၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉

တရုတ်ဘက်သို့ ရောက်ရှိနေပြီးဖြစ်သည့် ဖရဲကား အစီး ၂၀ ကျော်တွင် ၅ စီးသည် ဒီဇင်ဘာ ၈ ရက်နေ့က ဖရဲရောင်းကွင်းသို့ ရောက်ရှိခဲ့ပြီး တစ်စီးမှာ လုံးဝပျက်စီး၍ ၄ စီးသာ ရောင်းခဲ့ရကြောင်း ကုန်သည်များထံမှ သိရသည်။

အဆိုပါ ၄ စီးအား ယွမ် ၉၀၀၀၀ (ကိုးသောင်း) မြန်မာငွေ ၂၅၁ သိန်းဖြင့် ရောင်းခဲ့ရပြီး ကျန်တစ်စီးမှာ လုံးဝပျက်စီးနေသဖြင့် မရောင်းခဲ့ရကြောင်း၊ တစ်စီးချင်းတွက်ချက်ပါက ယွမ် ၂၂၅၀၀ (ယွမ် နှစ်သောင်းနှစ်ထောင့်ငါးရာ) မြန်မာငွေ ၆၂ သိန်းသာ ရရှိပြီး စရိတ်မကာမိကြောင်း ကုန်သည်များထံကသိရသည်။

စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က“အခုပျမ်းမျှတွက်လိုက်တဲ့ တစ်စီး ၂၂၅၀၀ ယွမ်က စရိတ်တောင် သိပ်မလောက်ချင် ဘူး။ အသီးက အလကားပေး လိုက်ရသလိုပဲ။ အရင်းတောင် မရဘူးပေါ့။ ကားခတောင်မှ အိတ်တောင် ပြန်စိုက်ရင် စိုက်ရမှာ။ သူတို့ပြောပုံအရ မနေ့က ၃ စီးကတော့ တော်တော် အခြေအနေဆိုးပြီး ၂ စီးကတော့ ရွေးလို့ရသေးတယ်ဆိုတဲ့ ပုံစံမျိုး။ အဲ့ဒါကို ဒီနေ့ကျတော့ ဒီ ၄ စီးကို ပုံပြီး ဝယ်လိုက်တယ်ပေါ့။ ကျန်တဲ့အစီးတွေလည်း တကယ်လို့ သူတို့က ရောင်းကွင်းကို ရောက်သွား နိုင်တဲ့ အခြေအနေမျိုး ရှိပြီဆိုလို့ရှိရင် သူ့ရဲ့ အသီးပေါ်မှာမူတည်ပြီး ဈေးတွေက ဒီလိုဖြစ်မှာပဲ”ဟု CNI သို့ ပြောသည်။

ယခင်က အသီးပေါ်မူတည်၍ ယခုလို ဈေးသတ်မှတ်ချက်မျိုး ရရှိခဲ့ဖူးသော်လည်း ကုန်ကျစရိတ် မများသည့်အတွက် အဆင် ပြေကြောင်း၊ သို့သော် လက်ရှိ အထွေထွေအကျပ် အတည်းကြောင့် ကုန်ကျစရိတ်မကာမိကြောင်း ကုန်သည်များထံမှ သိရ သည်။

ဖရဲစိုက်တောင်သူတစ်ဦးဖြစ်သည့် ကိုစည်သူအောင်ကတော့ နောက်တက်လာသည့် ဖရဲကားအသစ်များကို ဦးစားပေး တင်ပို့ စေချင်ကြောင်း ဆိုသည်။

၎င်းက “ကျနော်တို့ ဖြစ်စေချင်တာကကျတော့ အဲ့ဘက်မှာရှိတဲ့ ကားတွေက ရောင်းမှာဆိုလည်း အကုန်ရောင်းဗျာ။ ကျနော်တို့ ကကျ နောက်ကား အသစ်လာမှာ။ နောက်အသစ်ကို အသီးကောင်းတယ်ဆိုရင် အသစ်ကို ဦးစားပေး ခိုင်းမယ်ဆိုရင်တော့ နောက် အသီးက ဘယ်လိုနေနေ ကောင်းနေတာဆိုတော့ နောက်အသီးကို ဦးစားပေးစေချင်တယ် အဲ့လိုမျိုး။ နောက်အသီး ဦးစားပေး မယ်ဆိုရင် ဝယ်တဲ့သူတွေလည်း အသီးကောင်းရမယ်ဗျာ”ဟု CNI သို့ ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ဖရဲလိုအပ်ချက်များနေသည့်အတွက် အသီးကောင်းတင်ပို့နိုက်ပါက ဈေးကောင်းရရှိ နိုင်သည်ဟု ကုန်သည်များက သုံးသပ်ကြသည်။

စိုင်းမြင့်ဗိုလ်သစ်သီးပွဲရုံမှ နန်းခမ်းခင်က “လိုအပ်ချက်ကတော့ ကြီးနေတယ်။ ဘာလို့ဆို ခါတိုင်းနှစ် ဒီအချိန်ဆိုရင် တစ်ရက်ကို ဖရဲအစီး လေး၊ ငါးရာလောက် ဝင်ရမယ့် အချိန်ပေါ့။ အခုက ၄၊ ၅ စီးပဲ ဝင်နေတယ်ဆိုတော့ လိုအပ်ချက်ကတော့ တော်တော် ကြီးပါတယ်။ လတ်လတ်ဆတ်ဆတ်နဲ့ အသီးကောင်း ဝင်နိုင်တယ်ဆိုရင်တော့ ဈေးတော်တော်ကောင်းမယ့် အချိန်ပေါ့နော်” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ဖရဲကားများမှာ ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် မျက်နှာချင်းဆိုင် ကွင်းထဲတွင် အစီး ၃၀ ကျော် ၊ ၁၀၅ မိုင် ဖရဲ ရောင်းကွင်းတွင် အစီးရေ ၃၀ ဝန်းကျင်၊ လွယ်အင် ကားချိန်းကွင်းတွင် အစီးရေ ၅၀ စသဖြင့် အသီးသီး ရှိနေကြသော်လည်း ထိုကားများသည် တရုတ်နိုင်ငံဘက်သို့ မရောက်သေးပေ။

ထို့ကြောင့် အချို့ကုန်သည်များသည် ပြည်တွင်းသို့ ကားများပြန်လှည့်ကာ ရောင်းချကြပြီး ဈေးနှိမ်ဝယ်သည့်အတွက် ဈေးကျကြောင်း သိရသည်။

တရုတ်နိုင်ငံသည် Border Trade(နယ်စပ်ကုန်သွယ်ရေး)စနစ်မှ Normal Trade(ပုံမှန်ကုန်သွယ်ရေး) စနစ်သို့ ပြောင်းလဲ လိုက်ပြီး ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်း တင်ပို့မှုစနစ်ဖြင့် အခွန်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။