၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈
ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရန် ရှိနေသည့်အတွက် ယခုတစ်ပတ်အတွင်း ရန်ကုန်ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင် ရောက်မှု မြင့်မားနေကြောင်း ကုန်စည်ဒိုင်ထံမှ သိရသည်။
ပုံမှန်ရက်များတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်ရေ ၇၀၀၀၀ (ခုနှစ်သောင်း)ကျော်သာ ဝင်ရောက်လျက်ရှိသော်လည်း ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ဆန်အိတ်ရေ ၁၅၀၀၀၀ (တစ်သိန်းခွဲ)နီးပါး ဝင်ရောက်ခဲ့ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုရက် ဈေးကောင်းတော့ နယ်ကစပါးဈေးနဲ့ ကိုက်လို့လားမသိဘူး လာကြတယ်။ အခုက ဈေးနှုန်း တဖြည်းဖြည်းနဲ့ မြင့်တက်လာတော့ အခု ဆန်က တနင်္လာနေ့ တစ်ရက်တည်းကို အိတ်ရေ တစ်သိန်းကျော်လောက် ဝင်တယ်။ ၁၂၀၀၀၀ လောက် ဝင်တယ်။ ပုံမှန်ကတော့ ခုနစ်သောင်း၊ ရှစ်သောင်းလောက် ဝင်နေတယ်။ တစ်ရက် တစ်ရက်ကို အိတ်ရေ ဝင်တာပေါ့။ အခုရက်က ဆန်က ဈေးလည်းကောင်းကြတော့ အရောင်းများကြတယ်။ အရောင်းများပြီးတော့ ဝယ်တဲ့သူကလည်း သင်္ဘော တင် လိုအပ်ချက်ရှိတော့ ဝယ်ကြတယ်”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၁−၂၀၂၂ နှစ်ဝက်ဘတ်ဂျတ် ပထမ နှစ်လအတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲတန်ချိန် ၅၀၀၀၀၀ (ငါးသိန်း)ကျော် တင်ပို့ရောင်းချထားကြောင်း သိရသည်။
ယခုလို ဆန်ဈေးနှုန်း မြင့်တက်ရခြင်းသည် ဆန်စက်ပိုင်ရှင်နှင့် ကုန်သည်ကြီးများထံကို စပါးများ ရောက်ရှိထားတာကြောင့် ဖြစ်သည်ဟု ဦးသန်းဦးက သုံးသပ်သည်။
၎င်းက“အခု ဒီလပိုင်းထဲမှာ သင်္ဘောတင်ဖို့က အများကြီးရှိတယ်။ နောက်တစ်ခုက ဝယ်တဲ့သူများတော့ ဈေးနှုန်းက အပြိုင် အဆိုင် ဝယ်ရင်းနဲ့ ဈေးနှုန်းက မြင့်သွားတာပေါ့နော်။ သင်္ဘောတင်ဖို့ ရောင်းထားတဲ့သူတွေက များတယ်။ နယ်မှာလည်း စပါး တွေက ဈေးမကြိုက်ရင် မရောင်းတော့ တောင်သူလက်ထဲမှာ မရှိတော့ဘူး။ ကုန်သည်ကြီးတွေနဲ့ ဆန် စက်ပိုင် လက်ထဲတွေ ရောက်သွားတော့ သူတို့ကလည်း ဝယ်ထားတာ သူတို့လျော့တွက်နဲ့ အခုချိန်မှာ ဒီဈေးရမှရောင်းမယ် မရရင် မရောင်းသေးဘူး ပိုက်ဆံရှိတဲ့ သူတွေလက်ထဲ စပါးတွေရောက်သွားတော့ ဈေးနှုန်းတစ်ခုကို သူက ပြန်ဆွဲတင်တာပေါ့နော်။ ဆွဲတင်တော့ ဈေးနှုန်းက ဝယ်လိုအားရှိတော့ အဲလို ဖြစ်သွားတာပေါ့နော်” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့မှုသည် ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နယ်စပ်သို့ အထွက်နည်းသော်လည်း ပင်လယ်ရေ ကြောင်းဖြင့် တခြားသော နိုင်ငံများသို့ တင်ပို့မှု အားကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။
သို့သော် ပင်လယ်ရေကြောင်းမှတဆင့် ကုန်သွယ်မှုတွင် ကုန်သေတ္တာရှားပါးပြီး ငှားရမ်းခ စျေးနှုန်းမြင့်မားနေ၍ သင်္ဘော စင်းလုံးလိုက် တင်ပို့ရောင်းချသည့် ပုံစံဖြင့် တင်ပို့လာကြသည်ဟု ဦးသန်းဦးက CNI သို့ပြောသည်။
“ကွန်တိန်နာ အခက်အခဲ ရှိတယ်။ ကွန်တိန်နာ ဈေးကြီးလို့ အခု ကွန်တိန်နာနဲ့ မတင်တော့ဘူး။ လူတွေက အကုန်လုံး သင်္ဘောထဲ ဝမ်းပုံပုံတင်တယ်။ သင်္ဘောထဲကို လောင်းထည့်ပြီး တင်တာပေါ့နော် အဲလိုမျိုးတွေ ရှိတယ်။ ကွန်တိန်နာနဲ့ တင် တာလည်း ရှိတာပေါ့နော်။ များသောအားဖြင့်တော့ ကွန်တိန်နာ ဈေးမြင့်လို့ သင်္ဘောထဲကို လောင်းထည့်ပြီး တင်တဲ့သူများ လာတယ်ပေါ့နော်။ အရင်တုန်းက ဝယ်သူတွေက ကုန်သေတ္တာနဲ့ တင်တဲ့ဟာကိုပဲ ဝယ်ယူတာပေါ့နော်။ အခုဟာတော့ ကုန် သေတ္တာ ငှားဖို့ အခက်အခဲရှိတော့ သင်္ဘောစင်းလုံး ဝမ်းဗိုက်ထဲကို လောင်းထည့်ပြီးတော့ ပုံထည့်ပြီးတော့ တန် တစ်သောင်းတို့ တန်တစ်သောင်းခွဲ အဲလိုမျိုးလေးတွေ တင်ပို့တာတွေ အဲလိုမျိုး သင်္ဘောကြီးတွေနဲ့ တင်ပို့တာတွေ ရှိတယ်ပေါ့နော်” ဟု ပြော သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၏ ထုတ်ပြန်ထားချက်အရ နှစ်ဝက်ဘတ်ဂျတ်၏ ပထမဆုံးလဖြစ်သည့် အောက်တိုဘာလအတွင်း ကုမ္ပဏီ ၃၂ ခုက ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂၁၀၀၀၀(နှစ်သိန်းတစ်သောင်း)ကျော် တင်ပို့ခဲ့ပြီး နိုဝင်ဘာ လမှာ ကုမ္ပဏီ ၃၄ ခုက တန်ချိန် ၂၈၀၀၀၀(နှစ်သိန်းရှစ်သောင်း)ကျော် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
လက်ရှိနိုင်ငံတကာ ဆန်စျေးကွက်တွင် မြန်မာဆန်စျေးမှာ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၂ ကနေ ၄၂၆ ကြား ပေါက်စျေး ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)၏ ထုတ်ပြန်ထား ချက်အရ သိရသည်။