၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃

ခရစ္စမတ်နေ့နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေရှိ ဟိုတယ်အခန်းများ အားလုံးနီးပါး ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များသည် ခရီးသွားမှု များပြားသည့်အတွက် ငပလီကမ်းခြေရှိ ဟိုတယ်အခန်းများကို တစ်လကြို တင်၍ မှာယူမှုထားခြင်းကြောင့် ဒီဇင်ဘာလလယ်မှစတင်ကာ အခန်းများ ပြည့်နေပြီးဖြစ်ကြောင်း ငပလီကမ်းခြေဒေသရှိ ဟိုတယ်မန်နေဂျာတစ်ဦးက CNI သို့ ပြောသည်။

၎င်းက “ကျနော်တို့မှာ ဘိုကင်တွေကတော့ Christmas နဲ့ New Year ထုံးစံအတိုင်းပေါ့နော် ပြည့်နေတာပေါ့နော်။ ငပလီမှာ တော့ Christmas နဲ့ New Year ဆိုရင် အမြဲတမ်းလိုလိုပါပဲ၊ ဟိုတယ် အကြီးတွေရော၊ ဟိုတယ် အသေးတွေရော ဧည့်သည် တွေ အများကြီး ပြည့်ကြတာပါပဲ။ ဒါကတော့ ကျနော်တို့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပါပဲခင်ဗျ။ တချို့တွေကလည်း ဘိုကင် တွေကို ကြိုယူထားတာတွေ ရှိတာပေါ့။ တစ်လလောက် ကြိုလုပ်ထားတာတွေ ရှိတယ်။ ဒါမှမဟုတ်ရင်လည်း ကပ်ပြီးတော့မှ နှစ်ပတ်လောက် ကြိုပြီးတော့ ယူထားတာတွေလည်း ရှိတယ်ခင်ဗျ။ အဓိကကတော့ Travel Agent ကနေ လာတဲ့သူတွေ ရှိတာပေါ့နော်”ဟု CNI သို့ ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ်စုစုပေါင်း ထက်ဝက်ကျော် ဖွင့်လှစ်လာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများ ပိတ်ထားခဲ့ရသော်လည်း ဇန်နဝါရီလကစတင်၍ ငပလီရှိ ဟို တယ်များအနက် ၃၉ လုံးကို ကျန်းမာရေးစည်း ကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ငပလီရုံးခွဲ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

လက်ရှိတွင် ဟိုတယ်အသေးများထက် ကမ်းခြေရှုခင်းများကို မြင်တွေ့နိုင်သော ဟိုတယ်များ၌ ဧည့်သည်ဝင်ရောက်မှု ပိုများ ကြောင်း ၎င်းက ဆိုသည်။

ဦးကျော်ဇေယျ “ဒေသရဲ့ သဘောတရားအရ ဥပမာ ဟိုတယ် အကြီးတွေပေါ့၊ Sea View ရှိတဲ့ ဟိုတယ်ကြီးတွေဆိုရင် တော် တော်များများ ပြည့်ပါတယ်။ ဥပမာ ပြောပြရမယ်ဆိုရင် အမတ ဟိုတယ်တို့၊ နောက်တစ်ခါ အော်ရီရမ်တို့ ဆိုလို့ရှိရင် Sea View ရှိတော့ သူတို့ဆီမှာ ဘိုကင် တော်တော်များများ ပြည့်ပါတယ်။ အသေးလေးတွေလောက်ပဲ အတွင်းပိုင်းမှာရှိတဲ့ အသေး တွေ လောက်ပဲ ဧည့်သည်နည်းတာပေါ့။ ဘိုကင် မရကြတာပေါ့။ ဟိုတယ်ကြီးတွေဆိုရင် အခု ၃၉ လုံး ပြန်ပြီးတော့ ဖွင့်လှစ်ခွင့် ပြုထားတာ ရှိတယ်။ ဟိုတယ်ကြီးတွေတောင်မှ တကယ့် နာမည်ကြီး ဟိုတယ် ၁၀ လုံးလောက်က တော်တော်များများ ဘိုကင် ပြည့်နေပါတယ်။ ကျန်တဲ့ဟာတွေကတော့ တချို့ကျတော့လည်း တစ် ဝက်ပေါ့၊ ၅၀ ရာခိုင်နှုန်းလောက်၊ ၆၀ ရာခိုင်နှုန်း အဲလို ရှိကြမှာပါ။ Sea View ရှိတဲ့ ဟိုတယ်တွေကတော့ ရာခိုင်နှုန်းအနေနဲ့ ၃၉ လုံးမှာ အတွင်းပိုင်း ဟိုတယ်တွေလောက်ပဲ ကျန်တဲ့ ၂၅၊ ၃၀ လောက်က Sea View ရှိတဲ့ ဟိုတယ်တွေ ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။

ငပလီကမ်းခြေသို့ သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလများတုန်းကလည်း ခရီးသွားလာမှု များပြားခဲ့ပြီး ဟိုတယ် အခန်းများ အားလုံးနီးပါး ပြည့်ခဲ့သည်။ ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူး ရုံးပိတ်ရက် တခြားသော ကာလများထက် ခရီးသွား ဝင်ရောက်မှု ပိုများကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်များသည် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း၊ ဝန်ထမ်းနှင့် ခရီးသွားအများစု ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားကြသည့်အတွက် အဆင်ပြေကြောင်း ဟိုတယ်တစ်ခု၏ မန်နေဂျာတစ်ဦးက ပြောသည်။

၎င်းက“ကျနော်တို့က ဟိုတယ်ခရီးရဲ့ ညွှန်ကြားမှုရယ်၊ ဒေသန္တရ ကျန်မားရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုတွေအတိုင်းပဲ ကျနော် တို့က ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လုပ်တယ်ပေါ့နော်။ အဲဒါကို အဖွဲ့အစည်းတွေက လာစစ်တယ်။ လာစစ်ပြီး တော့ ကျနော်တို့ ခွင့်ပြုမိန့် ပေးပြီးတော့ ကျနော်တို့ ဖွင့်တယ်ပေါ့နော်။ ဝန်ထမ်းတွေကလည်း အားလုံး ကိုဗစ် ကာကွယ်ဆေး တွေ ထိုးပြီးသွားပြီ။ အဲတော့ ဧည့်သည်တွေကလည်း ဘာပဲပြောပြော နှာခေါင်းထိုးပြီးမှ လာရတယ်ဆိုတော့လေ အဆင်ပြေ တယ်။ နောက်ပြီးတော့ ကာကွယ် ဆေး ထိုးပြီးတဲ့သူ တော်တော်များများ ရှိတဲ့အတွက် လက်ခံရတာလည်း အဆင်ပြေပါတယ် ခင်ဗျ” ဟု CNI သို့ ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -  ရခိုင်ပြည်နယ်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၆၀ ရာခိုင်နှုန်းကျော် ပြန်ဖွင့်

ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေဒေသတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၆၅ လုံးရှိပြီး လက်ရှိတွင် ၃၉ လုံး ဖွင့်လှစ် လျက်ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ငပလီကမ်းခြေဒေသသို့ ခရီးသွားဝင်ရောက်မှု အနေဖြင့် နိုင်ငံခြားသား ၁၀၄ ဦးနှင့် ပြည်တွင်းခရီးသွား ၃၇၁၈ ဦးရှိကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ ၂၅ ရက်နေ့အထိတွင် နိုင်ငံခြားသား ခရီးသွား ၉၅ ဦးနှင့် ပြည်တွင်းခရီးသွား ၄၂၃၄ ဦး လာရောက် ထား ကြောင်း ငပလီရုံးခွဲ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။