၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ တစ်ရက်နေ့ နောက်ပိုင်း အောင်ဘာလေထီ ရောင်း အား တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ပြီးခဲ့သည့် ၁၀ လကျော်ကာလအတွင်း အမြင့်ဆုံးရောင်းရမှုဖြစ်သည့် အုပ်ရေ ၂ သိန်းကျော်ကို လက်ရှိတွင် ပြည့်မီနိုင်ခြင်း မရှိကြောင်း ထီကုန်သည်များထံမှ သိရသည်။

မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် ၂၇ ကြိမ်မြောက် အောင်ဘာလေ ထီရောင်းချမှုအနေဖြင့် အက္ခရာ အလုံးရေ (၂၀)ကို ထုတ်ဝေခဲ့ပြီး အုပ်ရေ (၂၆၂၃၃၄) ရောင်းချနိုင်ခဲ့၍ ၁၀ လတာကာလအတွင်း အမြင့်ဆုံး ရောင်းချနိုင် ခဲ့သည့် ပမာဏဖြစ်ခဲ့ပြီး လက်ရှိအချိန်ထိ ယင်းပမာဏကို ပြန်လည်ရရှိထားခြင်း မရှိသေးကြောင်း ထီ ကုန်သည် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အာဏာသိမ်းပြီးတော့ ၂၆ နဲ့ ၂၇ ကြိမ်မှာ အုပ်ရေ ၂ သိန်းနဲ့ ၆ သောင်း ရောင်းရတယ်။ တစ်ခါတည်း ပြန်ဆင်း သွားတယ်။ ၂ သိန်းအောက်ကို ပြန်ရောက်သွားတယ်။ ကိုဗစ်ဖြစ်တော့ အောက်ကို ပြန်ဆင်းသွားတယ်။ ၂ သိန်းနီးပါး အခုက ၂ သိန်းနဲ့ ၁ သောင်း ၂ သောင်းဆိုတော့ အာဏာသိမ်းတဲ့ ရောင်းအားအမြင့်ဆုံး ၂ သိန်း ၆ သောင်းတောင် မရောက်သေးဘူး။ ဒီ အာဏာသိမ်းပြီး ၁၀ လအတွင်းမှာ အောင်ဘာလေက ၂ သိန်းနဲ့ ၆ သောင်း တစ်ခါ ရောင်းရဖူးတယ်။ အဲဒီအမောက်တောင် ပြန်မရောက်သေးဘူး” ဟု ပြောသည်။

မူလက အောင်ဘာလေထီလက်မှတ် ထုတ်ဝေသည့်ပုံစံသည် အက္ခရာ (၄၂) လုံးတွင် ထီစာအုပ်ရေ (၃၄၃၆၃၅၆) ထုတ်ဝေခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် အက္ခရာအလုံးရေများကို လျှော့ချထုတ်ဝေလာခဲ့ရာ လက်ရှိအချိန်တွင် (၁၀) လုံးခန့်သာ ထုတ်ဝေနေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ထီထိုးသူ နည်းပါးသွားသည့်အပြင် ရောင်းချမှုများ လည်း လျော့ကျလာခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“အလုံးရေက အာဏာမသိမ်းခင်တုန်းက ၄၂ လုံး။ အခုရောင်းတာ ၃ လုံးမပြည့်ဘူး။ ၂ လုံးကျော်ပဲ ရောင်းရတယ်။ ဘယ်လိုလုပ် ရောင်းအားတက်မှာလဲ။ ထုတ်တာက ၁၀ လုံးထုတ်တာ။ ရောင်းတာက ၃ လုံးတောင် မပြည့်ဘူး။ ၂ လုံးကျော်ပဲ ရှိတယ်။ ၃ လုံးရောင်းလို့ရှိရင် အားလုံး ၂ သိန်း ၄ သောင်းကျော် ရှိတယ်။ ထီက မရတော့ဘူး။ အက္ခရာ ၁၀ လုံးလုံး ကုန်အောင်ရောင်းရင် တစ်ဝက်ရရင်ကံကောင်း” ဟု အဆိုပါ ထီကုန်သည်က ပြောသည်။

ပြည်သူအများစု ထီထိုးခြင်းကို မပြုလုပ်ကြတော့ဘဲ လက်ရှိ ထိုးနှံနေကြသည့်သူများသည် ဝန်ထမ်းမိသားစုများ နှင့် တပ်မတော်သားမိသားစု အသိုင်းအဝိုင်းများ ဖြစ်ကြသည်ဟု သိရသည်။

၎င်းက “ဘယ်လိုလူက ထိုးလဲဆိုတော့ ပြောရတာ တော်တော်ခက်တယ်။ ဘယ်သူမှ မထိုးကြဘူး။ ဝန်ထမ်းတွေ ထိုးတာများတယ်။ စစ်တပ်အသိုင်းအဝိုင်း ထိုးတာ များတယ်။ ရောင်းလို့ရတဲ့ဟာတွေက နေပြည်တော်မှာ ရောင်းရတယ်။ ထီထိုးတာ အဲမှာ သူတို့ဝန်ထမ်းတွေ ထိုးတယ်။ စစ်သားတွေ၊ စစ်တပ်အသိုင်းအဝိုင်းတွေထိုးတယ်” ဟု ပြောသည်။

အောင်ဘာလေ ထီရောင်းအား ကျဆင်းလာခဲ့သည့်အတွက် ဆုငွေချီးမြှင့်မှုအပိုင်းတွင်လည်း လျော့ကျလာခဲ့ရာ မူလသတ်မှတ်ထားသည့် ကျပ်သိန်းတစ်သောင်းခွဲကို ချီးမြှင့်နိုင်ခြင်းမရှိဘဲ ယခုအခါ ကျပ်သိန်း ငါးထောင်ကိုသာ ချီးမြှင့်နေခြင်းဖြစ်သည်။

ယခင် NLD အစိုးရလက်ထက် အောင်ဘာလေထီ၏ မူလရောင်းအားသည် အက္ခရာ (၄၂) လုံးတွင် အုပ်ရေ (၃၄၃၆၃၅၆) အုပ် ရောင်းချ နိုင်ခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်းတွင် ရောင်းအားလျော့ကျလာခဲ့ကာ ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပြန်သည့် (၂၆)ကြိမ်မြောက် အောင်ဘာလေ ထီရောင်းချမှုအနေဖြင့် အက္ခရာအလုံးရေ (၄၂) လုံးတွင် အုပ်ရေ (၂၀၅၃၄၂) အုပ်သာ ရောင်းချနိုင်ခဲ့သည်။