CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅
အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးထားပြီဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးအတွက် ငွေပေးချေမှု လုပ်ဆောင်ရာ တွင် အထောက်အပံ့ ဖြစ်နိုင်သည်ဟု ကုန်သည်တချို့က CNI သို့ ပြောသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုလုပ်သည့်နေရာတွင် ယခု ထုတ်ပြန်သည့် မြန်မာငွေ တိုက်ရိုက် ပေးချေသည့် စနစ်ကို ကြိုဆိုကြောင်းနှင့် ထိုစနစ်ကြောင့် ကုန်သွယ်ရေးပြုလုပ်ရာတွင် လက်ရှိ ကြုံတွေ့နေရသည့် ဘဏ်အကောင့် အပိတ်ခံရသည့် အခက်အခဲများကို ဖြေရှင်းနိုင်လိမ့်မည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပိုအဆင်ပြေသွားတာပေါ့။ အရင်တုန်းကတော့ တရုတ်ပြည်မှာရှိတဲ့ အလုပ်သမားဘဏ်တို့၊ စိုက်ပျိုးရေးဘဏ်တို့၊ ဆောက်လုပ်ရေးဘဏ်တို့ အဲဒီဘဏ်တွေနဲ့ အကောင့်ဖွင့်ပြီး အကောင့်ထဲ ငွေထည့်ရတယ်။ တခါတလေ အခက် အခဲက အကောင့်ပိတ်တဲ့ ကိစ္စပဲ။ တရုတ်နိုင်ငံက သူ့ရဲ့ဥပဒေနဲ့ အကောင့်ကို ပိတ်လိုက်လို့ရှိရင် လုပ်လို့မရဘူး။ လောလောဆယ် မြန်မာနိုင်ငံကို ICBC ဘဏ် လာဖွင့်မယ်။ အဲလိုဆိုရင်တော့ အကောင့်ပိတ်တဲ့ ပြဿနာ မကြုံ ရတော့ဘူး။ ငွေလဲလှယ်နှုန်းကိုလည်း တခါတလေ ခံရတယ်။ ယွမ်ငွေကနေ ကျပ်ငွေ ပြောင်းတဲ့နေရာမှာ ရောင်း ရင်တစ်မျိုး၊ ဝယ်ရင်တစ်မျိုးဆိုတော့ နစ်နာတယ်။ အခုဆိုရင်တော့ တိုက်ရိုက် အရောင်းအဝယ် လုပ်လို့ရသွားပြီ” ဟု ဦးမင်းသိန်းက ပြောသည်။
ထို့နောက် တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ငွေပေးချေခွင့်ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်ပြီး Bank of China – BOC(Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (ICBC) တို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) အဖြစ် ရွေးချယ်လိုက်ကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုင်း၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရာတွင် ကျင့်သုံးရမည့် ငွေပေးချေမှုစနစ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။
နစကဥက္ကဋ္ဌကတော့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ကုန်သွယ်ရာတွင် မြန်မာငွေတိုက်ရိုက် ငွေပေး ချေသည့်သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးကြောင်း ပြောသည်။
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်မှုတွင် ကျပ်ငွေနှင့် ဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို မူလကတည်းက ကျင့်သုံးနေသည့်အတွက် ယခု ထုတ်ပြန်လိုက်သည့် မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်ပေးချေသည့်စနစ်ကြောင့် ကုန်သွယ်ရာတွင် အပြောင်းအလဲ သက်ရောက်မှု မရှိနိုင်ကြောင်း ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နေသည့် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သို့ ပြောသည်။
၎င်းက “မူဆယ်မှာ နေ့တိုင်း အရောင်းအဝယ်ရှိတယ်။ ကုန်ရောင်းကုန်ဝယ် အားလုံးကို သူ့ဟာသူ လိုချင်တဲ့ဟာပဲ အရင် ကတည်းကလည်း သွားနေတာပဲ။ အခုဟာက မြဝတီမြို့မှာ တရားဝင် ကိုင်ဆောင်ခွင့်ပြုသလား။ ဟိုဘက် နိုင်ငံကရော ခွင့်ပြုသလား၊ ဒါပေမယ့် ပုံမှန်ကလည်း ကိုယ့်ဟာကို ကြိုက်ရာပစ္စည်းနဲ့ ရောင်းနေရတာပဲ မြ၀တီမှာ ဆိုလည်း ဘတ်နဲ့လည်းရောင်းတယ်၊ ကျပ်နဲ့လည်းရောင်းတယ်၊ တရုတ်ပြည်သွားရောင်းတာလည်း အေးဂျင့်တွေ ရှိ တယ်၊ ဒီထုတ်ပြန်ချက်ကတော့ အများကြီး ပြောင်းလဲမှုတော့ မဖြစ်နိုင်ဘူးလို့ မြင်တာပေါ့နော်” ဟု ပြောသည်။
ယခင်က နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၌ ကုန်သွယ်ဖက်နိုင်ငံ သုံး ငွေကို အမေရိကန်ဒေါ်လာနှင့် လဲလှယ်ခြင်း၊ မြန်မာကျပ်ငွေကို ကုန်သွယ်ဖက်နိုင်ငံသုံး ငွေဖြင့် လဲလှယ်ခြင်း နှင့် ကန်ဒေါ်လာကို လဲလှယ်ခြင်းများကို ပြုလုပ်ပြီးမှသာ ပေးချေဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
ယခုအခါ ဗဟိုဘဏ် ထုတ်ပြန်ထားချက်အရ ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမှုကို ခွင့်ပြုလိုက်ခြင်းကြောင့် သွင်းကုန်တင်သွင်းသူနှင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ဆောင် ရွက်ခွင့်ရသည့် ဘဏ်များတွင်သာ ယွမ်စာရင်း ဖွင့်လှစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။