၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နားထားရန် ညွန်ကြားထား သော်လည်း ဆက်လက် တူးဖော်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် လုံးခင်း ကျောက်စိမ်းရိုင်း တူးဖော်ရေးဌာနက ရပ်နားထားရန် ညွှန်ကြားထားသော်လည်း တရားဝင် စာထုတ် တားမြစ်ခြင်း မရှိကြောင်း၊ ကျောက်စိမ်းတူးဖော်မှုများလည်း ရှိနေကြောင်း လုံးခင်းဒေသခံ တစ်ဦးဖြစ်သူ ဦးနေလင်း (အမည်လွှဲ)က CNI ကို ပြောသည်။
၎င်းက “အဲတာတော့ စာတော့ အဓိက ညွှန်ကြားထားတယ်လို့ အတိကျ မသိရဘူး။ ပါးစပ်အနေနဲ့ ညွှန်ကြားထားတာ ကြား တာပဲ၊ သို့သော်ငြားလည်း ဒီမှာတော့ နားလည်မှုနဲ့ တူးနေကြတာပဲ။ တရားဝင်ကြီး ထုတ်ထားတာလား၊ ထုတ်ထားတဲ့ စာ တွေတော့ ကျနော်တို့ မသိရဘူး ညွှန်ကြားထားတာ။ ဒါပေမယ့် ပေါင်းတူးနေကြတာပဲ။ KIA တွေရော၊ စစ်တပ်တွေရော ပေါင်းတူးနေကြ တာပဲ” ဟု CNI သို့ ပြောသည်။
ဖားကန့်ကျောက်စိမ်း လုပ်ကွက်များသည် KIA နှင့် တပ်မတော်၏ ခွင့်ပြုချက်ရမှသာ တူးဖော်၍ရကြောင်း၊ ထိုအဖွဲ့အစည်း များသည်လည်း ရှယ်ယာပါ၍ တူးဖော်မှုများရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကျောက်စိမ်းလုပ်ကွက်များ ရပ်နားထားခြင်း မရှိကြောင်းနှင့် နားလည်မှုယူ၍ တူးဖော်နေကြကြောင်း ဖားကန့်ဒေသခံ တစ်ဦး ဖြင့်သူ ဒေါ်မေနှင်း (အမည်လွှဲ)က ပြောသည်။
၎င်းက “လုပ်ကွက်တွေလား မရပ်ပါဘူး။ အကုန်လုံး နီးပါးပေါ့နော်။ နေ့ရော ညရော တူးနေတာပဲ။ တချို့က နေ့တူးပြီးတော့ ညကို ရပ်ထားတယ်။ တချို့ကတော့ နေ့ကို မတူးပဲနဲ့ ညကို တူးကြတယ်။ နဂိုလို လွတ်လွတ်လပ်လပ် တူးတဲ့ အခြေအနေ မျိုးတော့ မဟုတ်ဘူး ထင်တယ်။ တူးတာတော့ တူးနေကြတယ်” ဟု CNI သို့ ပြောသည်။
ပုံ-ဖားကန့်ဒေသက ကျောက်စိမ်းတူးနေခြင်း။
လက်ရှိတွင် ကျောက်စိမ်းတူးဖော်မှုကို ကုမ္ပဏီတစ်ခုတွင် ကား (၁၀) စီး၊ ဘက်ဟိုး (၁၀) စီးခန့်ဖြင့် တူးဖော်နေကြကြောင်း ဒေသခံများက ပြောသည်။
လုံးခင်းဒေသခံ ဦးနေလင်း (အမည်လွှဲ)က “အဓိကတော့ နိုင်ငံရေးအပေါ်မှာ အပေါ်က ဘယ်လိုပဲ ညွှန်ကြားညွှန်ကြား အောက်ခြေမှာကတော့ ဒီလိုမျိုး လုပ်စားဖို့ဆိုတာကတော့ လုပ်စားနေတာကတော့ မသင့်တော်ဘူးပေါ့ဗျာ။ တကယ့် တကယ် ကြရင် တိုင်းပြည်ပဲ နစ်နာတယ်။ ပြည်သူပဲ နစ်နာတယ်။ ပြည်သူရဲ့ သယံဇာတတွေလေ။ တကယ်ပိတ်မယ်ဆိုလည်း တိတိကျ ကျ လုပ်ခိုင်းစေချင်တာပေါ့ဗျာ။ အခုဟာက ဘယ်လောက်ပဲ အထက်က ညွှန်ကြားလာ ညွှန်ကြားလာ အောက်ခြေရဲ့ ဗျူရိုကရေစီ ယန္တရားကတော့ တစ်ဖက် လှည့်နဲ့ လုပ်ဖို့ကတော့ အမြဲတမ်း အရန်သင့် ဖြစ်နေတယ်။ အဲတော့ ဘာဖြစ်လဲ တိုင်း ပြည် နစ်နာတယ်။ ခဏ ရန်ဖြစ်ချင်ယောင်တွေ ဆောင်တယ်။ ပြည်သူကတော့ ရန်ဖြစ်နေကြတယ်၊ ရန်ဖြစ်နေကြတယ် အထိတ်အလန့် သူတို့ကတော့ ပေါင်းစားနေကြတာပေါ့။ အဲအပိုင်းတွေကတော့ ကျနော်အမြင်ကတော့ မဖြစ်သင့်တော့ဘူး ပေါ့။ ဒီလိုခေတ် အခြေ အနေအခါမျိုးမှာ” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် ဖားကန့်၌ တရားမဝင် ကျောက်စိမ်းတူးဖော်မှုရာမှာ KIA နှင့် တပ်မတော်သို့ အခွန်ပေးဆောင်ရသည့်မှာ ယခင်က ထက် သုံးဆခန့် ပိုပေးရကြောင်း ဒေသခံများမှ ပြောသည်။
KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “အဲတာနဲ့ ပတ်သက်လို့တော့ ကျနော်အသေးစိတ်ဘာမှ မသိဘူး။ မသိဘူး ဆိုတာကတော့ အခွန်ကတော့ ဘယ်လောက်ကောက်တာပေါ့နော်။ အရင်က ဘယ်လောက်ကောက်တယ်၊ အခုက ဘယ် လောက် ကောက်တယ်၊ အဲတာတွေလည်း ကျနော်ဘာမှ နားမလည်ဘူး။ ဆိုတော့ အဲမေးခွန်းနဲ့ ပတ် သက်ပြီးတော့ ကျနော် သုံးသပ်ပြီးမှ ဖြေပေးဖို့က ကျနော်ဆီမှာ အခက်အခဲရှိပါတယ်။ ကျနော်တို့ ဗဟိုကော်မတီကနဲ့ ဒီလိုလုပ်ရအောင် ဟိုလိုလုပ် ရအောင် ဆုံးဖြတ်ပြီးမှ ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေက မရှိဘူးခင်ဗျ၊ ဟုတ်ကဲ့ လက်တွေ့ပိုင်းဖြစ်မှာပေါ့။ ကျနော်တို့ဘက် ထူးထူးခြားခြား သူတို့ကိုညွန်ကြားတာတွေ အဲဒီအခွန်ကောက်တဲ့ဟာတွေကို ဈေးနှုန်းသတ်မှတ်တာတွေ ကျနော်ဘာမှ မသိရပါဘူး။ ရှေ့တန်းက လက်တွေ့အလုပ်တွေက ကျနော်မကြားသိရဘူး”ဟု CNI သို့ ပြောသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နစကသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိကြပေ။