၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်သွယ်၍ ပြန်လာသည့် စက်လှေသမား ၇ ဦးထံတွင် ဒီဇင်ဘာ ၇ ရက်နေ့က ကိုဗစ်ပိုး တွေ့ရှိသည့် အတွက် မျိုးကွဲစစ်ဆေးနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစိုးဝင်းပိုင် က CNI သို့ ပြောသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသည့် စက်လှေသမားများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ ကုန်ကူးပြီး စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေး စခန်းတွင် ကွာရင်းတင်း ဝင်နေစဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့ကို သက်ဆိုင်ရာဆေးရုံသို့  ပို့ဆောင် ထားပြီး ဆေးဝါးကုသမှု ခံယူနေကြောင်း၊ ထို ကိုဗစ်ပိုးတွေ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူများကိုလည်း ကွာရန်တင်း ထားရှိ ထားကြောင်း သိရသည်။

ဒေါက်တာစိုးဝင်းပိုင်က “ကျနော်တို့ မျိုးကွဲစစ်ဆေးဖို့တော့ ဆက်သွယ် ဆောင်ရွက်နေတယ်ပေါ့။ ဆေးနှစ်ကြိမ် ထိုးပြီးမှ နယ်စပ် ကုန်သွယ်ရေး ဆောင်ရွက်တာ ဖြစ်တယ်။ ဟိုဘက်နယ်စပ် ကုန်သွယ်ရေးသွားတယ်၊ သွားပြီးတော့ ပြန်လာတယ်။ ကွာရန်တင်း ထားတဲ့အချိန်မှာ တွေ့တယ်ဆိုတော့ ကျနော်တို့လည်း လမ်းခရီးမှာ ဘယ်လိုအနေထားရှိလဲ မသိဘူးလေ။ အဲ့ တော့ ဘယ်က ကူးစက်လဲတော့ ပြောဖို့မတတ်ဘူး” ဟု CNI သို့ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကုန်သွယ်ရန်အတွက် ထွက်ရှိမည့်လှေပေါ်တွင် စက်လှေသမားများ လိုက်ပါမည်ဆိုပါက ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးမှသာ လိုက်ပါခွင့်ပြုခြင်းဖြစ်ပြီး ယခု ကိုဗစ်ပိုးတွေ့ရှိသူများမှာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် ကွာရင်းတင်းဝင်နေသည့် စက်လှေသမားအချို့၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သေးသည်။

ယခုလို စက်လှေသမားများတွင် ကိုဗစ်ပိုးတွေ့ရှိသော်လည်း ရခိုင်(မြန်မာ)- ဘင်္ဂလား‌ဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး မရပ်နားဘဲ ပုံမှန်အတိုင်း ကုန်သွယ်မှု ပြုလုက်နေကြောင်း သိရသည်။

ပုံ-ရခိုင်ပြည်နယ်က စက်လှေသမားများကို ကျန်းမာရေးစစ်ဆေးနေစဉ်။

ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက“ များများစားစား တွေ့လာရင် ပိတ် မလား ဆိုတာကတော့ သက်ဆိုင်ရာ လူကြီးတွေလည်း စဉ်းစားပါလိမ့်မယ်။ လက်ရှိကတော့ ကျနော်တို့က ကိုဗစ်ကို အတတ် နိုင်ဆုံး ဘယ်လိုကာကွယ်လို့ရမလဲ။ ကိုဗစ်ကာကွယ်လို့ရတဲ့ နည်းလမ်းတွေထဲကပဲ ကုန်သွယ်မှု လုပ်နိုင်အောင် အတတ်နိုင် ဆုံး ပေါင်းစပ် ညှိနှိုင်းသွားဖို့ ရှိပါတယ်”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် တောင်အာဖရိက၌ စတင်တွေ့ရှိခဲ့သည့် ကိုဗစ်မျိုးကွဲ ဗီဇသစ်သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်းနှင့် မလေးရှား၊စင်ကာပူတို့တွင် တွေ့ရှိနေပြီဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း မျိုးဗီဇအား ဓာတ်ခွဲစမ်းသပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

မျိုးဗီဇတစ်ခုအား စမ်းသပ်စစ်ဆေးရာတွင် ချက်ချင်းစစ်၊ ချက်ချင်းတွေ့မဟုတ်ဘဲ အဆင့်ဆင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ‌ဒေါက် တာသန်းနိုင်စိုးက ရှင်းပြသည်။

ဒေါက်တာသန်းနိုင်စိုးက“ဒီလိုမျိုး မျိုးစိတ်တစ်ခုကို တွေ့ဖို့ အတည်ပြုဖို့ဆိုတာ ချက်ချင်းစစ်လို့ ချက်ချင်းတွေ့နိုင်တာ မဟုတ်ဘူး။ စင်ကာပူဆို ဘာပဲပြောပြော ကမ္ဘာပေါ်မှာ သူလည်း သိပ္ပံပညာအရရော၊ ဆေးပညာအရရော ထိပ်တန်းရောက်တဲ့ နိုင်ငံ တစ်ခုပဲ။ စင်ကာပူမှာ အိုမိုက်ခရွန် တွေ့တယ်ဆိုတဲ့ သတင်းထုတ်ပြန်ဖို့အတွက်ကို RT-PCR နဲ့ စစ်လိုက်တဲ့အချိန်မှာ သံသယ ဖြစ်နိုင် လူနာစာရင်းထဲ အရင်ထည့်လိုက်တယ်။ အဲ့ခါကျတော့ ဒီဟာနဲ့ပတ်သက်တဲ့ Genetic Sequencing ပေါ့နော်၊ မျိုးဗီဇနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ အဲ့မှာ မျိုးပြောင်းတဲ့ အစီအစဉ်တွေ ရှိတာပေါ့။ အဲ့အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အသိ အမှတ်ပြု ရည်ညွှန်းဓာတ်ခွဲခန်းပေါ့။ အဲ့လို နေရာမျိုးတွေနဲ့ သွားတိုက်ရတယ်။ ကမ္ဘာပေါ်မှာလည်း မျိုးဗီဇနဲ့ စောင့်ကြပ် ကြည့်ရှုလျက်ရှိတဲ့ Data base တွေပေါ့နော်။ တချို့ဟာတွေကပြန်ပြီးတော့ကျွမ်းကျင်ပညာရှင်တွေနဲ့ သုံးသပ်ရတယ်။ အဲ့တော့မှ အတည်ပြုနိုင်တယ်” ဟု CNI သို့ ပြောသည်။

အထက်ပါ အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပေ။