၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၂

တရုတ်၏ ကုန်သွယ်ရေးစနစ် ပြောင်းလဲလိုက်မှုကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်များမှာ ဈေးတက်လာနိုင်သောကြောင့် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအပေါ်ရိုက်ခတ်မှုရှိနိုင်သည်ဟု မူဆယ်ရှိ ကုန်သည်များက ပြောသည်။

တရုတ်နိုင်ငံဘက်မှ မြန်မာသို့ တင်ပို့သည့်ကုန်များမှာ လူသုံးဆောင်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးပစ္စည်း၊ စားသောက်ကုန်ပစ္စည်း စသည့် ပစ္စည်းများဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံက ကုန်သွယ်ရေးစနစ် ပြောင်းလဲလိုက်မှုကြောင့် အထက်ပါ ပစ္စည်းများသည် မြန်မာပြည်တွင်းတွင် ဈေးတက်လာနိုင်ကြောင်း မူဆယ် ဆန်စပါးကုန်စည် ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ဦးမင်းသိန်းက “အခုလို အခွန်ငွေ စည်းကြပ်တာကို မြှင့်တင်လိုက်မယ်ဆိုရင်တော့ ပြည်တွင်းမှာ ရှင်းရှင်းပြောရမယ်ဆိုရင် အောက်ခြေ လူတန်းစားတွေက တရုတ်ပစ္စည်းကို တော်တော်လေး သုံးစွဲနေရတာရှိတယ်။ အခြေခံလူတန်းစားက ဈေးပေါ တဲ့ တရုတ်ပစ္စည်းကိုပဲ အားကိုးနေရတာ။ အစစအရာရာ လူသုံးကုန်ပစ္စည်း၊ ဆေးပစ္စည်း၊ စားကုန် သောက်ကုန်ပစ္စည်းပါ အားကိုးနေရတာ။ တရုတ်ပစ္စည်းက အခုလို ဈေးတက်တယ်ဆိုရင်တော့ အခြေခံလူတန်းစားတွေက နံပါတ်တစ် ဦးဆုံး ထိခိုက်မှုရှိတာပေါ့”ဟု CNI သို့ ပြောသည်။

တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ယခင် Border Trade (နယ်စပ်ကုန်သွယ်ရေး)စနစ်မှ Normal Trade(ပုံမှန်ကုန်သွယ်ရေး) စနစ်သို့ ပြောင်းလဲလိုက်သည်။

ပုံ-တရုတ်ဘက်သို့ ကုန်သွယ်ရန်၀င်ရောက်နေသည် ကုန်ကားနဲ့ ကျန်းမာရေးစစ်ဆေးရန်စောင့်နေကြသူများ။

Normal Trade (ပုံမှန်ကုန်သွယ်ရေး) စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် တန်ချိန်သတ်မှတ်ချက်များရှိလာကြောင်း၊ ပုံမှန် ကုန်သွယ်ရေးစနစ်ဖြင့် ကုန်တင်ပို့မှုကို ပင်လယ်ရေကြောင်း တင်ပို့မှုစနစ်ဖြင့် အခွန်ကောက်ခံ မည်ဖြစ်ကြောင်း၊ အကောက် ခွန် ကုန်ကျစရိတ်မှာ တရုတ်ငွေ ယွမ် ၈၀၀ မှ ၁၀၀၀ ခန့် အထိရှိနိုင်ကြောင်း သိရသည်။

အဆိုပါ အကောက်ခွန် ကုန်ကျစရိတ်သည် တရုတ်နိုင်ငံတွင်းရှိ ကုန်သည်များပေါ်တွင်လည်း သက်‌ရောက်မှု ရှိသည့်အတွက် ၎င်းတို့ဘက်မှ ပို့ကုန်များမှာ ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။

ကုန်သည် ဦးစန်းဝင်းက “ဒီကုန်ကျစရိတ်က ပြည်သူပေါ်ပဲ ပြန်လာမှာပဲကို။ အရင်တုန်းက အင်္ကျီတစ်ထည်ကို ၁၀၀၀၀ လောက်ပဲ ဗမာပြည်မှာ ရောင်းတယ်ဆိုရင် အခုက ၂၀၀၀၀၊ ၃၀၀၀၀ ဖြစ်သွားပြီလေ။ ကုန်ကျစရိတ်က ဆတိုး တက်လိုက်တာ ကိုး။ သူတို့ကတော့ သူတို့စည်းမျဉ်းအတိုင်း သူတို့သွားမှာပဲ။ ကျနော်တို့ဘက်ကလည်း လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် မလုပ်နဲ့ အဲ့လိုအတွေးမျိုးပဲ တွေးနိုင်မှရမှာ။ သူတို့နိုင်ငံပေါ်မှာ မှီခိုလွန်းအားကြီးသွားတာပေါ့ဗျာ”ဟု CNI သို့ ပြောသည်။

တရုတ်ဘက်မှ ထိုသို့ ကုန်သွယ်ရေးစနစ် ပြောင်းလဲလိုက်သည့်အတွက် မြန်မာဘက်မှ တင်ပို့သည့် ပို့ကုန်များမှာလည်း ယခင် ထက် တရုတ်ဘက်သို့ အဝင်ကြပ်ကြောင်း၊ မြန်မာဘက်မှ ကုန်သည်နှင့် တောင်သူများအတွက် အကောက်ခွန် အပါအဝင် ကုန်ကျစရိတ်မှာလည်း ပိုမိုများပြားလာနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

ကုန်သွယ်ရေးစနစ် ရုတ်တရက် ပြောင်းလဲလိုက်သည့်အတွက် တရုတ်သို့ ရောင်းချရန် ရောက်ရှိနေသည့် ဖရဲကားများသည် အချိန်ကာလ ကြာမြင့်သည့်တိုင် ဖရဲရောင်းကွင်းသို့ မရောက်ရှိသေးပဲဖြစ်ကာ ပျက်စီးဆုံးရှုံးမှုများရှိနေသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးသည် လုံးဝပိတ်ထား၍ မရသဖြင့် လက်ရှိတွင် နှစ်နိုင်ငံ ကုန်ကား အဝင် အထွက်များအား မြန်မြန်ဆန်ဆန် ဖြစ်စေချင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

လက်ရှိတွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များထဲမှ ကျင်စန်းကျော့ဂိတ် တစ်ခုကိုသာ ပြန်လည် ဖွင့်ပေးထားခြင်းဖြစ်ပြီး နောက်ထပ် ဂိတ်တစ်ခုဖြစ်သည့် ချင်းရွှေဟော်ဂိတ်ကိုလည်း မကြာခင် ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ ဆွေးနွေးနေကြောင်း သိရသည်။