CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄


တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေနိုင်ရန်အတွက် ကုန်သွယ်မှု တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေခွင့်ပြုသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (ဒီဇင်ဘာ ၁၄ ရက်)ထုတ်ပြန်ခဲ့ သည်။


အဆိုပါ ထုတ်ပြန်ချက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု စနစ် လွယ်ကူချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ် ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြလိုက်သည်ဟု ဖော်ပြထားသည်။


ဗဟိုဘဏ်က “ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank)များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့်ပို့ကုန်တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုသည်” ဟု ဆိုသည်။


သို့ဖြစ်၍ ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းများဆိုင်ရာ လမ်းညွှန်ချက်(Guideline)အား လိုက်နာဆောင်ရွက်ရန်ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။