၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂  

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့ကို ယခု ဒီဇင်ဘာ ၂၃ ရက်နေ့မှ  စတင်ကာ တစ်ပတ်လျှင်တစ်ကြိမ်ခန့် အစိုးရပိုင် ဇက်ရေယာဉ်ဖြင့် ရေကြောင်းခရီးစဉ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်-ပလက်ဝခရီးသွားလာမည်ဆိုပါက အသွားအပြန်ခရီးစရိတ်မှာ ပုံမှန်အားဖြင့် ငွေကျပ် ငါးသောင်း နီးပါး ကုန်ကျမည်ဖြစ်သဖြင့် ကုန်ကျစရိတ်သက်သာစေရန် ယခုလို ရေကြောင်းခရီးစဉ် ပြေးဆွဲပေးခြင်း ဖြစ် ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဉီးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။

“ပွင့်လင်းရာသီဖြစ်တဲ့အတွက် သင်္ဘောတွေနဲ့ ပြည်သူအကျိုးပြုလုပ်ငန်း ဘာလုပ်ရင်ကောင်းမလဲလို့ စဉ်းစားတဲ့ အခါမှာ ပြည်တွင်းရေကြောင်းကလည်း ပြည်နယ်အစိုးရက ခွင့်ပြုမယ်ဆိုရင်တော့ ကျောက်တော် - ပလက်ဝကို ပြေးဆွဲချင်တယ်။ သူတို့က လူတစ်ယောက်ကို ၁၈၀၀ ကျပ်ပဲယူမယ်လို့ ကျနော်တို့ကိုပြောပါတယ်။ ယခု စက်လှေ တွေနဲ့သွားနေရတာတွေရှိတယ်။ အဲ့ဒီစက်လှေတွေက လူတစ်ယောက်ကို ၃၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ အမျိုးမျိုးရှိတယ်ပေါ့နော်။ ပလက်ဝဒေသက ထွက်ကုန်တွေကို ကျောက်တော်ကို ပို့ကြတာလည်း ရှိပါတယ်။ အဲ့သလိုပဲကျောက်တော်ကလည်း ပလက်ဝကို ကျနော်တို့ဒေသကနေထွက်တဲ့ ကြက်သွန်တို့လိုမျိုးကို ပို့ကြ တာတွေလည်း ရှိပါတယ်။ ဒီဒေသတစ်ကြောမှာ အစိုးရကနေတာဝန်ယူပြေးဆွဲမယ်၊ ဈေးကလည်း သက်သာမယ် ဆိုတော့ ဒီ ဒေသကလူတွေကို အကျိုးပြုဖို့ သပ်သပ်နဲ့ ပြေးဆွဲခြင်း ဖြစ်ပါတယ်ခင်ဗျ” ဟုပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ပြေးဆွဲမည့်ခရီးစဉ်ကို တစ်ပတ်လျှင် တစ်ရက်သာ ပြေးဆွဲမှာဖြစ်ပြီး ကြသပတေးနေ့ တွင် ယင်းဇက်ရေယာဉ်သည် ကျောက်တော်မြို့မှ ထွက်ခွာပြီး သောကြာနေ့တွင် ပလက်ဝမြို့မှ ပြန်လည် ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော်နှင့် ပလက်ဝရေလမ်းကြောင်းခရီးစဉ်တွင် ယခင်က လက်မှတ်များကို မှောင်ခို ဈေးကွက်ဖြင့် ရောင်းဝယ်ကြမှုများရှိသည့်အတွက် ယခုအခါ လက်မှတ်ခများကို အစိုးရအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးစေလိုကြောင်း ပလက်ဝဒေသခံများက ပြောသည်။

