၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိတ်လိုက်သည့်အတွက် တရုတ်နိုင်ငံဘက်တွင် ပိတ်မိနေသည့် မြန်မာကုန် တင်ကားများကို ပြန်လည်ထွက်ခွာခွင့်ပြုနေသော်လည်း တချို့ကားများမှာ တင်ဆောင်ထားသည့် ကုန်ပစ္စည်း ကန့်သတ်ချက် ကြောင့် ပြန်လည်မထွက်ခွာနိုင်သေးပဲ ဖြစ်နေကြောင်း သိရသည်။
တရုတ်ဘက်ခြမ်းတွင် ပိတ်မိနေသည့် မြန်မာကုန်ကား အစီးရေ ၂၀၀ နီးပါးကို နိုဝင်ဘာလ တတိယအပတ်မှ စတင်၍ ပြန် လည်ထွက်ခွာခွင့် ပြုခဲ့သော်လည်း တချို့ကုန်ကားများ သည် အပျက်အစီးများ (ကားပျက်နေခြင်း)ဖြစ်နေခြင်းနှင့် ကုန်ပစ္စည်း ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲဖြစ်နေကြသည်ဟု ဝမ်တိန်ဂိတ်မှူး တစ်ဦး ဖြစ်သူ ကိုအောင်ရဲကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရင်ကတော့ ၁၅၀/၂၀၀ နီးပါးလောက်တော့ ရှိတယ်။အဲအထဲမှာ လုံးဝ ပျက်နေတဲ့ကားတွေပဲ အခက်အခဲများတာ။ ပျက်နေတဲ့ ကားတွေကတော့ ပြင်ပေးမယ့်သူလည်းမရှိ ပြင်လို့လည်းမရ၊ ပစ္စည်းတွေက အကုန်တင်ထားပြီးသားဆိုတော့ ဒုက္ခ တော်တော်များတယ်။ ကျန်တဲ့ဟာတွေကတော့ သူ့ဟာနဲ့သူ ကုန်ပစ္စည်းတွေကတော့ Chemicals ပစ္စည်းပေါ့၊ အလှကုန်တွေ ပြန်ချ ပြန်ချပြီးတော့ တခြားကုန်နဲ့ ပြန်ထွက် ရပြီ အဆင်ပြေသွားပြီ။ ပျက်တဲ့ကားတွေပဲ ကျန်နေတာ အခက်အခဲကတော့။ မရှိတော့ပါဘူး။ ဆယ်ဂဏန်းလောက်ပါပဲ။ ဒါတောင်မှ သူ့ဟာနဲ့သူ အလှည့်ကျ ထွက်ရမှာ။ ၅ စီးလည်း ထုတ်တယ်။ သူအဆင် ပြေရင် အဆင်ပြေသလိုပေါ့။ ၁၃ စီး၊ ၁၇ စီး၊ တစ်ခါတစ်လေလည်း ၄ စီး သတ်မှတ်ချက်တော့ မရှိဘူး။ စစ်တာမြန်ရင်လည်း မြန်တဲ့ကား မြန်မာဘက်က အဆင်သင့်ဖြစ်ရင် ဖြစ်သလို အခုကလည်း ကုန်ပစ္စည်း အကန့်အသတ်ရှိတော့ ကုန်ပစ္စည်း စိစစ် ပြီးမှ ထွက်တာဆိုတော့ အရေအတွက် အကန့်အသတ် မရှိဘူး”ဟု CNI သို့ ပြောသည်။
မြန်မာနိုင်ငံ၌ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားသည့် အချိန်တွင် တရုတ်နိုင်ငံမှ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း များကို စတင်ပိတ်လိုက်ခြင်းကြောင့် တရုတ်ဘက်ခြမ်းတွင် မြန်မာကုန်တင်ကားများ ၅ လကျော် ၆ လနီးပါး ပိတ်မိနေခဲ့ရာ နိုဝင်ဘာလမှာတော့ ပိတ်မိနေသည့် ကုန်ကားများ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့သည်။
