၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွားအနီးရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုတွင် ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လူ ၇၀ ခန့် ပျောက်ဆုံးနေသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
လုံးခင်းဒေသခံ ကိုကျော်အောင်(နာမည်လွဲ)က “မြေစာပုံ ကမ်းပါးပြိုတာပေါ့လေ။ လူ ၇၀ လောက် ခန့်မှန်းပဲ ပြောနေကြတာ။ လူ ၇၀ ကျော် လောက်ပါတယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။
အဆိုပါ မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးသမားများနှင့် ကျောက် အရောင်းအဝယ်သမားများ ပါဝင်သွားကြောင်း၊ ထိုအထဲမှ ရေမဆေးသမား အများစု ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
ဖားကန့်ဒေသခံ မနော်လီဇာ(အမည်လွဲ)က “ဟုတ်ကဲ့ မှော်စီစာ၊ လုံးခင်းအပိုင်ပေါ့နော်၊ မှော်စီစာဘက်မှာ ဖြစ်တာ။ ၄ နာရီ၊ မနက် အစောကြီးပေါ့နော်။ အသေအပျောက် စာရင်း အတိအကျ မသိရသေးဘူး”ဟု CNI သို့ ပြောသည်။
ပုံ- ဖားကန့်ဒေသ ကျောက်တူးဖော်ရေးလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်။(AP)
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်ကလည်း ဖားကန့်မြို့နယ် မနမှော်တွင် မြေစာပုံ ပြိုကျခဲ့ခြင်းကြောင့် ရေမဆေးသမား ၃၀ ဦး ထက်မနည်း ပျောက်ဆုံးခဲ့သေးသည်။
လုံးခင်းဒေသခံ ကိုကျော်အောင်(နာမည်လွဲ)က “မြေစာပြိုနေတဲ့ ရာဇာဝင်ကတော့ လူသတ်လက်နက်ကြီး ထောင်ထားသလို ပေါ့။ ကုမ္ပဏီတွေ အလုပ်လုပ်တာက၊ ဘာလို့လဲဆိုတော့ ကျင်းတွေက နက်တယ်၊ ကမ်းပါးတွေက မြင့်တယ်၊ ဒါကိုလည်း အစိုးရ အဆက်ဆက်က မထိန်းကျောင်းနိုင် ဘူး။ ဆိုလိုတာက ကျင်းတွေက ဘယ်လိုပုံစံ လုပ်ကြမယ်၊ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ကြမယ် ဆိုတာမျိုးတွေက ဒီဥပဒေတွေထဲမှာရော၊ ကျောက်မျက် ဥပဒေထဲမှာရော တိတိကျကျ ညွှန်ကြားထား တာ မရှိဘူးပေါ့ဗျာ။ သူများနိုင်ငံမှာတော့ ကျင်းကို ဘယ်လိုတူးရမယ်၊ ပြီးရင် ဘယ်လိုပြန်ဖို့ ရမယ်ဆိုတဲ့ဟာတွေက သူများက အဲလိုလာတာလေ။ ကျင်းဒီဇိုင်းပေါ့ဗျာ၊ အဲတာတွေက ရှိတယ်။ ကျနော်တို့ နိုင်ငံတွေက ရှိမှ မရှိတာ”ဟု CNI သို့ ပြောသည်။ ပြောသည်။
လက်ရှိ ဖားကန့်ဒေသတွင် ကျောက်တူးဖော်ရာမှာ စနစ်တကျ တူးဖော်ခြင်းမရှိခြင်းကြောင့် ကျေးရွာများအတွင်း သောက်ရေ တွင်း ခမ်းခြောက်မ၍များ ကြုံတွေ့နေကြရသလို မြေစာပုံပြိုကျမှုများနှင့် လူသေဆုံးမှုများလည်း ကြုံတွေ့နေရကြောင်း ဒေသ ခံများက ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်းက ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂၀၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့ သည်။