ချင်းပြည်နယ် ကုန်သည်ကြီးများအသင်း ဘဏ္ဍာရေးမှူးဖြစ်သူ ဦးခင်အောင်က တစ်ပတ်လျှင် တစ်ရက်သာ သင်္ဘောပြေးဆွဲမည်ဖြစ်သဖြင့် လိုက်ပါမည့် ခရီးသည်များပြားမည်ဖြစ်ကြောင်းနှင့် ကုန်စည်များ ပါဝင်သည့် အတွက် နှစ်ထပ်သင်္ဘောဖြင့် ပြေးဆွဲပေးမည်ဆိုပါက ပို၍ အဆင်ပြေနိုင်ကြောင်း CNI  သို့ ပြောဆိုသည်။

“အတတ်နိုင်ဆုံး သက်သက်သာသာနဲ့လက်မှတ်ကို မှောင်ခိုဈေးတွေမဟုတ်ဘဲနဲ့ လွယ်လွယ်ကူကူ ရနိုင်အောင် လုပ်ပေးစေချင်ပါတယ်။ ဈေးနှုန်းကိုလည်း အစိုးရကနေ အကောင်းဆုံး၊ အတတ်နိုင်ဆုံး လျော့ချပြီးမှ လွယ်လွယ် ကူကူရနိုင်အောင် လုပ်ပေးစေချင်ပါတယ်။ နှစ်ထပ်ရေယာဉ်ဆိုရင်တော့ အဆင်ပြေမယ်ခင်ဗျာ။ တစ်ထပ်ရေယာဉ် ဆိုရင်တော့ အဆင်မပြေဘူးခင်ဗျ ၊ ဘာလို့လဲဆိုတော့ လူကအရမ်းများတာကိုး။ သင်္ဘောကအကြီးရှိတယ် အသေး ရှိတယ်၊သူတို့က အသေးနဲ့ဆိုအဆင်မပြေဘူးခင်ဗျ။ လူကတစ်ပတ်တစ်ကြိမ်ဆိုရင် အရမ်းများတယ်လေ။ ကျနော်တို့က တစ်ရက်ကို အရင်တုန်းက စက်လှေနဲ့ သွားတာတောင်မှ ကြပ်သိပ်နေတာ။ အခု ဒီလမ်းကြောင်းကို လာတဲ့ သင်္ဘောက အသေးဆိုရင် အဆင်မပြေလောက်ဘူးခင်ဗျ။ ကုန်စည်ရော တင်ရမယ်ဆိုတော့ လုံးဝကို အဆင်မပြေဘူးခင်ဗျာ။ ဒါပေမယ့် အရင်ကထက်တော့သက်သာသွားမှာပေါ့။ ယာဉ်စီးခသက်သာတယ်လေ” ဦးခင်အောင်က ပြောသည်။

ကျောက်တော်နှင့် ပလက်ဝ ရေလမ်းကြောင်း ခရီးစဉ်ကို ပြန်လည်ဖွင့်ပေးလိုက်ခြင်းကြောင့် ပလက်ဝတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်နေမှုကို အထိုက်အလျောက် သက်သာစေနိုင်ကြောင်း ဦးခင်အောင်က ဆက်ပြောသည်။

အဆိုပါ ရေကြောင်းခရီးစဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံချက် များ ယူဆောင်လာရမည်ဖြစ်ကြောင်း ကြားသိရသည်ဟု ပလက်ဝဒေသခံများက ပြောသည်။

ယခင်က ကျောက်တော် - ပလက်ဝ ရေလမ်းကြောင်း ခရီးသွားလာသူများကို တပ်မတော်က မကြာခဏ စစ်ဆေးမှုများ ရှိခဲ့ကာ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ကုန်သွယ်မှုပြုလုပ် နေသည့် ရေလမ်းကြောင်းများကို အောက်တိုဘာလ ၁၄ ရက်မှ စတင်ပြီး စစ်ရေးတင်းမာမှု အခြေအနေများ ကြောင့် တပ်စွဲထားသည့် တပ်မတော်ဘက်မှ ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသခံများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်အပါအဝင် စားသောက်ကုန်ပစ္စည်းများကို အဓိက လာရောက်ဝယ်ယူကြသည်။