၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြန်ဖွင့်ရန် သဘောတူထားသော်လည်း တရုတ်နိုင်ငံဘက်မှ ဖွင့်မပေးသည့်အတွက် မြန်မာဘက်မှ ကုန်စည်တင်ဆောင်လာသည့် ကားများနယ်စပ်တွင် စောင့်ဆိုင်းနေရကြောင်း သတင်းဌာနတချို့မှဖော်ပြထားသည့်အချက်မှာ မှားယွင်းနေသည်ဟု ကချင်ပြည်နယ် ကုန်သွယ်ရေးကုန်သည်များအသင်းထံမှ သိရသည်။

လက်ရှိ ကန်ပိုက်တီ နယ်စပ်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်းနေဆဲ အခြေအနေတွင်သာ ရှိနေပြီး ကန်ပိုက်တီ နယ်စပ်ဂိတ်သို့ မည်သည့်ကုန်ကားမှ ရောက်ရှိနေခြင်းလည်း မရှိကြောင်း ကန်ပိုက်တီ နယ်စပ်ကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကန်ပိုက်တီမှာ တစ်စီးမှ မရှိပါဘူး ကားတွေက။ အခုက ကျနော်တို့က စေ့စပ် ညှိနှိုင်းဆဲ အဆင့်မှာပဲ ရှိသေး တယ်။ စေ့စပ်ညှိနှိုင်းနေတဲ့ ဆွေးနွေးပွဲအဆင့်ပဲရှိသေးတယ်။ အဲဒီ ၇ ရက်နေ့ ဆိုတာလည်း ဘယ်သူက ဘယ်လိုပြောလိုက်မှန်း ကျနော်တို့ မသိဘူး” ဟု ၎င်းက ပြောသည်။

ယင်းမှာ တရုတ်နိုင်ငံထဲသို့ဝင်ရန် ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေသည့် ငှက်ပျော တင်ထားသည့် ကုန်တင်ကား ရာနှင့်ချီ ရှိနေပြီး ဒီဇင်ဘာ ၇ ရက်တွင် ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမည်ဟု တရုတ်နိုင်ငံဘက်မှ ကနဦး သဘောတူထားသော်လည်း လက်တွေ့တွင် မဖွင့်သေးတာကြောင့် အခုလို ကုန်ကားများ ပိတ်ဆို့ခဲ့ရတာပါဟု သတင်းဌာနတစ်ခုက ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်း ဆွေးနွေးပွဲမှ သဘောတူညီချက်အနေဖြင့် မြန်မာနိုင်ငံသားယာဉ်မောင်း ၅၀၀ ဦးအား PCR စက်ဖြင့် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန်၊ ကျန်းမာရေးစစ်ဆေးရေး ဂိတ်များထားရှိရန် နေရာသတ်မှတ်ခြင်း၊ ယာဉ်အား မောင်းနှင် ပို့ဆောင်ခြင်းနှင့် ပြန် လည်ရယူခြင်း၊ ကျန်းမာရေးစစ်ဆေးချက်များအရ သတ်မှတ်ချက်များအတိုင်း နေထိုင် ပြုမူရေး စသည့်အချက်များပါဝင်ပြီး ယခု ခွင့်ပြု စမ်းသပ်မောင်းနှင်မည့် ကုန်သွယ်ယာဉ်အစီးရေ ၅၀၀ အပြင် လိုအပ်ချက်ရှိပါက ဆက်လက်ခွင့်ပြုနိုင်ရေးတို့ ပါဝင်ကြောင်း သိရသည်။

သို့သော် နယ်စပ်ဂိတ်ကို ဖွင့်လှစ်ရန်အတွက် တရုတ်နိုင်ငံဘက်မှ တောင်းဆိုသည့် အချက်များကို မြန်မာနိုင်ငံ ဘက်မှ လုပ်ဆောင်ရန် အခက်အခဲရှိနေခြင်းနှင့် ကုန်ကားသမားများထံတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိနေခြင်းတို့ ကြောင့် ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ရန် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးလာရစ်က CNI သို့ ပြောသည်။

“စာရွက်စာတမ်း သူတို့ တောင်းဆိုတာ ရှင်းရှင်းလေးလေ။ ဆေးနှစ်ခါထိုး ဖြစ်ရမယ်။ ကျန်းမာရေး ကောင်းရမယ်။ ကိုဗစ်ရောဂါပိုး မရှိတဲ့သူ ဖြစ်ရမယ်။ ဟိုတစ်ခေါက် စစ်တဲ့အထဲမှာ ၅၀၀ စစ်တဲ့အထဲမှာ ၅၀ ကျော်လောက် ရောဂါ ရှိတာလေ။ ဆိုတော့ ၅၀ ကျော် ပြန်တွေ့တော့ ဖွင့်မယ့်အချိန်မှာ မဖွင့်နိုင်ဘဲ ကြန့်ကြာသွားတာပေါ့။ ကျနော်တို့ ဘက်ကအဆင် သင့်မဖြစ်ဘူးလေ။ အဆင်သင့်မဖြစ်တော့ ဒီလို ကြန့်ကြာသွားတာပေါ့” ဟု သူက ပြောသည်။

ကန်ပိုက်တီနှင့် လွယ်ဂျယ် နယ်စပ်ဂိတ်တို့ကို တရုတ်ဘက်က ဇူလိုင်လလယ်ကတည်းက ကပ်ရောဂါ အကြောင်း ပြပြီး ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ ငှက်ပျောတစ်ရှူး၊ ရော်ဘာ၊ ဆန်နှင့် ဒေသ ထွက်ကုန်များ တင်ပို့ပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်သွင်းသည်ဟု သိရသည်။