်းနဲ့တွက်ရင် တစ်အိတ်ကို ၄၀၀ ဆိုရင် ခါတိုင်း တစ်သောင်းတန် အိတ်က တစ်သိန်း နှစ် သောင်းပေးပြီး ထုတ်ရမယ်ပေါ့နော်။ အဲလိုဆိုတော့ ဘယ်လိုမှ မကိုက်ဘူးလေ” ဟု ၎င်းက ပြောသည်။
တရုတ်ထုတ်ကုန်များကိုသာ အဓိကထား ကုန်သွယ် လုပ်ကိုင်နေသည့် အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းများ အနေဖြင့် ယခုအခါ ရပ်နားထားရသည့်အတွက် အခြားနိုင်ငံမှ ထုတ်ကုန်များ သွင်းယူရန်မှာလည်း ၎င်းတို့ ကျွမ်းကျင်သည့် အပိုင်းမဟုတ်ခြင်းကြောင့် တရုတ်နယ်စပ်တွင် ပိတ်မိနေသည့် ကုန်ပစ္စည်းများ ပြန်ထွက်လာနိုင် မှသာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်တော့မည်ဟု အွန်လိုင်း အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။