CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကညင်ချောင်း စီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေမှုကို ပြင်ဆင်ပြီးသွားပြီဖြစ်၍ ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကညင်ချောင်း စီးပွားရေးဇုန် လမ်းပိုင်းသည် မိုးရာသီအချိန်၌ လမ်းပိုင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့၍ ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြန်လည် အသုံးပြုနေပြီဖြစ်ကြောင်း မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။
၎င်းက “မနေ့ကတော့ POE ဆိပ်ကမ်းကနေ ကညင်ချောင်းကို ရောက်သွားပြီလေ။ ကညင်ချောင်း စီးပွားရေးဇုန်မှာ ကုန်ကား တွေ အများကြီး ရောက်နေပြီ။ ဒီနေ့ကစပြီး ကညင်ချောင်းကပဲ သွားတော့မယ်။ အစီး ၂၀ လောက်ပဲ အခုလောလောဆယ်။ ကညင်ချောင်းက ဒီရေ အတက်အကျကို စဉ်းစားစရာ မလိုဘူး၊ တစ်နေ့လုံး ကုန်သွယ်လို့ရတယ်။ ကုန်စည်စီးဆင်းမှု အကုန် လုံး အဆင်ပြေမယ်လို့ သုံးသပ်တာပေါ့” ဟု CNI သို့ ပြောသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေမှုကို ပြင်ဆင်နေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မောင်တောမြို့နယ် အနေဖြင့် ကညင်ချောင်း စီးပွားရေးဇုန်နှင့် အမှတ် (၁) အဝင်/အထွက် စခန်း POE ဟူ၍ ကုန်သွယ်သည့်နေရာ နှစ်ခုရှိသည်။
အဆိုပါ နှစ်ခုအနက် POE ဆိပ်ကမ်းသည် ဒီရေ အတက်အကျကို စောင့်ဆိုင်းရခြင်းကြောင့် ကုန်သွယ်ရာတွင် အခက်အခဲ အနည်းငယ်ရှိကြောင်း၊ စက်လှေ လုံလောက်စွာ မရှိသည့် အခက်အခဲလည်း ရှိကြောင်း မောင်တောမြို့မှ ကုန်သည်တစ်ဦးဖြစ် သူ ဦးအောင်နိုင်က ပြောသည်။
ပုံ-ကညင်ချောင်းစီးပွားရေးဇုန်ကိုတွေ့ရစဉ်။
၎င်းက “POE ဆိပ်ကမ်းက ဒီရေ အတက်အကျနဲ့ အဆင်မပြေဘူး။ နေရာကလည်း အဆင်မပြေဘူး။ အဲဒါကြောင့်မို့လို့ ကုန် တွေ သောင်တင်နေလို့ ဟိုဘက် ရွှေ့သွားတာပေါ့။ ဒီဘက်မှာ အဆင်မပြေဘူး ကုန်သည်တွေကလည်း ပြောနေကြတယ်။ အဲကြောင့် ရွှေ့ပေးရတာပေါ့၊ မောင်တောမှာ အနည်းဆုံး အစီး ၂၀ လောက် ဆွဲရမယ့်နေရာမှာ အခု သူတို့ ၈ စီး၊ ၉ စီးနဲ့ပဲ အဆင်ပြေအောင် လုပ်ရတာ။ လှေပြဿနာ ရှိကောင်း ရှိနိုင်ပါတယ်။ အရောင်းအဝယ် အဆင်ပြေရင် ဒီဘက်က အပို့များတာ ပေါ့။ တစ်ခါတစ်လေ ဈေးကျရင် လုံလောက်တာပေါ့။ ဈေးကွက် အဆင်မပြေရင် မလုံလောက်ပါဘူး” ဟု CNI သို့ ပြောသည်။
ကညင်ချောင်း စီးပွားရေးဇုန်လမ်းပိုင်း ပြန်လည် အသုံးပြုခွင့်ပေးခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက POE ဆိပ်ကမ်း၌ ကုန်တင်ပို့ ရာတွင် မော်တော်ဘုတ် မလုံလောက်၍ ကုန်အများအပြား သောင်တင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ဆက်စပ်သတင်းများဖတ်ရှုရန်- - - - - - ကညင်ချောင်းစီးပွားရေးဇုန်လမ်းပိုင်း ပျက်စီးနေ၍ POE ဂိတ် ပြောင်းလဲကုန်သွယ်နေရ
ထို့အပြင် လက်ရှိ စစ်တွေ နယ်စပ်ဆိပ်ကမ်းတွင် ဖြစ်ပေါ်နေသည့် ကပ်ရောဂါ တွေ့ရှိမှုနှင့် ပတ်သက်ပြီး မောင်တောနယ်စပ် စခန်းတွင်လည်း တွေ့ရှိလာမည်ကို စိုးရိမ်သည်ဟု ၎င်းတို့က ဆက်ပြောသည်။
ဦးအောင်နိုင်က “အဓိက ကျနော်တို့ စိုးရိမ်မှုကတော့ စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှာ ကိုဗစ်စစ်တာက ပိုးတွေ့တဲ့သူ ရှိတယ်။ မောင်တောမှာ စစ်တာကတော့ မတွေ့ပါဘူး။ အဓိက ကျနော်တို့ စိုးရိမ်ရတဲ့ ပြဿနာကတော့ ကိုဗစ်တို့၊ ဘာတို့ တွေ့ရင်တော့ ကျနော်တို့ ကုန်သွယ်မှု ရပ်တန့်သွားမလား စိုးရိမ်တာပေါ့။ တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် သိပ်ပြီးတော့ မစိုး ရိမ်ပါဘူး” ဟု CNI သို့ ပြောသည်။
မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရာတွင် နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၅၈၃၃၃၅ အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ကြောင်း မောင်တောမြို့နယ် ကုန်သည်ကြီးများအသင်းထံမှ သိရသည်။