အဆိုပါ ကုန်ကားများသည် လနှင့်ချီ ရပ်နားထားရခြင်းကြောင့် ထွက်ခွာခွင့် ရသည့်အချိန်တွင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကုန်ကားပိုင်ရှင်တစ်ဦးဖြစ်သူ ကိုရှိုင်းဝေအောင်က ပြောသည်။
၎င်းက“ကျနော့်ကားကတော့ ထွက်လာပြီဗျ။ ကျနော့် သူငယ်ချင်းကားတွေပဲ ကျန်တော့တယ်။ ကျနော့်ကားက ကုန်တစ်မျိုး တည်း တင်လာတာဆိုတော့။ ထွက်လာတာတော့ အပေါက်ဝကနေပြီးတော့ ရှန်တိန်က ရွှေလွယ်အင်ကွင်းထဲကို ဝင်တယ်ဗျ။ ကွင်းထဲကနေမှ ရှန်တိန်က ကွင်းပြင်ကို ထုတ်တယ်ဗျ။ ကွင်းပြင်ကနေမှ ရှန်တိန်က ၁၀၅ မိုင်အထိ လမ်းဆုံကျောက်တိုင်ကို ကျောက်တိုင်မှာ ရပ်တယ်ဗျ။ ကျောက်တိုင်ကနေ ကျနော်တို့ ပြန်မောင်း ယူရတယ်ဗျ။ အပြင်ကနေ ထွက်လာတော့ ကျနော် တို့ ကားဘက်ထရီ နှစ်လုံးကတော့ လုံးဝ မကောင်းတော့ဘူးဗျ။ သုံးမရတဲ့အထိ ဖြစ်သွားတယ်။ ဘက်ထရီရော မိုးကာရော” ဟု CNI သို့ ပြောသည်။
ထွက်ခွာခွင့်ရသည့် ကုန်ကားများသည် ကုန်ပစ္စည်း အမျိုးအစား တစ်မျိုးတည်းကိုသာ တင်ဆောင်ထားခြင်းကြောင့် ထွက်ခွာ ခွင့် ရခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတုပစ္စည်း၊ ကုန်မျိုးစုံနှင့် အလှကုန် အစ္စည်းအချို့ တင်ဆောင်ထားသည့် ကုန်ကားများသည် ထွက်ခွာခွင့် မရကြောင်း သိရသည်။
ဝမ်တိန်တွင် ပိတ်မိနေသော ကုန်ကားပိုင်ရှင် ကိုရဲရင့်စံက “အခု လောလောဆယ်ကတော့ ကျနော့်ကားကတော့ ပိတ်မိနေ တာဗျ။ ဘာမှတော့ မကြားရသေးဘူး။ ပြောမယ်ဆိုရင်တော့ သူတို့ကလည်း ဟိုလိုလို ဒီလိုလိုပေါ့ အစ်မရယ်။ တိကျတဲ့ စကားကိုတော့ မပြောသေးဘူးဗျ။ ဒီတစ်ပတ် ထွက်နိုင်မယ် ထွက်နိုင်မယ်လို့သာ ပြောနေတာ အစ်မရေ။ ထွက်လာနိုင်ဖို့က ဝေးသေးတယ်လို့ ထင်ပါတယ် ကျနော်တို့ အနေနဲ့ကတော့”ဟု CNI သို့ ပြောသည်။
မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်သည့်အချိန်တွင် တရုတ်နိုင်ငံဘက်ခြမ်း ဝမ်တိန်ဂိတ်၌ မြန်မာကုန်ကား အစီးရေ ရာချီ ပိတ်မိနေသည့်အပြင် ကျယ်ဂေါင်ဂိတ်၊ မန့်ဝိန်းဂိတ်များရှိ ဂိုဒေါင်များတွင်လည်း ကုန်ပစ္စည်းများ ပိတ်မိနေပြီး အပျက်အဆီးများနှင့် ကြုံတွေ့နေကြောင်း သိရသည်။