CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသော လုပ်ငန်း များမှ စားသောက်ကုန်များကိုသာ ၂၀၂၂ ခုနှစ်၊  ဇန်နဝါရီ ၁ ရက်မှ စတင်ကာ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု မည်ဖြစ်ကြောင်း  သိရသည်။

စားသောက်ကုန်များအား မှတ်ပုံတင်ရန် လိုအပ်သည်ဟု  တရုတ်နိုင်ငံဘက်မှ အကြောင်းကြားလာသည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ပြီး စားသောက်ကုန် ၁၈ မျိုးကိုသာ GACC တွင် မှတ်ပုံတင်ခိုင်းခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာထိန်လင်းက CNI သို့ ပြောသည်။

"အဓိပ္ပါယ်က ၁.၁.၂၀၂၂ ကနေစပြီးတော့ တရုတ်ပြည်ကို တင်သွင်းမယ့် စားသောက်ကုန်ပစ္စည်းတွေအနေနဲ့ တရုတ်နိုင်ငံ GACC မှာ မြန်မာနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုကနေပြီး ထောက်ခံချက်ပေးပြီးတော့ မှတ်ပုံတင်ပေးမှသာလျှင် တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိမှာဖြစ်တယ်။ တရုတ်ပြည်ကို ကိုယ်က တင်ပို့ချင်တယ် ဆိုရင်တော့ တရုတ်ပြည်ကစည်းမျဉ်းစည်းကမ်းကို ကိုယ်လိုက်နာမှရမှာလေ။ မှတ်ပုံတင်ထားရင် ဟိုဘက်ကို တင်ပို့လို့ရမယ်။ မှတ်ပုံမတင်ထားရင်တော့ တင်ပို့လို့မရဘူးပေါ့။ တင်ပို့ရင် သူတို့က လက်ခံမှာမဟုတ်ဘူး"ဟု သူက ပြောသည်။

မှတ်ပုံတင်ရမည့် စားသောက်ကုန်များမှာ စားသုံးဆီ၊ ဆီထွက်သီးနှံများ၊ ပဲခြောက်၊ အခွံမာသီးနှင့် အစေ့များ၊ သစ်သီးခြောက်များ၊ ပျားထုတ်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာ အစရှိသည်တို့ ဖြစ်ကြသည်။

GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်ရမည် ဖြစ်ပြီး လက်ရှိတွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းအရေအတွက် ၃၀၀ ကျော်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော၊ တင်ပို့လို သော မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်းအဖွဲ့များမှ တစ်ဆင့်လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက်လည်းကောင်း ကုန်စည်အုပ်စုအလိုက် ဆက်သွယ်လျှောက်ထား မှုများကို သက် ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ရာတွင် အရည်အသွေးမပြည့်မှီသည့် ထုတ်ကုန်များရှိပါက တရုတ်သို့တင်ပို့မှုမှာ ယခင်ကထက် နည်းသွားနိုင်ကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်ထွေးက CNI သို့ ပြောသည်။

 “အဲ့တော့ Exporter တွေ အနေနဲ့က အရင်ကတည်းက စနစ်တကျထုတ်လုပ်ထားတဲ့လူမျိုးတွေပေါ့နော်။ အဲ့ဒါမျိုး တွေကတော့ အဆင်ပြေမှာပါ။ မဟုတ်ဘဲနဲ့ မလိုက်နာဘဲ ဒီတိုင်းလုပ်တဲ့သူဆိုရင်တော့ နည်းနည်း အခက်အခဲရှိမှာ ပေါ့။ ထုတ်လုပ်တဲ့သူက စနစ်တကျနဲ့ စားသုံးသူဘေးကင်းတဲ့အစီအစဉ်တွေနဲ့ ထုတ်လုပ်ထားတယ်ဆိုရင်တော့ အဆင်ပြမှာပေါ့နော်။ ၁၀ ခုရှိတယ်ဆိုရင် ဌာနဆိုင်ရာကလည်း လိုက်လံစစ်ဆေးဦးမှာလေ။ အဲ့မှာမှ ဒီ ၁၀ ခုလုံးမှာ အရည်သွေးပြည့်မှီလား၊ အရည်သွေးပြည့်မှီတယ်ဆိုရင်တော့  Export ကို မထိခိုက်ဘူးပေါ့၊ အရည်အသွေးမပြည့်မှီ တဲ့ စက်ရုံတွေရှိတယ်ဆိုရင်တော့ လျော့နည်းသွားမှာပေါ့”ဟု သူက ပြောသည်။

တရုတ်နိုင်ငံတွင် မှတ်ပုံတင်ရန် တင်ပြလျှောက်ထားသည့်အချက်အလက်များ မှန်ကန်မှု၊ ဥပဒေနှင့်ကိုက်ညီမှု၊ ပြည့်စုံမှုတို့နှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ (သို့မဟုတ်)အစားအသောက်တင်သွင်းမည့် ထုတ်လုပ်သူ များမှ တာဝန်ယူရမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ တင်ပြရန် မှတ်ပုံတင်ထားသည့် လုပ်ငန်းများသည် သက်ဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ တိကျစွာကြီးကြပ်ဆောင်ရွက်သွားစေလိုကြောင်းနှင့် အကယ်၍ မှတ်ပုံ တင်ထားသည့် လုပ်ငန်းများအနေဖြင့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များသည် ထိရောက်သည့် စီမံဆောင်ရွက်မှုများအား ချမှတ်ဆောင်ရွက်သွားစေလိုကြောင်း ပါရှိ သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့  ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရသည်။