CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ထိုင်းအစိုးရမှ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအားခေါ်ယူနေသော်လည်း မြန်မာနိုင်ငံဘက်မှ ခွင့်ပြုမိန့်မကျသေးတာကြောင့် သွားခွင့်မရသေးကြောင်းနှင့် သွားခွင့်ရပါက ကြေညာ ပေးမည်ဖြစ်ကြောင်း အလုပ်သမားအေဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။
MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ရန် မြန်မာဘက်မှ သက်ဆိုင်သည့် ဌာနဆိုင်ရာများက သတင်း အချက်အလက်တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ခြင်းမျိုး မတွေ့ရသည့်အတွက် လုပ်ဆောင်မှုအားနည်းကြောင်း ထိုင်းရောက် မြန်မာတစ်ဦးဖြစ်သည့် ခွန်ကျော်ကိုက CNI သတင်းဌာနသို့ ပြောသည်။
ခွန်ကျော်ကိုက “နောက် ဒီ ထိုင်းအလုပ်ရှင်ပိုင်းကလည်း အလုပ်ခေါ်စာမကြားမိသေးဘူး။ မြန်မာသံရုံး ထုတ်ပြန် ချက်လည်း မကြားမိသေးဘူး။ အရင်တုန်းက ပြည်ပ MOU အလုပ်သမားခေါ်ယူဖို့ဆို ဒီ ထိုင်းအလုပ်ရှင်က အလုပ် သမားရုံးမှာ သူတို့ demand စာခေါ်တယ်။ ရလာတဲ့ demand စာကို သက်ဆိုင်ရာ မြန်မာအလုပ်သမားသံရုံးမှာ သူတို့ စာရင်းတင်ထားတာပေါ့။ အခုဟာက ဘာသံမှလည်း မကြားမိသေးဘူး မြန်မာဘက်ပိုင်းကလေ။ ထိုင်းနိုင်ငံ အလုပ်သမားက အများအားဖြင့် မြန်မာအလုပ်သမားတွေကို သူတို့မှီခိုပြီး လုပ်ကိုင်နေရတာလေ။ ဒီ မြန်မာက ဘာသံမှမကြားတော့ အလုပ်သမားပိုင်းက တော်တော်အခက်အခဲဖြစ်တာပေါ့” ဟု ပြောသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - - ထိုင်းမှ MOU ဖြင့် အလုပ်သမားခေါ်ယူမည့်ကိစ္စ ကိုဗစ်မျိုးကွဲသစ်တွေ့ရှိမှုကြောင့် နှောင့်နှေးနိုင်
မြန်မာဘက်မှ ယခုကဲ့သို့ သတင်းအချက်အလက် တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသည့်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုများသည် ယခုထက် ပိုများလာနိုင်ကာ ဝင်ရောက်မှုပိုင်းသည် ယခင်ကာလများထက် ပိုကြပ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အကြောင်းအရင်းမှာ ထိုင်းအာဏာပိုင်များက ဒီဇင်ဘာလမှ စတင်ကာ မြန်မာအပါအဝင် အထောက်အထားမဲ့ အလုပ်သမားများအားတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် ထုတ်ပြန်ထားသည့်အတွက် ဖြစ်သည်။
လက်ရှိနိုင်ငံရေးအခြေအနေနှင့် စီးပွားရေးအခြေအနေတို့ကြောင့် ထိုင်းသို့တရားမဝင်သွားရောက်ရာတွင် လမ်း၌ ဖမ်းဆီးခံရမှုများ နေ့စဉ်ရှိနေသော်လည်း သွားနေကြဆဲဖြစ်သည်။
ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - - ထိုင်းမှ MOU စနစ်ဖြင့် အလုပ်သမားခေါ်ယူခြင်းကို နိုဝင်ဘာလကုန်တွင် စတင်ခေါ်ယူမည်
FED မှ အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက “ဒီ ပြဿနာကိုဖြေရှင်းဖို့ဆိုတာ နယ်စပ်ကြီး ပိတ်နေတာ တစ်ခုတည်းနဲ့ပဲ ဒီဘက်က ဖြေရှင်းလို့ရတာမဟုတ်ဘူး။ နှစ်နိုင်ငံစလုံးက ဒါကို အရေးတယူ ညှိနှိုင်းပြီးတော့ ဆွေးနွေးပြီးတော့ လုပ်ရမယ့်ကိစ္စ။ ဒါပေမယ့်အခုကာလမှာလည်း မလွယ်တဲ့ကိစ္စက နိုင်ငံရေးမတည်ငြိမ်မှု ရှိတာရယ် နောက်ပြီးတော့ ဒီထဲက အလုပ်လုပ်ဖို့အတွက်ရယ်မဟုတ်ဘူး ကိုယ့်တိုင်းပြည်ထဲမှာ နေလို့ ထိုင်လို့ မရလို့ လုံခြုံရေးအရ အခက်အခဲရှိလို့ ထွက်ဖို့လုပ်တဲ့အခါမှာ ဒီဟာ အနီးစပ်ဆုံးနဲ့အဆင်ပြေဆုံး ထွက်ပေါက်တစ်ခု အဖြစ်ရှိတော့ ထိုင်းကိုပဲ အကုန်လုံးစုပြုံပြီး ရောက်လာတယ်လို့ထင်တယ်။ အလုပ်လုပ်ရုံသီးသန့်မဟုတ်ဘူး။ ခုနကပြောတဲ့ ကိုယ့်ရဲ့လုံခြုံရေးအရပါလေ” ဟု CNI သို့ ပြောသည်။
ထိုင်းတွင် အလုပ်သမားလိုအပ်ချက်အရ MOU စနစ်ဖြင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံတို့မှ အလုပ် သမား ၄ သိန်းကျော်အား ခေါ်ယူနေခြင်းဖြစ်ပြီး မှတ်ပုံတင်ခြင်းအား ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက စတင် လက်ခံနေခြင်းဖြစ်သည်။
ဆက်စပ်သတင်းများဖတ်ရှုရန် -- - - - - - - ပွဲစားများ၏ မက်လုံးကြောင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားများ ထိုင်းသို့ ဝင်ရောက်မှု ပိုများလာ
ကမ္ဘောဒီးယားနိုင်ငံမှ MOU စနစ်ဖြင့် မှတ်ပုံတင်ထားသည့် အလုပ်သမားများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဝင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။