၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ခရီးသွားဝင်ရောက်မှု နည်းပါး၍ ခရီးသွားလုပ်ငန်းများ လည်ပတ်မှု အားနည်းနေခြင်းကြောင့် ဟိုတယ်တချို့ ပြန်လည်ရောင်းချလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းမှာ နှေးကွေးနေနိုင်သေးသည့် အခြေအနေတွင်ရှိနေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်ကာ ဟိုတယ်များကို ပြန်လည်ရောင်းချလာကြခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သို့ ပြောသည်။

၎င်းက “အခုကျတော့ ခရီးသွားလုပ်ငန်းက ဒီလို ရောင်းချတာသည် လုပ်ငန်းပြောင်းတယ်။ အလားအလာ သိပ်မကောင်းဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ရောင်းချကြတာဖြစ်တယ်။ ခရီးသွားလုပ်ငန်းရဲ့ အလားအလာက ဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပြန်ပြီးတော့ အခြေမတည်နိုင်ဘူးလို့ အားလုံးက သုံးသပ်ထားကြတာပေါ့နော်။ လုပ်ငန်းက ပြန်လည်ပတ်ရင်တောင်မှ လည် ပတ်တဲ့နှုန်းက အင်မတန် နှေးနိုင်မယ်။ ခရီးသွားတွေ ဝင်ရောက်မှု နည်းနိုင်မယ်လို့ ယူဆတယ်ပေါ့နော်။ ဝင်လာမယ့် ခရီးသည် က နည်းနည်း ဟိုတယ်တွေက အများကြီးဆိုလည်း အခက်အခဲ ရှိနိုင်တယ်ပေါ့လေ။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး စီးပွားဖြစ်တဲ့ အထိ လည်ပတ်နိုင်ဖို့က အချိန်လိုသေးတယ်လို့ သုံးသပ်ကြတဲ့အတွက် ရောင်းချတာမျိုးတွေ ရှိတယ်။ ဆိုလိုတာက ခရီးသွား လုပ်ငန်းတွေ ပြန်ရရင်တောင်မှ ဧည့်သည်တွေ ရရင်တောင်မှ  အမြတ်မထွက်နိုင်ဘူးလို့ ယူဆတာပေါ့နော်”ဟု ပြောသည်။

လက်ရှိ လည်ပတ်နေသည့် ဟိုတယ်များသည် ဝန်ထမ်း အပြည့်အစုံဖြင့် လည်ပတ်နေကြခြင်း မဟုတ်ဘဲ အရေအတွက် အနည်းငယ်ဖြင့် လုပ်ငန်း လည်ပတ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

ဟိုတယ်ရောင်းချလာမှု အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် ခရီးသွား အများအပြား လည်ပတ်လေ့ရှိသည့် အင်းလေးဒေသရှိ ဟိုတယ် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

ပုံ-ရောင်းမည်ဟု ကြော်ငြာထားသည့် ညောင်ရွှေမြို့မှ ဟိုတယ်တစ်လုံးကိုတွေ့ရစဉ်။

Save The Inlay Lake ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ကိုညီညီထွန်းက “အင်းလေးမှာလည်း အခု ညောင်ရွှေမြို့ပေါ်မှာတော့ ရောင်းဖို့ ကြော်ငြာထားတဲ့ ဟိုတယ် တော်တော်များများတော့ ရှိတယ်။ တော်တော်များများ လုပ်ငန်းတွေ မလည်ပတ်နိုင် တော့ဘူးပေါ့နော်။ ပြီးရင် ရှေ့ဆက်လည်း အလားအလာက ဘယ်လောက်ကြာအုံးမလဲ မသိသေးဘူး။ ဒါကြောင့် တချို့ လုပ် ငန်းရှင်တွေကလည်း လုပ်ဖို့ထက် ရောင်းဖို့ကို ပိုအားသန်နေတာများတယ်”ဟု CNI သို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ပင်လယ် ကမ်းခြေဒေသများသို့ ခရီးသွားဝင်ရောက်မှု အများအပြား ရှိနေသော် လည်း ပင်လယ်ကမ်းခြေ မဟုတ်သည့် ပုဂံဒေသ၌ ခရီးသွား မရှိသလောက် နည်းပါးနေကြောင်း သိရသည်။

ဦးနောင်းနောင်းဟန်က “ကျန်တဲ့နေရာတွေက ခရီးသွား မဖွံ့ဖြိုးပဲနဲ့ ကမ်းခြေတွေက ခရီးသွား ဖွံ့ဖြိုးတဲ့အတွက်ပေါ့နော်၊ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကမ်းခြေဒေသက ပိတ်ထားတဲ့ တချို့ဟိုတယ်တွေကို လည်ပတ်ချင်တဲ့အတွက် စိတ်ဝင် စားပြီးတော့ ဝယ်ယူချင်တာ ရှိတယ်။ ဥပမာ ပုဂံမှာရှိတဲ့ ဟိုတယ်တွေက နိုင်ငံခြားသား ခရီးသွား မရှိတဲ့အတွက် ပိတ်ထားတာ များတယ်။ ဧည့်သည်တွေ မလာတော့ ရောင်းချချင်တာမျိုးတွေ ကြော်ငြာတာ ရှိတယ်။ ဒါကတော့ ဧည့်သည်တွေအပေါ်မှာ မူတည်ပြီးတော့ အခုဆိုလို့ရှိရင် ကမ်းခြေဒေသတွေက ဧည့်တွေက ဒီရက်တွေအတွင်းမှာ ပွင့်လင်းရာသီ ဖြစ်တဲ့အချိန်မှာ အပြည့်နီးပါး ပြန်ပြီးတော့ လက်ခံနေရတယ်လေ။ စီးပွားရေးလုပ်ငန်းတွေက ပြန်လည်ပတ်တယ်ပေါ့နော်။ တခြားဒေသ တွေ ကတော့ မလည်ပတ်ဘူး။ မလည်ပတ်သေးတဲ့ အခါကျတော့ ဒီလိုပဲ အရောင်းအဝယ် ရှိနေပါတယ်။ ကမ်းခြေ ဒေသတွေ ကျ တော့လည်း ကမ်းခြေဒေသ ဟိုတယ်တွေကို ဝယ်ချင်တဲ့သူတွေက ရှိနေတာ များတယ်ပေါ့လေ။ တချို့ကျတော့လည်း စီးပွားရေးလုပ်ငန်း ပြောင်းကြတာ ရှိတယ်”ဟု CNI သို့ ပြောသည်။

မြန်မာနိုင်ငံသည် တစ်နှစ်တာ ကာလအတွင်း တိုးတက်မှုနှင့် အလားအလာအရှိဆုံး နိုင်ငံများစာရင်း၌ မြန်မာနိုင်ငံ ပါဝင် ကြောင်း၊ တိုးတက်မှုအနေဖြင့် ၄၀ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင် ရောက်မှု မရှိသည့်အပြင် ပြည်တွင်း ခရီးသွားလုပ်ငန်းများမှာလည်း ၁၀ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။