၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၁
သိန်းပေါင်း လေးသောင်းခန့် အကုန်ကျခံလုပ်ဆောင်ထားသည့် ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသည့် ကညင်ချောင်းစီးပွားရေးဇုန်၏ လမ်းပိုင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် သေချာပြုပြင်ပေးဖို့လိုအပ်ကြောင်း ကုန်သည်များက ပြောသည်။
ကညင်ချောင်းစီးပွားရေးဇုန် လမ်းပိုင်းသည် မိုးရာသီရောက်ပါက ပျက်စီးပြီး ကုန်ကားများ သွား၍မရသော အခြေ အနေဖြစ်ကာ နိုဝင်ဘာလက အဆိုပါလမ်းအား ကျောက်ခင်းလမ်းအနေအထားဖြင့် ပြုပြင်ထားသော်လည်း ပွင့်လင်းရာသီအတွက်သာ အဆင်ပြေကြောင်းနှင့် လမ်းအား ရာသီမရွေး အသုံးပြု၍ရရန် သေချာပြုလုပ်ပေးစေ လိုကြောင်း ကုန်သည် ဦးကျော်ဝင်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ကုန်သည် ဦးကျော်ဝင်းထွန်းက “ကုန်ပစ္စည်းပို့ဖို့ကတော့ ဟိုဘက်နိုင်ငံရဲ့လိုအပ်ချက်နဲ့ နည်းသည် များသည်။ ကိုယ့်ဘက်က လမ်းတွေဘာတွေကောင်းလို့ ready ဖြစ်နေလို့ရှိရင် စည်းစနစ်တကျနဲ့ ဝုန်းဒိုင်းပြီး ကုန်ကားတွေ များများစားစားဖြတ်လာလို့ရအောင် ဘယ်ရာသီ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်ဆောင်လို့ရအောင် ကိုယ့်ဘက်က ready ဖြစ်နေလို့ရှိရင်တော့ အဆင်သင့်လုပ်ဆောင်လို့ရရင် ပိုကောင်းတာပေါ့။ မောင်တောကို လာမယ့်ကားက ကညင်ချောင်းမှာ လမ်းပျက်နေလို့ လာမရဆိုရင် ကုန်စည်တွေက ကျနော်တို့ဆီမရောက်ဘဲ စစ်တွေကနေ သွားကြ တာတွေရှိတာပေါ့။ အဲဒါဆိုရင် ကျနော်တို့ဒေသအတွက် ကုန်စည်စီးဆင်းမှုတွေနည်းသွားတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေမှာလည်း နည်းပါးသွားတာပေါ့” ဟု ပြောသည်။
မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကုန်သွယ်ရေးစခန်း နှစ်ခုရှိပြီး အမှတ် (၁) အဝင်အထွက်စခန်း POE နှင့် ကညင်ချောင်းစီးပွားရေးဇုန်တို့ ဖြစ်သည်။
ကညင်ချောင်းစီးပွားရေးဇုန် လမ်းပိုင်းမကောင်းခြင်းသည် ကုန်ကားများ သွားလာ၍ မရသည့်အတွက် ကုန်သည် များအတွက် ထိခိုက်မှုဖြစ်စေကြောင်း ကုန်သည် ဦးသန်းနိုင်က CNI သို့ ပြောသည်။
“ကုန်သည်မှုကို ထိခိုက်တာတော့ အများကြီးဗျ။ ကားတစ်စီးက ဟိုဟာထဲမှာ သွားလို့ မရရင်လေ ဒန်းထရပ် အသေးလေးတွေနဲ့တင်ပေးလိုက်ရတာ။ ဟိုမှာအလုပ်သမားတွေက နှစ်ဆင့်လောက် သုံးရတော့ ကုန်သည် တွေမှာနစ်နာတာပေါ့။ ထပ်ပြီးတော့ အပိုဆောင်းတွေ ကုန်သွားတာပေါ့။ ခြောက်ဘီးကားတစ်စီးကို နောက်ထပ် သုံးသိန်းလောက် ထပ်ကုန်တယ်။ အဲလိုအခက်အခဲတွေရှိတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် ကညင်ချောင်းစီးပွားရေးဇုန်မှ တစ်ရက်ကို ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်ခန့် ကုန်သွယ်မှုရှိကြောင်း သိရသည်။
ကညင်ချောင်း စီးပွားရေးဇုန်အား ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် ပြည်နယ်အစိုးရ အဖွဲ့နှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကာ အကောင်အထည်ဖော် လုပ်ဆောင်ထားခြင်းဖြစ်သည်။
အစိုးရမှ ငွေကျပ်သိန်းပေါင်း ၂၅၀၀၀(နှစ်သောင်းခွဲ) နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ် သိန်းပေါင်း ၁၃၄၀၀ (တစ်သောင်းသုံးထောင့်လေးရာ) စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၈၄၀၀ (သုံးသောင်း ရှစ်ထောင့်လေးရာ) အကုန်ကျခံလုပ်ဆောင်ထားခြင်းဖြစ်သည်။