လစ်ဗာပူး၊ ဒီဇင်ဘာ ၁၂
ယူကရိန်းအပေါ် ရုရှားရည်ရွယ်ချက်များကြောင့် အကျပ်အတည်းဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ရန်လိုသူများအတွက် မိမိတို့ စည်းလုံးညီညွတ်မှုပြသရန် ဗြိတိန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံမှ ထိပ်တန်း သံတမန်များအစည်းအဝေးကို လစ်ဗာပူးလ်မြို့၊ မာဆေးမြစ်ကမ်းဘေးတွင် ဒီဇင်ဘာ ၁၁ ရက်၌ ကျင်းပခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ဗြိတိန်သည် ရုရှား၏ မသမာသောအပြုအမူ၊ တရုတ်နှင့်အီရန်တို့၏တင်းမာမှုများ အစရှိသည်တို့ကို တုံ့ပြန်ရန် အတွက် ချမ်းသာသောနိုင်ငံများအသိုက်အဝန်းတစ်ခုထံမှ ခက်ခဲရှားပါးသောသဘောတူညီချက်တစ်ရပ် ထွက်ပေါ် လာရေး ကြိုးပမ်းနေသည်။
ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက် ကြသည့် အဆိုပါအစည်းအဝေးတွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) က အဖွင့် အမှာ စကားပြောကြားရာ၌ “ ရန်လိုမှုတွေ၊ ခြိမ်းခြောက်တာတွေ ကြားထဲမှာ ကျမတို့ကိုယ်ကျမတို့ ခုခံကာကွယ်သွားဖို့ လိုအပ်ပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဘောင်တွေကို ကန့်သတ်ဖို့ ကြိုးပမ်းနေတဲ့ ရန်လိုသူတွေကို ကျမတို့ အတူလက်တွဲပြီး အခိုင်အမာရပ်တည်ကြဖို့ လိုအပ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
Photo-AP
ယူကရိန်းနယ်စပ်သို့ ရုရှားတပ်ဖွဲ့များနှင့် လက်နက်များ ဖြန့်ကြက်ချထားမှုသည် ကျူးကျော်ရန် ရှေ့ပြေး ဖြစ်နိုင်ကြောင်း အမေရိကန်နှင့် နေတိုးမဟာမိတ်နိုင်ငံများက စိုးရိမ်နေသည်။ ထိုသို့ဖြစ်လာပါက ရုရှား စီးပွားရေးအပေါ် ပြင်းထန်သည့်အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု ပြောကြားထားသည်။
ယူကရိန်းကို ဝင်တိုက်မည်ဆိုခြင်းကို မော်စကိုက ငြင်းဆိုထားပြီး ယူကရိန်း၏ရန်လိုသောအနေအထားသာ ဖြစ်ကြောင်း တုံ့ပြန်စွပ်စွဲထားသည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ထရက်စ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်တို့သည် ယူကရိန်းအပေါ် ရုရှားရန်လိုမှုမှ မည်သို့မည်ပုံတားဆီးရေးကို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အကယ်၍ ရုရှားကျူးကျော်ခဲ့လျှင် ပြင်းထန်သည့်အကျိုးဆက်များ ရှိလာနိုင် ကြောင်းနှင့် မဟာဗျူဟာမြောက်အမှားတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းတို့နှစ်ဦးက သတိပေးခဲ့သည်။
ဥရောပဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ကရင်ဒွန်ဖရိုင်းသည် လာမည့်သီတင်းပတ်တွင် ယူကရိန်း၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်များကို အားဖြည့်ရန်နှင့် ယခုအကျပ်အတည်းအတွက် သံတမန်နည်းလမ်းနှင့် ဖြေရှင်းနိုင်ရန် ကီယက်နှင့်မော်စကိုမြို့များသို့ လာမည့်သီတင်းပတ်တွင် သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
Source: AP