၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်လျက်ရှိသော နယ်စပ်ဂိတ်များကို ပိတ်ထားခြင်း ကြောင့် မက္ကဒေးမီးယား အစေ့အဆံများကို ပြည်ပသို့ မတင်ပို့နိုင်ဘဲ ဖြစ်နေကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယား အသင်းထံမှ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယားအစေ့အဆံကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လျက်ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် မတင်ပို့နိုင်သည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း မြန်မာနိင်ငံ မက္ကဒေးမီးယားအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက“အဓိက မက္ကဒေးမီးယားက တရုတ်ပို့ရတာ။ တရုတ်လိုင်းက ပိတ်ထားတော့ ဘာမှလုပ်မရ တောင်သူတွေ အကုန်လုံး လည်း။ အရောင်းအဝယ်ကို မရှိကြဘူး။ တောင်သူတွေ သူတို့လက်ထဲမှာ မနှစ်က အသီးတွေလည်း ဒီအတိုင်းပဲ။ နှစ်ရာသီ ရှိ သွားပြီ။ ခါတိုင်းကတော့ လမ်းပွင့်ရင် တရုတ်ကုန်သည်တွေ ပလူပျံနေတာပဲ။ တစ်တန်ကို သိန်း ၄၀ လောက် အနည်းဆုံး ရောင်းချရတာကိုး” ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယားကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ တရုတ်ဘက်က တရားဝင် တင်သွင်းခွင့် မပြုကြောင်း၊ ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး တရုတ်က ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် နယ်စပ်များပိတ်ထားခြင်းကြောင့် တင်ပို့ နိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင် မူဆယ်နယ်စပ်၌ မက္ကဒေးမီးယား တန်ချိန် ၅၀ နီးပါး ဂိုဒေါင်များအတွင်းမှာ ပိတ်မိနေ ကြောင်း သိရသည်။

ဦးဝင်းအောင်ကျော်က “ကုန်သည်ကလည်း ရသလောက် လိုချင်တာပေါ့။ ဝယ်ချင်ပေမယ့် သူတို့နိုင်ငံက မက္ကဒေးမီးယားကို တရားဝင် အသွင်းမခံဘူး။ ဦးတို့ အစိုးရကတော့ နယ်စပ်ပို့မယ် ဘာညာ လမ်းအစစ်ဆေး ကိုယ့်နိုင်ငံထဲ စစ်ဆေးရေး ဂိတ်တွေ ကတော့ အခက်အခဲမရှိအောင် ရှမ်းပြည်နယ် အစိုးရကနေပြီးတော့ ကူညီပေးတယ်။ ဒါပေမယ့် ဟိုဘက်နိုင်ငံက ဝင်ခွင့်မပေး တော့ တန် ၄/၅၀ လောက် တရုတ်နယ်စပ်မှာကို နှစ်ချီနေပြီ။ နယ်စပ်မှာ တန် ၄/၅/၆၀ ပိတ်မိနေတာ ကား နှစ်စီး၊ သုံးစီးစာ ပေါ့”ဟု CNI သို့ ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့အဆံများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေသော်လည်း ကိုဗစ်-၁၉ ကြောင့် မတင်ပို့နိုင်သည်မှာ ၂ နှစ်ရှိပြီဖြစ်ကြောင်း၊ ထို့နောက် ဂျပန်နှင့် ဥရောပဈေးကွက်သို့ နမူနာအနေဖြင့် တင်ပို့နေသော် လည်း အကြောင်းပြန်ကြားလာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ မက္ကဒေးမီးယား အသင်းထံမှ သိရသည်။

ဦးဝင်းအောင်ကျော်က “စိုက်ဧကကတော့ များတယ်။ အသီးထွက်နှုန်း ပမာဏက ရှိရဲ့သားနဲ့ ခိုင်မာတိကျတဲ့ နိုင်ငံခြားတင်ပို့မှု ဈေးကွက် တစ်ခုရယ်၊ နောက်တစ်ခုက ကိုယ့်ရဲ့ ထုတ်လုပ်မှု ရိတ်သိမ်းလွန် နည်းပညာ အဲဒါတွေ အားနည်းနေသေးတော့ နဂို ကတည်းကလည်း ဝယ်သူက တိတိကျကျ မရှိသေးတာ အကြောင်းအမျိုးမျိုးတွေကြောင့်ပေါ့ အဲလိုလေးတွေကြောင့်ပေါ့” ဟု CNI သို့ ပြောသည်။

မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် အပြင် ရှမ်းပြည့်နယ် ရွာငံ၊ ရပ်စောက်၊ နောင်ချို စသည့် ဒေသများတွင် စိုက်ဧက ၃ သိန်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ (၁)နှစ်လျှင် တန်ချိန် ၁၀၀၀၀(တစ်သောင်း)နီးပါး ထွက်ရှိကြောင်း မြန်မာ နိုင်ငံ မက္ကဒေးမီးယား အသင်းထံမှ သိရသည်။