၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

မူဆယ် ၁၀၅ မိုင်သို့ ၂၅ ရက်ကျော်ကြာ ရောက်ရှိနေသည့် ဖရဲများအား တရုတ်သို့ တင်ပို့ခွင့်မပြုကြောင်း မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

လက်ရှိတွင် တရုတ်သို့တင်ပို့နေသည်မှာ မိုးဖရဲများဖြစ်ကာ မိုးဖရဲသီး၏အရည်အသွေးသည် ၂၅ ရက်ကျော်ပါက ပုပ်မည့်အနေအထားဖြစ်သည်။
ထိုသို့အရည်အသွေးမရှိတော့သည့် အသီးများ တရုတ်သို့ ရောက်ရှိပါက ဈေးကွက်ပျက်သွားနိုင်သည့်အတွက် ကုန်စည်ဒိုင်မှ ကြီးကြပ်ပြီး လုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ ယခုကဲ့သို့ မတင်ပို့ရန် တားမြစ်ထားခြင်းဖြစ်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ ဦးအောင်သက်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ရည်ရွယ်ချက်ကတော့ နိုင်ငံခြားတင်ပို့တဲ့ပစ္စည်းက အရည်အသွေးလည်းရှိရမယ်။ ပြီးရင် ကျန်းမာရေးဆိုင်ရာ တခုခုဖြစ်လာရင်လည်း နောက်ဆုံး ဒီဘက် ပို့ကုန်လုပ်ငန်းရှင်တွေကို ထိခိုက်မှာလည်း စိုးတယ်ပေါ့။ နောက်ပြီး ဈေးကွက်အရ အရည်အသွေးမရှိတဲ့ အသီးတွေဝင်သွားရင် ဈေးကွက်လည်း ပျက်သွား နိုင်တယ်။ စားသုံးသူက အရည်အသွေးမရှိဘူးဆိုပြီး ဥပမာ ဗမာပြည်ကအသီးဗျာ။ အသီးကအမှည့်လွန်လာရင် အချဉ်ဓာတ်တွေပါလာမယ်။ စားလို့အဆင်မပြေဘူးဆို ဈေးကွက်တစ်ခုက အကောင်းရော အညံ့ရော ရောပြီး ပျက်သွားနိုင်တဲ့ အနေအထား ရှိလို့”ဟု ၎င်းက ပြောသည်။

ရက်ကြာမြင့်စွာရောက်ရှိနေသည့် ဖရဲကားများထဲမှ ကောင်းမွန်သည့်အသီးများအားရွေးတင်ကာ မကောင်းသည့် အသီးများအား မြန်မာဘက်တွင်သာ ချန်ထားခဲ့ကြောင်းနှင့် လက်ရှိတွင် မူဆယ် ၁၀၅ မိုင်သို့ ရောက်ရှိနေသည့် ဖရဲကားအစီး‌ရေမှာ ၁၀၀ ခန့်ရှိနေပြီး ထိုထဲတွင် ရောက်တာကြာပြီဖြစ်သည့် ကားအဟောင်းမှာ ၅၀ ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် အသစ်တက်လာသည့် ဖရဲကားများအတွက် ကောင်းမွန်သော်လည်း ၂၅ ရက် ကျော်ကြာ ရောက်နှင့်နေသည့် ဖရဲကုန်သည်များ၊ တောင်သူများအတွက် ဆုံးရှုံးမှုဖြစ်နိုင်ကြောင်း ဖရဲစိုက် တောင်သူ မနီလာက CNI သို့ပြောသည်။

“နည်းနည်းတော့အဆင်မပြေဘူးပေါ့။ အရှုံးပေါ်တယ်ပေါ့။ အဓိက အရည်အသွေးမရှိတော့ဘူးဆိုတော့ တော်တော် များများကတော့ ပြန်ရောင်းလို့လည်း သိပ်အဆင်မပြေတော့ဘူး။ အခု ကျမတို့တင်နေတဲ့အသီးတွေကျတော့ လုံးဝကို အရည်အသွေးကောင်းတဲ့ဟာပဲ ရွေးတင်တော့တယ်။ မကောင်းတဲ့ဟာဆို မတင်ရဲတော့ဘူး။ ကားခတွေ ရှုံးတယ်၊ ဂျက်ဖာခတွေရှုံးတယ်” ဟု မနီလာက ပြောသည်။

ယခင် ကာလတူအချိန်တွင် တရုတ်ဘက်သို့ တစ်နေ့လျှင် ဖရဲကားအစီးအရေမှာ ၂၀၀ ခန့် ဝင်ရောက်နေပြီး လက်ရှိတွင် တစ်ရက်ကို ဖရဲကား ၁၅ စီးခန့်သာ ဝင်ရောက်နိုင်သည့်အတွက် ဈေးကွက်သဘောအရ တရုတ် ဘက်တွင် ဖရဲဝယ်လိုအားမှာ များနေကြောင်းသိရသည်။

မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ ဦးအောင်သက်ဦးက “အဓိကကတော့ တင်ပို့တဲ့အခါမှာ အမှည့်လွန်သီး မတင်ပို့ ဖို့ပေါ့ မှာချင်တာပေါ့။ အမှည့်ဂိတ်ပြည့်လွန်သွားရင် အခင်းထဲက အမှည့်ဂိတ်ပြည့်သွားရင် လမ်းခရီးမှာ ၁၅ ရက် ရက်၂၀ ကြာနိုင်တော့ ဒီမှာက ဆုံးရှုံးနစ်နာမှုပိုများနိုင်တယ်ပေါ့။ အဓိကကတော့ အမှည့်လွန်သီးမတင်ပို့ဖို့ မှာချင် တာပေါ့။ အမှည့်နည်းနည်းများပြီဆိုရင် ပြည်တွင်းရောင်းသင့်လည်းရောင်း။ တကယ်လို့ ပြည်ပတင်ချင်တယ်ဆိုရင် အမှည့်မလွန်အောင်တော့ ဂရုစိုက်ရမှာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှဖရဲများအား တရုတ်ဘက်သို့ အစီး ၃၀ ခန့် ရောင်းချပြီးဖြစ်ကြောင်းနှင့် ထိုထဲတွင် အသီး အရည်အသွေးကြောင့် တန်ချိန်ဖြင့်မဟုတ်ဘဲ ကားစင်းလုံးပြတ်ဖြင့် ရောင်းချရမှုများလည်းရှိကြောင်းသိရသည်။