၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှတဆင့် ကုန်သွယ်ရန်အတွက် ကုန်ကျစရိတ်များ အပြင် ကွန်တိန်နာ တစ်လုံးကို စပေါ်ငွေ ယွမ် ၃ သောင်း (မြန်မာငွေ သိန်း ၈၀ ကျော်)ပေးရကြောင်း ကုန်သည်များထံက သိရ သည်။

လက်ရှိတွင် တွဲကား ငှားရမ်းရန် ခက်ခဲနေသည့်အတွက် ကွန်တိန်နာများကိုပါ အသုံးပြု၍ ကုန်သွယ်နေရကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ဦးမင်းသိန်းက “ကွန်တိန်နာဘောက်စ်နဲ့တင်ရင် စပေါ်ငွေအဖြစ် တရုတ်ငွေ ယွမ် သုံးသောင်း အရင်တင်ရတယ်။ အဲ့စပေါ်ငွေ က ပြန်ရတာ။ ပြီးရင် ဟိုဘက်အခြမ်းကို ရောက်ပြီးလို့ ကုန်ချပြီးရင် အဲ့စပေါ်ငွေကို ပြန်ထုတ်ပေးတယ်။ ကွန်တိန်နာ တစ်လုံး ကို ဆန်အိတ် အိတ် ၁၀၀၀ တင်မယ်။

ဆက်စပ်သတင်းများဖတ်ရှုရန် ------------ ကျင်စန်းကျော့ဂိတ်အား စမ်းသပ်ကာလ ၃ ရက်ဖြင့် ယနေ့စဖွင့်

ကျသင့်ငွေက အားလုံးအပြီးစီး တရုတ်ပြည်အ‌ရောက် ဗမာငွေ ၁၄ သိန်းလောက်ကျ မယ်။ ဒါပေမယ့် Deposit အဖြစ် တရုတ်ငွေ သုံးသောင်းတင်ရတယ် တန် ၅၀ ဆန့်တဲ့ ကွန်တိန်နာ တစ်လုံးကို။ လောလော ဆယ် ငွေလေးရင်းထားရတာပေါ့ ဒါက။ အမှန်တကယ် ကုန်ကျတာကတော့ ကွန်တိန်နာ ဘောက်စ်နဲ့သွားမယ်ဆို ဗမာငွေ ၁၄ သိန်းလောက် ကုန်ပါတယ်။ တွဲကားနဲ့သွားမယ်ဆိုရင်လည်း ၁၄ သိန်း၊ ၁၅ သိန်း ကုန်ပါတယ် အခုက။ နည်းနည်းလေး ကား ငှားရတာ ခက်နေလို့ ခေါက်တိုကား ငှားရတာခက်နေလို့” ဟု CNI သို့ ပြောသည်။

ယခင်က တွဲကားဖြင့် ကုန်သွယ်ရာတွင် ပုံမှန် ၇ သိန်းခန့်သာ ကုန်ကျပြီး လက်ရှိမှာတော့ တွဲကားဖြင့် ကုန်သွယ်ပါက ၁၄ သိန်းခန့် ကုန်ကျကြောင်း၊ ထိုပမာဏသည် ကွန်တိန်နာနှင့် ကုန်သွယ်သည့် ကုန်ကျစရိတ်နှင့် တူညီကြောင်း သိရသည်။

လက်ရှိတွင် တွဲကား အစီးအရေမှာ နည်းသည့်အတွက် တင်ပို့မည့် ကုန်များနှင့် မမျှတသည့် အနေအထားဖြစ်နေကြောင်း၊ ယခုကဲ့သို့ တွဲကားများ ဈေးတက်သွားခြင်းဖြစ်ကြောင်း ဦးမင်းသိန်းက ရှင်းပြသည်။

ပုံ-ကုန်ကားများကိုတွေ့ရစဉ်။

ကွန်တိန်နာဖြင့် ကုန်သွယ်ရာတွင် ယခုကဲ့သို့ စပေါ်ငွေ အပြည့်အဝ ပေးရခြင်းနှင့် တွဲကားများ ဈေးတက်လာခြင်းသည် တောင်သူများအတွက် အခက်အခဲဖြစ်ကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးဖြစ်သည့် ကိုသက်ဖြိုးက ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် ------------ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ရခြင်းက ကွန်တိန်နာကုမ္ပဏီကို လုပ်ကျွေးသလိုဖြစ်နေဟုဆို

ကိုသက်ဖြိုးက “ဒီနှစ်က တောင်သူတွေကတော့ တော်တော်ကို အဆင်ပြေတဲ့ သူတွေတောင်မှ ရပ်တည်ဖို့ ရရုံလောက်ပဲ အဆင်ပြေကြတာလေ။ တောင်သူတွေဆိုတာ ကြက်သွန်စိုက်တောင်သူတွေပေါ်မှာ အခြေပြုပြီး ပြောတာပါ။ အကုန်လုံးက မနှစ်က ကိုဗစ်တုန်းကလည်း အရှုံးပေါ်ကြတယ်။ ဒီနှစ်ကလည်း အကုန်လုံးက လွှင့်ပစ်ရတဲ့ဈေးနဲ့ပဲ။ ပြန်ရလိုက်တာက နေမှု ထိုင်မှု ဖူလုံဖို့တောင်မှ ပြန်ပြီး မရတဲ့အနေအထား ဒီနှစ်ကကျတော့။ တောင်သူပိုင်းကတော့ ဘယ်လိုမှကို အဆင်မပြေဘူး။ သူ့ဟာသူရှိနေတဲ့ အတိုင်းတောင်မှ အဆင်မပြေဖြစ်နေကြတာ”ဟု CNI သို့ ပြောသည်။

ယခင် စမ်းသပ်ကာလတွင် ကွန်တိန်နာဖြင့် ကုန်သွယ်ခြင်းသည် ကုန်ကျစရိတ် ကြီးမားသည့်အတွက် နှစ်နိုင်ငံဘက်ခြမ်း၌ ပိတ်မိနေသည့် ကုန်ကားများအား ရှင်းလင်းသည့်အနေ ဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ကုန်ကားများဖြင့် ကုန်သွယ်မှု ပြုလုပ်နေကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများဖတ်ရှုရန် ------------ ကျင်စန်းကျော့ဂိတ် ကုန်သွယ်မှု တစ်ခေါက်လျှင် ၁၅ သိန်းကျော်ခန့် ကုန်ကျနိုင်၊ ယခင်ထက်ပိုများနေ

တရုတ်ဘက်ခြမ်းတွင် ပိတ်မိနေသည့် မြန်မာကုန်ကားတချို့သည် အပျက်အစီးများ ဖြစ်နေခြင်းနှင့် ကုန်ပစ္စည်း ကန့်သတ် ချက်များကြောင့် မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် ------------ နယ်စပ်ဂိတ်များပြန်ဖွင့်ရန် မြန်မာဘက်မှ မြို့လေးမြို့ကို ကိုဗစ်ကင်းစင်နယ်မြေဖြစ်ရန် တရုတ်တောင်းဆို

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန်အတွက် ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေခွင့်ပြုသည်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများဖတ်ရှုရန် ------------  တရုတ်ဘက် ပိတ်မိနေသည့် မြန်မာကုန်ကားများ ပြန်ထွက်ခွင့်ပြုမည်ဟု သတင်းထွက်နေ

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့ စေရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန်အပြင် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက် ရိုက် အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်ဟု ထိုထုတ်ပြန်ချက်မှာ ပါရှိသည်။